ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မနေ့ကတော့ ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့အမိန့်ထုက်ပြန်ခဲ့ပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြောင်းတွေ့ရပါတယ်။ ဒီကြားထဲမှာ ထုံးစံအတိုင်းပေါ့ ပြည်ဖျက်မီဒီယာတွေ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီအပေါ်မှာ အဆိုးမြင်ဝါဒနဲ့ ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပျက်ပြားအောင် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေ တစ်နည်းအားဖြင့် အမျိုးသားစစ်မှုထမ်းစနစ် (National Sevice) နှင့် ပတ်သက်ပြီး  ပြည်သူလူထု ပိုမိုသိရှိနိုင်စေဖို့ ပြောပြလိုပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံကို ချစ်ကြပါတယ်။ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်ကြပါတယ်။ သူများနိုင်ငံတွေထက် မိမိနိုင်ငံကို သာစေချင်တယ်။ ဒါက နိုင်ငံချစ်စိတ်ပါ၊ ကောင်းပါတယ်။ ဒါဆိုရင်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုရင် ဘာလိုသလဲ၊ အဓိက အခြေခံအကျဆုံးလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးပါ။ တည်ငြိမ်အေးချမ်းမှပဲ ကောင်းစွာစီးပွားရှာလို့ရမယ်၊ တည်ငြိမ်အေးချမ်းမှလည်း ကောင်းစွာသွားလာလို့ရမယ်၊ နေထိုင်လို့ရမယ်၊ တိုးတက်အောင် လုပ်လို့ရမယ်၊ တည်ငြိမ်အေးချမ်းဖို့ ဘာလိုသလဲ၊ ပြည်သူတွေ ဘဝလုံခြုံဖို့လိုပါတယ်၊ လုံခြုံရေး၊ ကာကွယ်ရေးအင်အား ကောင်းဖို့လိုပါတယ်၊ နိုင်ငံတစ်ခုမှာ ရိုသေခံ့ညားလောက်တဲ့ လုံခြုံရေးအင်အား၊ ကာကွယ်ရေးအင်အားမရှိဘဲနဲ့ ခိုင်မာတဲ့ တည်ငြိမ်အေးချမ်းမှုဆိုတာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့လို လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း သောင်းကျန်းမှုနဲ့ ကြုံလာတဲ့နိုင်ငံမှာဆိုရင် ဒီကိစ္စက ပိုပြီးလိုတာပေါ့။ ရိုသေခံ့ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကား၊ လုံခြုံရေး စွမ်းပကားရှိဖို့ တပ်မတော်တစ်ရပ်ထဲမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံကိုချစ်တဲ့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီနေ့ကမ္ဘာကို ပြန်ကြည့်ရအောင် ကမ္ဘာမှာ Globalization နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ယခင်ကတော့ ပြည်တွင်းရေး၊ အိမ်တွင်းရေးလို့ထင်ရတဲ့ ကိစ္စတွေတောင်မှပဲ သတင်းခေတ် Information age ရိုက်ခတ်မှုကြောင့် ကမ္ဘာ့အရေး၊ ဒေသအရေးသဖွယ် ဖြစ်လာတာတွေ တွေ့ရပါတယ်။ ကျွန်တော်တို့ နေ့စဉ်ထိတွေ့ကိုင်တွယ်ရတဲ့ အင်တာနက်စာမျက်နှာတွေ၊ ရုပ်မြင်သံကြားစက်တွေ၊ လူမှုကွန်ရက် စာမျက်နှာတွေ ကနေတစ်ဆင့် ကမ္ဘာ့ပုံရိပ်တွေကို ကျွန်တော်တို့ အချိန်နဲ့တစ်ပြေးညီ တွေ့မြင်နေရပါတယ်။ ကမ္ဘာမှာ ငြိမ်းချမ်းရေး၊ လက်နက်ဖျက်သိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးစတဲ့စတဲ့ နှစ်သက်သဘောကျဖွယ်ကောင်းတဲ့ ဟန်ရေးပြမှုတွေ တွေ့နေတော့လည်း ယနေ့သတင်းခေတ်ရဲ့ အကျိုးကျေးဇူးကြောင့် သေချာပြန်လည် ဆန်းစစ်ကြည့်မယ်ဆိုရင် ဒေသအနှံ့မှာဖြစ်နေတဲ့ မငြိမ်မသက်မှုတွေ၊ အင်အားကြီးနိုင်ငံအချို့ရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အကြမ်းဖက်နှိမ်နင်းရေး အကြောင်းပြပြီး ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေ၊ သူတို့မနှစ်သက်တဲ့ အစိုးရတွေအုပ်ချုပ်နေတဲ့ နိုင်ငံတွေအပေါ်မှာ နည်းမျိုးစုံသုံး ပိတ်ဆို့မှုတွေ၊ proxy war ကိုယ်စားစစ်ပွဲဆင်နွှဲမှုတွေ၊ လက်နက်ခဲယမ်းအသစ်ထုတ်လုပ် စစ်အင်အား တိုးချဲ့နေမှုတွေက မမြင်ချင်အဆုံးပါပဲ။ ဒီလိုလှုပ်ခတ်နေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံ အများစုက မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကြိုးစားတည်ဆောက် နေရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ ကမ္ဘာ့နိုင်ငံ အများစုအနေနဲ့ ကိုယ့်နိုင်ငံကို ကမ္ဘာနဲ့အညီ ခေတ်နဲ့အမီ ဖွံ့ဖြိုးတိုးတက် ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေရသလို နိုင်ငံကြီးတွေရဲ့ ခေတ်သစ် ကိုလိုနီဝါဒနဲ့ မိမိတို့နိုင်ငံအပေါ်၊ မိမိတို့ရဲ့အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးအပေါ် ထိပါးလာမှုတွေ၊ ထိုးဖောက်လာမှုတွေနဲ့ လွှမ်းမိုးနေမှုတွေအပေါ် အစွမ်းကုန်ကြိုးစား ကာကွယ်နေရတာကို တွေ့ရပါလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ နိုင်ငံအများစုမှာ နည်းပညာ မြင့်မားတဲ့လက်နက်တွေ၊ စစ်သုံးကိရိယာ ပြည့်စုံစွာ ကိုင်တွယ်နိုင်တဲ့ တပ်မတော်နဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အကန့်အသတ်ဖြင့်သာရှိနိုင်တဲ့အတွက် နိုင်ငံတော်ကိုကာကွယ်ဖို့ နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင် ကာကွယ်ရန် လိုအပ်လာတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတော်မှာရှိတဲ့ နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းကတော့ အမျိုးသားစစ်မှုထမ်းစနစ် National Service ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စီးပွားရေးနဲ့ နိုင်ငံတော်လုံခြုံရေးတွေကို ဘက်ညီမျှစွာ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဆောင်ရွက်ရတဲ့လုပ်ငန်းလည်း ဖြစ်ပါတယ်။ နိုင်ငံတော်စစ်မှုထမ်းစနစ်ဆိုတာက ရေတိုဆောင်ရွက်ရတဲ့ လုပ်ငန်းမဟုတ်ဘဲ ရေရှည်တစိုက် မတ်မတ်ဆောင်ရွက်ရတဲ့ စီမံချက် (Long Term Plan) ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ၊ တပ်မတော်ရဲ့ မြင့်မားတဲ့စွမ်းဆောင်နိုင်မှု၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အသိဉာဏ်ပညာ မြင့်မားမှုတွေနဲ့ ကာကွယ်ရေးပညာဗဟုသုတ ကြွယ်ဝမှု၊ ကာကွယ်ရေးပညာ တတ်ကျွမ်းမှုတို့ ပေါင်းစပ်ပြီးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘာကြောင့် ဒီပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံး နေရသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အခြေအနေ၊ ပထဝီ နိုင်ငံရေးအနေအထားအရ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထားနဲ့ ပြောရင် အချက်အချာကျတယ်။ အရေးပါတယ်ဆိုပြီး ပြောကြပါတယ်။ အဲဒီအတွက် အချက်အချာကျတယ်၊ အရေးပါတယ် ဆိုတဲ့အတွက် အခွင့်အရေးတွေ (Opportunity) ရှိသလို ခြိမ်းခြောက်မှု (Threat) တွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ ကာကွယ်နိုင်ဖို့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဖို့လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့နိုင်ငံတွေမှာ ကမ္ဘာမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် စီးပွားရေး အင်အားကို တည်ဆောက်ရတဲ့အပြင် မိမိအင်အားကို လေးစားခံ့ညားဖို့အတွက် ကာကွယ်ရေးအင်အားကိုလည်း တည်ဆောက်ရပါတယ်။ ဒါတွေကို တည်ဆောက်တဲ့နေရာမှာ နိုင်ငံရဲ့စီးပွားရေးစွမ်းအား (Economic Might)၊ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းအား(Military Might) ဘက်ညီမျှတပြီး ခြိုးခြံချွေတာနိုင်ဖို့အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်တည်ဆောက်ဖို့ လိုပါတယ်။ ဒါတွေကို ကျင့်သုံးခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ ကာကွယ်ရေးစွမ်းပကား အသင့်ဖြစ်မှုတွေ၊ စစ်ဘက်/အရပ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန်မှုတွေ၊ စစ်ဘက်ကို အရပ်ဘက်က နားလည်နိုင်စွမ်း၊ အရပ်ဘက်ကို စစ်ဘက်က နားလည်နိုင်စွမ်း ပိုမိုမြင့်မား တိုးတက်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လက်ရှိအခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလိုလုပ်ဆောင်ရတာက ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်တာပဲဖြစ်တယ်။ ဒီစစ်မှန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ဖြစ်ဖို့အတွက် ပထမဦးဆုံးလိုအပ်တဲ့ အခြေခံအုတ်မြစ်က သိက္ခာရှိတဲ့အထွေထွေ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့လည်း အမြဲတမ်းအာမခံထားတာဖြစ်တယ်။ ကျွန်တော်တို့ စတင်တာဝန်ယူစဉ် ကတည်းကနေ အခုချိန်အထိ ကျွန်တော်တို့ရဲ့ ရှေးလုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေမှာ အမြဲတမ်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ဆိုတာ အာမခံထားပြီးဖြစ်တယ်။ ရည်ရွယ်ဆောင်ရွက်ပြီး ဖြစ်တယ်။ ဒီလို ရွေးကောက်ပွဲလုပ်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ ဒီတည်ငြိမ်အေးချမ်းမှုကို ကျွန်တော်တို့ တည်ဆောက်ရပါမယ်။ တည်ဆောက်ရာမှာလည်း နိုင်ငံသားအားလုံး ပါဝင်တည်ဆောက်မှ ဖြစ်မှာဖြစ်ပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူတွေ၊ အခြားအကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ ဘယ်လိုပဲနာမည်ကောင်းတွေနဲ့ ဟစ်ကြွေးနေပါစေ သူတို့လိုချင်တာက စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ်ဓားတစ်စင်း ဝါဒကို ကျင့်သုံးချင်နေတာပဲဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒါတွေကိုမြင်နေ ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတိုင်း ဒီမိုကရေစီအခွင့်အရေးကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံသားတိုင်း၊ နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားတိုင်းက ကာကွယ်နိုင်ဖို့ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပေးရေး၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပေးရေး အင်တိုက်အားတိုက် တောင်းဆိုနေတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီပြည်သူ့စစ်အဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေထက်ပိုပြီး ဥပဒေနဲ့ညီညွတ်တဲ့၊ ပိုပြီးစနစ်ကျတဲ့ ဒီပြည်သူ့စစ်မှုထမ်းစနစ်ကို ကျွန်တော်တို့ပြဋ္ဌာန်းရခြင်း၊ တည်ဆောက်ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် နံပါတ် (၁) အနေနဲ့ ရိုသေခံ့ညားလောက်တဲ့ ကာကွယ်ရေးစွမ်းအားနဲ့ နိုင်ငံတော်ကို ကာကွယ်နိုင်ရေးအတွက် ဒီပြည်သူ့စစ်မှုထမ်းစနစ်မှာ နိုင်ငံသားအားလုံး ပါဝင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ နံပါတ် (၂) အချက်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကို နိုင်ငံသားအားလုံး ပါဝင်တည်ဆောက်ကြဖို့လိုပါတယ်။ နံပါတ်(၃) အနေနဲ့ ပြည်သူလိုလားတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့၊ စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ်ဓားတစ်စင်း အကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့ ပြည်သူအားလုံး ပြည်သူ့စစ်မှုထမ်းစနစ်ကို အားပေးထောက်ခံ ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ တိုက်တွန်းလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။