ပြည်သူ့အကျိုးပြု မီဒီယာကဏ္ဍတစ်ခု

၁၉ ဖေဖော်ဝါရီ

ဒီမိုကရေစီခေတ်ကာလတွင် လွတ်လပ်သည့် သတင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးတိုးတက်နေသည်။ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ဒီမိုကရေစီစနစ် အသားတကျဖြစ်ထွန်းနေသည်။ လွတ်လပ်ခြင်းတည်းဟူသော ဒီမိုကရေစီအနှစ်သာရနှင့်အညီ လွတ်လပ်သောမီဒီယာများလည်း လိုက်ပါဖွံ့ဖြိုးတိုးတက်ရမည်သာ ဖြစ်သည်။ လွတ်လပ်သည်ဆိုရာ၌ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစံနှုန်းများနှင့်အတူ မီဒီယာကျင့်ဝတ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတူယှဉ်တွဲဖြစ်ပေါ်ကြသည်။

 

 

မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာနှင့် အီလက်ထရွန်နစ် မီဒီယာဟူ၍ ဖြစ်ထွန်းခဲ့သည်။ မီဒီယာတို့၏ အခြေခံသဘောတရားတွင် အများပြည်သူအကျိုးစီးပွားကို ရှေးရှုရမည်ဟု ခံယူထားပါသည်။ အများပြည်သူအကျိုးစီးပွားဟု ဆိုရာ၌ ထိုနိုင်ငံရှိပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ပြီး အသိအမြင်ဗဟုသုတများ တိုးပွားစေရေး အနှစ်သာရများပါဝင်နေသည်။

 

 

၎င်းတို့မှာ အသိပညာ ဖြည့်ဆည်းပေးရန်၊ ဖျော်ဖြေပေးရန်တို့ ဖြစ်ပါသည်။ထိုတာဝန်များကို ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည်ကို မြန်မာနိုင်ငံ၏ မီဒီယာဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွင် တွေ့ရပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေဆဲ နိုင်ငံဖြစ်သော်လည်း မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှာ ဒီမိုကရေစီ ဖြစ်ထွန်းပြီးနိုင်ငံများကဲ့သို့ လိုက်ပါဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်သည်နှင့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် ပြောင်းလဲအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ဒီမိုကရေစီခေတ်ကာလနှင့် လိုက်လျောညီစွာ လွတ်လပ်ပွင့်လင်းလာခဲ့ပါသည်။ တစ်ချိန်က မီဒီယာလောကသားများအပေါ် ဖိနှိပ်မှုရှိခဲ့သည့် စာပေစိစစ်ရေးထိန်းချုပ်ထားမှုများကို ဖျက်သိမ်းပြီး လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် မြန်မာ့မီဒီယာလောကအတွက် အပြောင်းအလဲဖြစ်ပေါ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အဆိုပါမီဒီယာစိစစ်မှု အဟန့်အတားကြီးကို ဖျက်သိမ်းပေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဧပြီလတွင် လွတ်လပ်သော ပုဂ္ဂလိကပုံနှိပ်မီဒီယာလောကကြီး စတင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထို့နောက် ပုဂ္ဂလိကရုပ်သံလုပ်ငန်းမှာလည်း အားကောင်းမောင်းသန် ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။

 

 

ယခုထပ်မံ၍ ပြည်တွင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ရုပ်သံလောက အပြောင်းအလဲတစ်ခုကို ဝမ်းမြောက်ဖွယ် မြင်တွေ့လိုက်ရသည်။ ယင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လက်ရှိထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများ ထပ်မံဆောင်ရွက်နိုင်ရန် မြန်မာအသံနှင့် ရုပ်မြင်သံကြားနှင့် Content Provider ငါးဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ မူလရည်မှန်းချက်များဖြစ်သည့် ပြည်သူတို့အား သတင်းအချက်အလက်ပေးရန်၊ အသိပညာဖြည့်ဆည်းပေးရန်၊ ဖျော်ဖြေပေးရန်တို့ ဖြစ်သည်။

 

 

မီဒီယာတို့၏ မူလအခြေခံ သဘောထားရပ်တည်ချက်မှာ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုရမည်ဟုဆိုထားသဖြင့် ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်များ ပြန်ကြားပေးခြင်း၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စေရေးအတွက် ဖျော်ဖြေပေးခြင်း၊ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အသိပညာ ဗဟုသုတများ မျှဝေပေးခြင်းတို့ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ ယခုကဲ့သို့ ရုပ်မြင်သံကြား မီဒီယာလုပ်ငန်းငါးခုပေါ်ထွက်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်သလို ပြည်တွင်းမီဒီယာကဏ္ဍမှ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပါကြောင်း။

 

ကြေးမုံ