ပြည်သူ့စာကြည့်တိုက် (သို့) ကွန်မြူနတီစာကြည့်တိုက်

၂၅  ဇန်နဝါရီ

ငယ်ငယ်က ဖတ်စရာစာအုပ်တွေများသည်။ ကလေးဘဝက ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စာစောင် များဖတ်ပြီး စာဖတ်ဝါသနာပါလာသည်။ လူလတ်ပိုင်း ရောက်တော့ ဝတ္ထုစာအုပ်များ ငှားဖတ်တတ်လာပြီ။ ထိုအချိန်ကရပ်ကွက်တိုင်းတွင် စာအုပ်အငှားဆိုင်များရှိသည်။ အနည်းဆုံး တစ်ရက်တစ်အုပ်လောက်ငှားပြီး ဖတ်ခဲ့သည်။ ရပ်ကွက်အငှားဆိုင်များမှာ လွတ်လပ်သည်။ စာအုပ်ကို စိတ်ကြိုက်မြည်းပြီးမှ နှစ်သက်ရာစာအုပ်ကို ငှားနိုင်သည်။ လူလတ်ပိုင်း စာဖတ်အားကောင်းလာချိန်တွင် ပထမဆုံး စာကြည့်တိုက်နှင့် ထိတွေ့ခဲ့ရဖူးသည်။ မြန်မာ့ အလင်း ဝန်ထမ်းသက်သာချောင်ချိရေး စာကြည့်တိုက် ဖြစ်သည်။ ထိုအချိန်က ဝန်ထမ်းသက်သာချောင်ချိရေး ဆိုသည်မှာ ခေတ်စားသည်။ ဦးလေးက မြန်မာ့အလင်းသတင်း စာတိုက်ဝန်ထမ်းဖြစ်သည်။ သူငှားရမ်းလာသောစာအုပ်များ ယူဖတ်ရင်း စာကြည့်တိုက်နှင့် ရင်းနှီးလာသည်။ ထိုစဉ်က ရှားပါးစာအုပ်များကို သူ့ထံမှတစ်ဆင့်ငှားရမ်း ဖတ်ရှုရင်း စာကြည့်တိုက်ဆိုသည်ကို စတင်သိကျွမ်းခဲ့ရ သည်။

တက္ကသိုလ်ကျောင်းသားဘဝတွင်  ရာမာကရစ်ရှနာ စာကြည့်တိုက်၊ စာပေဗိမာန်စာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ မိခင် တက္ကသိုလ်စာကြည့်တိုက်များသို့ ဘွဲ့ယူစာတမ်း ကိစ္စနှင့်ပတ်သက်ပြီး ဝင်၊ ထွက်ငှားရမ်းဖတ်ရှုခဲ့ရသည်။ စာကြည့်တိုက်များနှင့် ပိုမိုရင်းနှီးလာသကဲ့သို့ စာကြည့် တိုက်များ၏ အကျိုးကျေးဇူးကို ပို၍သိရှိလာရသည်။ သို့သော် အဆိုပါစာကြည့်တိုက်များမှာ ထိုစဉ်က အပိတ် စာအုပ်စင်စနစ်ဖြင့် ငှားရမ်းသောစာကြည့်တိုက်များ ဖြစ်သည်။ စာအုပ်ကို ကက်တလောက်တွင်ရှာ၊ စာကြည့် တိုက်ဝန်ထမ်းများက စာအုပ်ရှာဖွေပေးပြီးမှ ငှားရမ်းရသောစနစ် ဖြစ်သည်။ ထိုစဉ်က စာအုပ်များကို စိတ်ကြိုက် ရှာဖွေ  မြည်းစမ်းဖတ်ရှုရသော စာကြည့်တိုက်များကို မှန်းဆမိခဲ့သည်။

လုပ်ငန်းခွင်သို့ဝင်ရောက်သောအခါ စာကြည့်တိုက်များကို ပို၍လေ့လာနိုင်သော အခွင့်အရေးတစ်ရပ် ရရှိခဲ့ပါသည်။ တိုးတက်သောနိုင်ငံကြီးတစ်ခုဖြစ်သော ဂျပန်နိုင်ငံတွင် စာကြည့်တိုက်နှင့်ပတ်သက်သော အကြောင်းအရာများကို သွားရောက်လေ့လာခွင့်ရခဲ့ပါသည်။ တစ်ချိန်ကလေ့လာခဲ့ဖူးသော ဂျပန်နိုင်ငံမှ ကွန်မြူနတီစာကြည့်တိုက် များအကြောင်းကို တင်ပြလိုပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင်လည်း ခေတ်ကို မျက်ခြည် မပြတ်စေရန်နှင့် ဗဟုသုတတိုးပွားစေရန်၊  စာဖတ် အားကောင်းလာစေရန်၊ စာကြည့်တိုက်များကို  အများ ပြည်သူ လွယ်လင့်တကူ အသုံးပြုနိုင်စေရန်အတွက် စီစဉ် ဆောင်ရွက်နေပါသည်။ ယင်းသို့ဆောင်ရွက်လာရာတွင် ပြည်သူလူထုနှင့် လက်လှမ်းအမီဆုံး၊ လူထုကိုဦးတည်၍ ဝန်ဆောင်မှုပေးနိုင်သော ပြည်သူ့စာကြည့်တိုက်များကို ဦးစားပေးဖွင့်လှစ်ရန် လိုပါသည်။ ပြည်သူ့စာကြည့်တိုက် များများဖွင့်နိုင်လေလေ၊ စာဖတ်ရှိန်မြင့်လာလေလေ၊ ပြည်သူလူထု၏ အသိဉာဏ်ပညာ တိုးတက်မြင့်မားလာလေလေ ဖြစ်ပါသည်။

ပြည်သူလူထုကို ဦးတည်၍ ဝန်ဆောင်မှုပေးနိုင်သော ပြည်သူ့စာကြည့်တိုက် (သို့) ကွန်မြူနတီစာကြည့်တိုက်များ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များတွင် အများအပြားဖွင့်လှစ်ပေးနိုင်ရန်လိုအပ်ပါသည်။ ထိုကွန်မြူနတီစာကြည့်တိုက် များသည် အသက်အရွယ်ကိုလိုက်၍ ဝန်ဆောင်မှုပေးသော စာကြည့်တိုက်များ ဖြစ်သည်။

 

142284942_3639113566181504_4191588622516841722_o

 

ပြည်သူ့စာကြည့်တိုက် (သို့) ကွန်မြူနတီစာကြည့်တိုက်ဆိုသည်မှာ-

ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ မြို့နယ်စုအတွင်းရှိ အများပြည်သူ ဖတ်ရှုနိုင်ရန် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ထုတ်စာအုပ်မျိုးစုံ၊ မဂ္ဂဇင်းမျိုးစုံ၊ သုတ၊ ရသစာအုပ် မျိုးစုံ၊ ဝတ္ထုရှည်၊ တို၊ ကဗျာစာအုပ်များကို စုဆောင်း သိမ်းဆည်းထားရှိသော အဆောက်အအုံ ဖြစ်သည်။  ကွန်မြူနတီစာကြည့်တိုက်များသည် ထိုရပ်ရွာ၏ ယဉ်ကျေးမှု စင်တာတစ်ခုအသွင်လည်းဆောင်ပါသည်။ ပြပွဲငယ်များ၊ နှီးနှောဖလှယ်ပွဲလေးများ၊ စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ဂီတနှင့်ပတ်သက်သော ဖျော်ဖြေပွဲငယ်များ၊ ရုပ်ရှင် ဇာတ်လမ်းတိုများကို  ရပ်ရွာနေ လူထု၊ အထူးသဖြင့် လူငယ်နှင့် ကလေးငယ်များအတွက် ရည်ရွယ်ပြုလုပ်ပေးသော နေရာတစ်ခုလည်း ဖြစ်ပါသည်။

ထို့အပြင်   စာကြည့်တိုက်ဝန်ထမ်းများအနေဖြင့် စာငှားဖတ်သူများအား လိုအပ်သောအရာများကို ရှင်းပြပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းများသည် ကွန်မြူနတီစာကြည့်တိုက်များ၏ အားသာချက် ဖြစ်ပါသည်။

ကွန်မြူနတီစာကြည့်တိုက်၏ ဝန်ဆောင်မှုကို ပြောပြလိုပါသည်။ ပြည်သူ့စာကြည့်တိုက်များမှာ နည်းနည်းနှင့် ကျဲကျဲဝိုင်းရသောစာကြည့်တိုက်များ ဖြစ်သည်။ တော်သင့် ရုံကျယ်ဝန်းသော အဆောက်အအုံများတွင် ဝန်ထမ်းနည်း နည်း၊ စာအုပ်စင်၊ စာဖတ်ဧရိယာများများနှင့် နည်းပညာ အကူအညီယူ၍ ဝန်ဆောင်မှုပေးသော စာကြည့်တိုက်များ ဖြစ်ပါသည်။ ပြည်သူ့စာကြည့်တိုက်များတွင် LAN (Local Area Network) ချိတ်ဆက်ထားပြီး ငှားရမ်းလိုသော စာအုပ် များကို Network ချိတ်ဆက်၍ အလွယ်တကူ ငှားရမ်း နိုင်သော ဝန်ဆောင်မှုပေးပါသည်။ ဤစနစ်၏ ကောင်းကျိုး မှာ စာကြည့်တိုက်တွင် စာအုပ်အမျိုးအစား စုံလင်ပြည့်စုံ စွာထားရန် မလိုတော့ဘဲ စာကြည့်တိုက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်ငှားရမ်းပေးခြင်း   ဖြစ်ပါသည်။ ထို့ကြောင့် စာကြည့်တိုက်များအနေဖြင့် ရရှိသောငွေနှင့်စာအုပ်များကို စုံလင်စွာ စုဆောင်းနိုင်ပြီး စာငှားသူများအတွက်လည်း ဖတ်ရှုလိုသောစာအုပ်များကို ငှားရမ်းဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်များတွင် စာကြည့်တိုက်သို့ ရောက်လာသောသူများကို စာကြည့်တိုက်ဝန်ထမ်းများက လွယ်ကူချောမွေ့အဆင်ပြေအောင် ဆောင်ရွက်ပေးပါသည်။

စာကြည့်တိုက်တည်ရှိရာနေရာ

ပြည်သူ့စာကြည့်တိုက်များမှာ ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ မြို့နယ်တွင်း နေထိုင်သောပြည်သူများ ဗဟုသုတ ရရှိစေရန်၊ စာဖတ်ဝါသနာပါစေရန်နှင့် လူငယ်နှင့် ကလေးသူငယ်များ စာဖတ်ဝါသနာပါလာစေရန် အဓိက ဆွဲဆောင်ရသောနေရာများ ဖြစ်လာပါသည်။ သို့ဖြစ်၍ နေရာရွေးချယ်ရာတွင် သင့်တော်သော နေရာအကျယ် အဝန်း၊ ရပ်ရွာမှပြည်သူများ သွားလာရလွယ်ကူသော နေရာ၊ ကလေးများအတွက် လုံခြုံစိတ်ချရသော နေရာ ထိုင်ခင်း၊ တစ်နေကုန် လာရောက်စာဖတ်သောသူများ အတွက် အဆင်ပြေစေသော နေရာများတွင် ရွေးချယ် ဆောက်လုပ်ပေးထားပါသည်။ စာကြည့်တိုက်တစ်ခုနှင့် တစ်ခုအကွာအဝေးကို သတ်မှတ်ထားသဖြင့် စာကြည့် တိုက်များ ချိတ်ဆက်ရာတွင် လွယ်ကူချောမွေ့ပါသည်။

စာကြည့်တိုက်အဝင်ခန်းမ ခင်းကျင်းထားပုံ

စာကြည့်တိုက်အဝင်ခန်းမတွင် အငှားကောင်တာနှင့် ဝင်ပေါက်ကို ထားရှိပါသည်။ စာကြည့်တိုက်တစ်ခု လုံးကို အငှားကောင်တာနှင့်  ထိန်းချုပ်ထားပါသည်။ အငှားကောင်တာတွင်  စာအုပ်များကို Electronic System ဖြင့် Bar Code ကို Scan ဖတ်ပြီးမှ စာအုပ်ငှားရမ်း နိုင်မည်ဖြစ်သည်။ အငှားကောင်တာနှင့်ကပ်လျက်တွင် စာကြည့်တိုက်သို့ဝင်သော ဝင်ပေါက်ရှိပါသည်။ ဝင်ပေါက်ကို အတားအဆီးမလုပ်ထားသော်လည်း အချို့စာကြည့်တိုက်များတွင် လုပ်ထားပါသည်။ အငှားကောင်တာတွင် မောင်းတံနှင့်  တားဆီးထားပါသည်။  ထို့ပြင် အလိုအလျောက် အချက်ပေးစနစ်ကိုလည်း တပ်ဆင်ထားပါသည်။

အကယ်၍ စာကြည့်တိုက်သည် နှစ်ထပ်အဆောက်အအုံဖြစ်လျှင် အငှားကောင်တာ အတွင်း၌ စာအုပ် အတင်၊  အချပြုလုပ်ရန်  ဓာတ်လှေကား ငယ်တစ်ခုကို ထည့်သွင်းပေးထားပါသည်။  အဝင်ခန်းမနှင့် ကပ်လျက်တွင် စာကြည့်တိုက်သို့ အသစ်ရောက်ရှိလာသော စာအုပ်များကို ပြသထားပါသည်။ အဆိုပါနေရာကို ရံဖန်ရံခါ ပန်းချီစာအုပ်နှင့် ယဉ်ကျေးမှု ပြခန်းငယ်အဖြစ်   အသုံးပြုပါသည်။ စာကြည့်တိုက်ဝင်ပေါက်မှ ဝင်ရောက်လာလျှင်   မှတ်တမ်းစာဖတ်ခန်းရှိပါသည်။ ပြည်သူ့စာကြည့်တိုက်၏ တည်ရှိရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးမှတ်တမ်းမှတ်ရာ၊ ဓာတ်ပုံများ၊ ရပ်ကွက်ကျေးရွာ အုပ်စု၏ မြေပုံကားချပ်များ၊ သမိုင်းဝင်အဆောက်အအုံများ၏ အချက်အလက်များကို စုဆောင်းထားသော စာဖတ်ခန်းရှိပါသည်။ အဆိုပါ စာဖတ်ခန်းတွင် ဒေသဆိုင်ရာ    အချက်အလက်များကို စာအုပ်များမှ လည်းကောင်း၊ ကွန်ပျူတာအသုံးပြု၍လည်းကောင်း ရှာဖွေရယူနိုင်ပါသည်။

 

142320162_3639113676181493_3637590318184057802_o

 

စာအုပ်ငှားရမ်းပုံ

စာကြည့်တိုက်သို့  လာရောက်စာဖတ်သူသည် Computerized Cataloguing စနစ်ဖြင့် ကွန်ပျူတာကို အသုံးပြုကာ ငှားရမ်းလိုသောစာအုပ်ကို ရှာဖွေနိုင်ပါသည်။ ဖတ်ရှုလိုသောစာအုပ်သည် မည်သည့်အထပ်၊ မည်သည့် ဘာသာရပ်၊ မည်သည့်စာအုပ်စင်တွင် ရှိသည်ကို ရှာဖွေ နိုင်ပါသည်။ ငှားရမ်းထားပါကလည်း ငှားရမ်းထားကြောင်းနှင့် ပြန်အပ်ပါက ငှားရမ်းလိုလျှင် ငှားရမ်းလိုကြောင်း ကောင်တာတွင် စာရင်းပေးသွင်းနိုင် ပါသည်။ မိမိငှားရမ်း လိုသောစာအုပ်မှာ စာကြည့်တိုက်တွင်မရှိပါက အခြား မည်သည့်စာကြည့်တိုက်တွင် ရှိကြောင်းကိုလည်း ရှာဖွေနိုင်ပါသည်။ ရှာဖွေပြီး ကောင်တာတွင် အဆိုပါ စာအုပ် ငှားရမ်းလိုကြောင်း ပြောပါက delivery စနစ်ဖြင့် အိမ်သို့လည်းကောင်း၊ စာကြည့်တိုက်သို့လည်းကောင်း စာအုပ်ကို သယ်ဆောင်ငှားရမ်းပေးပါသည်။ စာကြည့်တိုက်တွင် ရှိပါကလည်း စာအုပ်စင်တွင် မိမိငှားရမ်းလိုသော စာအုပ် ကို လွယ်လင့်တကူ ရှာဖွေငှားရမ်းဖတ်ရှုနိုင်ပါသည်။

စာနယ်ဇင်းကော်နာ

မဂ္ဂဇင်းကော်နာကို များသောအားဖြင့် စာကြည့်တိုက်အဝင်တွင်နေရာချထားလေ့ရှိပါသည်။ မဂ္ဂဇင်းကော်နာတွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ထုတ်မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ သတင်းစာများကို ဖတ်ရှုလေ့လာနိုင်သည်။ ဤနေရာတွင် စာအုပ်များကို သက်သောင့်သက်သာဖတ်ရှုနိုင်ရန်အတွက် စီစဉ်ပေးထားပါသည်။ များသောအားဖြင့် လူသိများသော စာနယ်ဇင်းများကို ဖတ်ရှုနိုင်ရန် စီစဉ်ပေးထားပါသည်။

စာဖတ်ခန်းများနှင့် စာအုပ်စင်များနေရာချထားပုံ

ပြည်သူ့စာကြည့်တိုက်၏ စာအုပ်စင်များကို အဖွင့်စနစ် ကျင့်သုံးကြပါသည်။ စာအုပ်စင်များကို ဗဟိုပြု၍ စာဖတ်သောနေရာများကို ပတ်လည်တွင် နေရာချထားပါသည်။ စာအုပ်စင်မှ စာအုပ်ကိုယူ၍ နီးစပ်ရာ စာဖတ်နေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ စာအုပ်ကို မြည်းစမ်း ဖတ်ရှုလိုပါက စာအုပ်စင်၏ ထိပ်နှစ်ဖက်တွင် ထိုင်ခုံလေး များ ချထားပေးပါသည်။

ရည်ညွှန်းစာအုပ်ကောင်တာ

အချို့တန်ဖိုးရှိ နှစ်ချို့စာအုပ်စာတမ်းများအား သီးသန့်အခန်းများဖြင့်ထားကာ ဝန်ထမ်းတစ်ဦးအစောင့်ထားပြီး စာအုပ်များကို ထိန်းသိမ်းထားပါသည်။ အဆိုပါအခန်းမှ စာအုပ်များကို အခြားနေရာသို့ ယူဆောင်သွားရန် မဟုတ်ဘဲ အဆိုပါအခန်းတွင်သာဖတ်၍ ပြန်ထားခဲ့ရန်ဖြစ်ပါသည်။သီးသန့်စာဖတ်ရန်နေရာ ဖန်တီးထားပါသည်။

ကလေးသူငယ်စာကြည့်တိုက်

ကလေးသူငယ်များစာဖတ်ဝါသနာပါစေရန်၊ လိမ္မာရေးခြားရှိစေရန် ကလေးစာကြည့်တိုက်လေးများ တွဲလျက်ပါရှိပါသည်။ ကလေးများစာဖတ်ရာတွင် လွတ်လပ်စွာဖတ်ရှုနိုင်ရန် စီစဉ်ပေးထားသည်။ ထို့အပြင် ကလေးသူငယ်များ စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုချင်စဖွယ်ဖြစ်အောင် စာကြည့်တိုက်ကို  ပြင်ဆင်ခင်းကျင်းထားပါသည်။ လူကြီးစာကြည့်တိုက်နှင့်မတူကွဲပြားအောင် နေရာထိုင်ခင်း စီစဉ်ခင်းကျင်း ပေးထားပါသည်။    ကလေးများအသံက စာဖတ်ခန်းများသို့   အနှောင့်အယှက်ပြုခြင်းကင်းသော နေရာတွင်   ကလေးစာကြည့်တိုက်ကို   နေရာချထားပေး တတ်ပါသည်။   ကလေးများ   လွတ်လပ်စွာ  လဲလျောင်း စာဖတ်နိုင်ရန်နှင့် စာအုပ်စင်များကိုလည်း ကလေးများ အလွယ်တကူရယူနိုင်ရန် စီစဉ်ပေးထားပါသည်။

အပတ်စဉ် တနင်္ဂနွေနေ့များတွင် ကလေးများကို ပုံပြောသောအစီအစဉ်ကို ကလေးစာကြည့်တိုက်များတွင် ထည့်သွင်းထားပါသည်။ ကလေးစာကြည့်တိုက်တွင် ပုံပြောခန်းတစ်ခုကို မဖြစ်မနေ ထည့်သွင်းထားပါသည်။ အဆိုပါအခန်းကို လိုရာသုံးအခန်းအနေဖြင့် အသုံးပြုပါသည်။ ရံဖန်ရံခါတွင် ကလေးများအတွက် နက္ခတ်တာရာများကို မိတ်ဆက်ပြသသောအခန်း၊ တစ်ခါတစ်ရံ ပုံပြင်လေးများကို သရုပ်ဖော်ပြသောအခန်း၊  ရံဖန်ရံခါကလေးများ ကဗျာရွတ်ဆို၊ ပြဇာတ်တိုများ  ကပြသောအခန်းအဖြစ် အသုံးပြုတတ်ကြပါသေးသည်။

မာတီမီဒီယာကော်နာ

ပြည်သူ့စာကြည့်တိုက်များတွင် မာတီမီဒီယာပစ္စည်း များကို ငှားရမ်းဖတ်ရှုနိုင်သောနေရာ (Multimedia corner) များလည်း ပါရှိပါသည်။ မာတီမီဒီယာကော်နာတွင် သီချင်း၊ ဗဟုသုတ ဖြစ်ဖွယ် စီဒီများ၊ ဒစ်ဂျစ်တယ်ပုံစံပြောင်းထားသော သိမှတ်ဖွယ်ရာစာအုပ်စာတမ်းဓာတ်ပုံ အချက်အလက်များ နှင့် သီချင်းခွေများ၊  အသံထွက်ဝတ္ထုများကို  ငှားရမ်း၍ စာကြည့်တိုက်တွင် လေ့လာနိုင်သလို အိမ်သို့လည်း ငှားရမ်း လေ့လာနိုင်ပါသည်။

စာကြည့်တိုက်အုပ်ချုပ်ရေး

ပြည်သူ့စာကြည့်တိုက်များမှာ အများပြည်သူ သက် သောင့်သက်သာ စာဖတ်နိုင်ရန်ပြုလုပ်ပေးထားသော နေရာများဖြစ်သဖြင့် စာကြည့်တိုက်အုပ်ချုပ်ရေးနှင့် စာအုပ်များပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်ရန်နေရာမှာ အနည်းအကျဉ်းသာ နေရာယူထားပါသည်။

အခြားဝန်ဆောင်မှုများ

စာကြည့်တိုက်ပိတ်ချိန်တွင် စာအုပ်အပ်နိုင်ရန်အတွက် စာအုပ်လက်ခံပုံးများကို စာကြည့်တိုက်ရှေ့တွင် ချထားခြင်းဖြစ်ပါသည်။ စာကြည့်တိုက်အသုံးပြုသူအနေဖြင့် အလုပ်များ၍ စာအုပ်ပြန်အပ်ရမည့်နေ့တွင် စာကြည့်တိုက် ပိတ်ချိန်ဖြစ်ပါက စာအုပ်များကို ထိုပုံးထဲတွင် ထည့်၍အပ်နှံထားနိုင်ပါသည်။ အသုံးပြုသူများအတွက် အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။

စာကြည့်တိုက်များ၌ စာအုပ်များကို စာကြည့်တိုက် အချင်းချင်း   ချိတ်ဆက်ငှားရမ်းပေးခြင်း၊ အိမ်တိုင်ရာ ရောက်ပို့ဆောင်ငှားရမ်းပေးခြင်း၊ ရွေ့လျားစာကြည့်တိုက်များဖြင့် အများပြည်သူထံအရောက် လိုက်လံငှားရမ်းပေးခြင်း အစရှိသောဝန်ဆောင်မှုများ ပေးပါသည်။

ပြည်သူ့စာကြည့်တိုက်များတွင်  အဓိကဖြစ်သော စာအုပ်စင်၊ စာဖတ်ခန်းများကဲ့သို့ အရေးပါသောနေရာ နှစ်ခု ပါဝင်ရန်လိုပါသည်။  ယင်းနေရာနှစ်ခုမှာ LAN ကို အသုံးပြုသောကြောင့် အအေးပေးထားသော ကွန်ပျူတာ ခန်းနှင့်   ရွေ့လျားစာကြည့်တိုက်အတွက်  ကားထားရန် နေရာတို့မဖြစ်မနေ လိုအပ်ပါသည်။

စာကြည့်တိုက်များ၏ပြောင်းလဲလာမှုများ

ခေတ်မီစာကြည့်တိုက်များသည်  စာဖတ်သူက မိမိ ဖတ်ရှုလိုသောစာအုပ်ကို မြည်းစမ်းဖတ်ရှုခွင့်၊  ကိုယ်တိုင် ရွေးချယ်ခွင့်ရသော   အဖွင့်စာအုပ်စင်စနစ်ကို   ကျင့်သုံးလာပါသည်။

နှစ်လွန်စာအုပ်စာတမ်းများကို  အပိတ်စာအုပ်စင် စနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ ထိုစာအုပ်များကို      ရွေ့လျားနိုင်သောစာအုပ်စင်ဖြင့် သိမ်းဆည်းထားပေးပါသည်။ အဆိုပါစာအုပ်များကိုလည်း ကိုယ်တိုင်ဝင်ရောက် ရှာဖွေဖတ်ရှုနိုင်ပါသည်။

လူငယ်များ၊ ကလေးများအတွက် ဝန်ဆောင်မှုများပေးလာသည်ကို တွေ့ရပါသည်။ ကလေးစာကြည့်တိုက်များတွင် ကလေးများပျော်ရွှင်လွတ်လပ်စွာ စာဖတ်နိုင်စေရန် ပြုလုပ်ပေးထားပါသည်။ ကလေးများစာကြည့်တိုက်သို့ လာချင်အောင် ဆွဲဆောင်မှုရှိလာအောင် ပုံစံရေးဆွဲထားကြပါသည်။ လူငယ်များအတွက်လည်း သီးသန့်နေရာ ပေးလာပါသည်။

ထို့အပြင်   စာကြည့်တိုက်တွင်   တစ်နေကုန် လာရောက်စာဖတ်သူများအတွက် သီးသန့်အခန်းငယ်လေးများ ဖန်တီးပေးထားပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အမျိုးသားစာကြည့် တိုက်ဥပဒေပြဋ္ဌာန်းပြီး ကလေးများ၊ လူငယ်များကို ဗလငါးတန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကွန်မြူနတီစာကြည့်တိုက်များမှာ အဓိကကျသောနေရာ တွင် ပါဝင်လျက်ရှိပါသည်။  ထို့ကြောင့်အနာဂတ်အချိန် တစ်ခုတွင် ကျွန်တော်တို့နိုင်ငံ၌   ကွန်မြူနတီစာကြည့်တိုက်များ ပေါ်ထွန်းလာမည်ဟု   ထင်မြင်မှန်းဆမိပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ကိုထွန်း (နည်းပညာ)

142170433_3639113956181465_1424702707143549388_o