ပြည်သူ့ဘဝလုံခြုံရေးအတွက် အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန်အနိုင်ကျင့်ဗိုလ်ကျမှုများကို စီမံချက်ချ အရေးယူဆောင်ရွက်နေ

ရန်ကုန်  ၁၅   ဇွန်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအပြင် ပြည်သူ့ဘဝလုံခြုံရေးအတွက် အများပြည်သူ စိုးရိမ်ကြောက်ရွံ့စေရန် အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် အနိုင်ကျင့်ဗိုလ်ကျမှုများကို စီမံချက်ချအရေးယူ ဆောင်ရွက်လျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး ကပြောကြားသည်။

 

 

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၏မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပြည်သူအချင်းချင်း ဖြစ်ပွားသော အငြင်းပွားမှုများတွင် အုပ်ချုပ်မှု၊ စီမံခန့်ခွဲခွင့် တာဝန်ရှိသော အစိုးရအဖွဲ့အစည်းများ၏ တာဝန်ကို ဆန့်ကျင်၍ ဥပဒေမဲ့လူမိုက်ဆန်ဆန် တရားမဝင် ဖြေရှင်းပေးနေသော အဖွဲ့အစည်းများအား မည်သို့အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

 

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြန်လည်ဖြေကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းစေရန် ဆောင်ရွက်သကဲ့သို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့နှင့်အတူ အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်အတွင်း မြေယာနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူအချင်းချင်း ဖြစ်ပွားသော မြေအငြင်းပွားမှုများအပေါ် ဥပဒေနှင့်မညီညွတ်ဘဲ ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်တန်းခြင်းခံရသူ ပြည်သူ့ စေတနာဝန်ထမ်း ပီဗွီအေ ဥက္ကဋ္ဌဆိုသူ ဦးသိမ်းဆန်းနှင့်အဖွဲ့အား အရေးယူဆောင်ရွက်ခဲ့သကဲ့သို့ လှည်းကူးမြို့နယ် စခန်းကြီးကျေးရွာ၊ အနောက်ဘက်ခြမ်း ကွင်းအမှတ် ၉၉၀/ A ၊ ဦးပိုင် ၂၅ မြေကွက်အတွင်း ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သက်၍လည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

ပီဗွီအေ အဖွဲ့ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ဖြစ်စေ မည်သည့်အဖွဲ့အစည်းဖြစ်စေ ဥပဒေနှင့် မညီညွတ်သော ကိစ္စများ ဆောင်ရွက်ပါက ကျူးလွန်သည့် ပြစ်မှုအပေါ် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုရေးဖွင့်ကာ  ဥပဒေနှင့်အညီ ထိန်းချုပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးက (၂၆-၉-၂၀၁၇)ရက်နေ့တွင်  ပီဗွီအေအသင်း ဥက္ကဋ္ဌ ဦးသိမ်းဆန်းအား တွေ့ဆုံ၍ ခြံစည်းရိုးခတ်ခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ပိုင်ဆိုင်မှုဖြေရှင်းပြီးမှသာ ဆောင်ရွက်ရန်နှင့် ခြံစည်းရိုးခတ်ခြင်းအား ရပ်နားထားရန် ပြောကြားခဲ့သဖြင့် အဆိုပါ ရက်၌ပင် ခြံစည်းရိုးခတ် ခြင်းလုပ်ငန်းအား ရပ်နားခဲ့သည်ကို စိစစ်သိရှိရကြောင်းနှင့် အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် ပြဿနာများကို ဖြေရှင်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား စီမံချက်ဖြင့် အရေးယူ ဆောင်ရွက်ရန် အစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအပြင် ပြည်သူ့ဘဝလုံခြုံရေးအတွက် အများပြည်သူ စိုးရိမ်ကြောက်ရွံ့စေရန် အုပ်စုဖွဲ့ပြီး လူမိုက်ဆန်ဆန် အနိုင်ကျင့် ဗိုလ်ကျမှုများကို စီမံချက်ချ အရေးယူ ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် လှိုင်းလုံးစီမံချက်၊ ၂၀၁၅ ခုနှစ်တွင် ဝရဇိန်စီမံချက်၊ ၂၀၁၆ ခုနှစ်တွင်  ကျားနက်စီမံချက်၊ ၂၀၁၇ ခုနှစ်တွင် စွန်ရဲစီမံချက်များဖြင့်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လင်းယုန်စီမံချက်ကို အဆင့် လေးဆင့်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အုပ်စုဖွဲ့ပြီး လူမိုက်ဆန်သော ဗိုလ်ကျအနိုင်ကျင့်မှုများ မရှိစေရေးအတွက် မြို့နယ်အသီးသီးတွင် လူဆိုးလူမိုက်များအား ဖမ်းဆီးအရေးယူမှုများဆောင်ရွက်လျက် ရှိကြောင်း၊ 

 

အင်းစိန်၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်သာယာစသော မြို့နယ်များတွင် မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်း၊ အနိုင်ကျင့်၊ ဒုစရိုက်မှုများ ကျူးလွန်သည့် တရားခံပြေး အဖွဲ့များအား ဖမ်းဆီးအရေးယူခဲ့ပြီး အများပြည်သူများ၏ စိုးရိမ်ကြောက်ရွံ့မှု ကင်းဝေးစေရေးအတွက် စီမံချက်များရေးဆွဲကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ နှင့်အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ ပီဗွီအေအသင်းအဖွဲ့မှာ ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်ခွင်ပြုထားသော အသင်းအဖွဲ့ တစ်ခုဖြစ်ပါကြောင်း၊ မည်သည့်အသင်းအဖွဲ့မဆို ဥပဒေဘောင်အတွင်းမှသာ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပဒေချိုးဖောက်မှုကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်ရမည် ဖြစ်သဖြင့် မြေယာအငြင်းပွားမှုအပေါ် အခြေခံ၍ ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကို ဥပဒေနှင့် မညီညွတ်ဘဲ ဆောင်ရွက်ပါက ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူထိန်းချုပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူအချင်းချင်း အငြင်းပွားမှုများတွင် အကူအညီ တောင်းခံသည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့် မညီညွတ်သော ကိစ္စများကို ဆောင်ရွက်စေရန် အကူအညီတောင်းခံခြင်း မပြုသင့်ဘဲ ပြည်သူ့စေတနာ့ဝန် ထမ်းအဖွဲ့အနေဖြင့်လည်း ဥပဒေနှင့်ညီညွတ်သော ကိစ္စရပ်များကိုသာ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး မိမိလုပ်ပိုင်ခွင့် အခွင့်အာဏာမရှိသော ကိစ္စရပ်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများသို့သာ တင်ပြ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူမိုက်ဆန်ဆန်ပြုမူ ဆောင်ရွက်ခြင်းများသည် အများပြည်သူ၏ လုံခြုံမှုကို ထိခိုက်စေသည့်အတွက် အဆိုပါအဖွဲ့များကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့များဝင်များနှင့်ပူးပေါင်းပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြန်လည်ဖြေကြားခဲ့သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း