ပြည်သူ့အကျိုးမျှော် နှိုးဆော်ပါသည်

 

 

မောင်မုဒိတာ

 

နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း နေ့စဉ်မဟုတ်သော်လည်း တစ်ရက်ခြားနှစ်ရက်ခြားဖြင့် ထုတ်လွှင့်ဖော်ပြနေသည်က “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ပင်ဖြစ်သည်။

 

ယင်းထုတ်ပြန်ချက်တွင်    မိဘပြည်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) (အထစ) (အရပ်အခေါ် သန်းခေါင်စာရင်း) တို့နှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများကို သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်သကဲ့သို့ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၏ အချက်အလက်ကွဲလွဲမှုများ၊ ကတ်အပို ကိုင်ဆောင်သူများရှိပါက သတ်မှတ်ရက်အတွင်း ဖြေရှင်းဆောင်ရွက်ကြရန် တိုက်တွန်းထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

 

e-Government စနစ် ဆောင်ရွက်နိုင်ရန် အခြေခံအကျဆုံးအုတ်မြစ်

 

နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Government စနစ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အခြေခံအကျဆုံးအုတ်မြစ်သည် e-ID စနစ်ပင်ဖြစ်သည်။ e-ID စနစ်သည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက် အလက်များကို အီလက်ထရွန်နစ်စနစ်ဖြင့် မှတ်ပုံတင်ခြင်း(Electronic Identity) စနစ်ဖြစ်သည်။

 

e-ID စနစ်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတွင်းနေထိုင်သူအားလုံးကို အီလက်ထရွန်နစ် နည်းပညာ အသုံးပြု၍ လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံ (Biometric Data) များ ကောက်ယူကာ Database တွင် သိမ်းဆည်းပြီး လူတစ်ဦးချင်းစီအတွက် (Unique ID) နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းစနစ်ကိုနိုင်ငံ တော်တော်များများက တွင်တွင်ကျယ်ကျယ် အသုံး ပြုနေပြီဖြစ်သော်လည်း မိမိနိုင်ငံတွင် အသုံးပြုနိုင်ရန် အစပျိုးဆောင်ရွက်နေဆဲဖြစ်သည်။ ယခုအခါ e-ID စနစ်လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေပြီဖြစ်ပါသည်။ လုပ်ငန်းစဉ်စတင်နေသော်လည်း လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်သကဲ့ သို့ ငွေကုန်ကြေးကျလည်း များမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data) အတွက် စတင်ဆောင်ရွက်နေပြီဟု ဆိုရမည်ပင်။

 

e-ID နည်းပညာဖြင့် စာရင်းသွင်းခြင်း

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ရည်မှန်းချက်တာဝန်များကို အကောင် အထည်ဖော်ရာတွင် နိုင်ငံသားတိုင်း အိမ်ထောင်စု လူဦးရေစာရင်း (အထစ) နှင့် နိုင်ငံသား ဖြစ်တည်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ နိုင်ငံသားဖြစ်တည်မှုဟုဆိုရာတွင် မြန်မာနိုင်ငံ၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မွေးရာပါနိုင်ငံသားဖြစ်သည့် တိုင်းရင်းသား များနှင့် ယင်းဥပဒေအရ ဖြစ်သောနိုင်ငံသားများကိုဆိုလိုသည်။ နိုင်ငံသားများအတွက် နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိ အမှတ်ပြုကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ထားသူများသည် ၎င်းတို့နှင့် ပတ်သက်သည့် မျိုးရိုးစဉ်ဆက်၊ ကိုယ်ရေးအချက်အလက်များကို ရယူမှတ်တမ်းပြု ထိန်းသိမ်းဆောင်ရွက်ရသည်။ ဝန်ကြီးဌာန၏ မြို့နယ်ရုံးအသီးသီး၌ နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်များကို ပြုစုထိန်းသိမ်းထားရှိရာ ယခုအခါ ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးပြီးသူများ ၏ နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများကို e-ID Biographic Registration Software နည်းပညာဖြင့် ရိုက်သွင်း ခဲ့ရာ လူဦးရေ ၅၂ သန်းကျော် စာရင်းသွင်းပြီး ဖြစ်သည်။

 

အလားတူ မြို့နယ်ရုံးများရှိ အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များ ကို Software နည်းပညာဖြင့် ရိုက်သွင်းခဲ့ရာ ယခုအခါ အိမ်ထောင်စု ၁၂ သန်းကျော်၊ လူဦးရေသန်း ၅၀ ကျော် စာရင်းသွင်းပြီးဖြစ်သည်။ ယင်းစာရင်း နှစ်ခု ကို Software နည်းပညာဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (အထစ) တစ်ခုထက် ပိုမိုကိုင်ဆောင်ထားသူများ၊ အခြားအထစတွင်လည်း အမည်စာရင်းပါဝင်နေသူများ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) တစ်ခုထက် ပိုမိုရယူကိုင်ဆောင်ထားသူများ၊ နိုင်ငံသားကတ်အမှတ် တစ်ခုတည်းဖြင့် လူနှစ်ဦး ကတ်အမှတ်တူ ကိုင်ဆောင် ထားသူများ၊ တစ်နည်း ကတ်အမှတ်ထပ်နေသူများ စသည်ဖြင့် စာရင်းကွဲလွဲမှုမျိုးစုံ စိစစ်တွေ့ရှိနေရ ကြောင်း သိရှိရသည်။ ယင်းလုပ်ငန်းစဉ်သည် e-ID စနစ်အတွက် လုပ်နိုင်သမျှသော နည်းလမ်းများ ဖြင့် ပြီးစီးနိုင်သမျှသောလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နေသော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အချက်အလက်မှန်ကန်ရေးနှင့် စနစ်တကျ ဖြစ်ရေးသည် အလွန်အရေးကြီးသည်။

 

အချက်အလက်များ တိတိကျကျရရှိ

 

အိမ်ထောင်စုလူဦးရေစာရင်း (အထစ) နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သည်။ လူတစ်ဦးသည် အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုတွင်သာ အမည်ပါရှိရမည်ဖြစ် သည်။ မိသားစုအတွင်း မွေးဖွားမှုရှိတိုင်း မွေးတိုး ဖြည့်စွက်၍ သေဆုံးမှုရှိက သေလျော့ဆောင်ရွက်ရန် သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ အထောက်အထားများဖြင့် တင်ပြဆောင်ရွက်ကြရသည်။ အလွယ်ပြောရလျှင် မွေးတိုးသည် မွေးဖွားမှုအတွက် အိမ်ထောင်စုစာရင်းတွင် အင်အားတိုးခြင်းဖြစ်ပြီး သေလျော့သည် သေဆုံးသူအတွက် အိမ်ထောင်စု စာရင်းတွင် အင်အားစာရင်းလျှော့ခြင်းဖြစ်သည်။

 

တစ်နေရာမှတစ်နေရာ ပြောင်းရွှေ့နေထိုင်လျှင်လည်း ဝန်ကြီးဌာန၏ ပြောင်းဝင် / ပြောင်းထွက် ပုံစံ (၁၀) ဖြင့် ဆောင်ရွက်ကြရမည်။ နိုင်ငံသားကတ် (မှတ်ပုံတင်) မရှိသေးသူများသည် လုပ်ထုံးလုပ်နည်း နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်း (အထစတွင် အမည်စာရင်းပါရှိရန် ဦးစွာဆောင်ရွက်ပြီး ကိုင်ဆောင် ကတ်ပြား လျှောက်ထားရယူကြရမည်ဖြစ်သည်။ အထစနှင့် နိုင်ငံသားကတ်တို့၌ မိမိနှင့်ပတ်သက် သည့်အချက်အလက်များ ကွဲလွဲနေပါကလည်း သက်ဆိုင်ရာရုံးများ၌ တင်ပြလျှောက်ထားကာ အမှန်ကို ပြင်ဆင်ကြရမည်ဖြစ်သည်။ အထစနှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) တစ်ခုထက် ပိုမို ကိုင်ဆောင်မှု၊ အချက်အလက်များကို မိမိသဘော ဖြင့် ပြင်ဆင်မှုတို့ ဆောင်ရွက်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သည်။ ယခုကဲ့သို့ အထစနှင့် နိုင်ငံသားကတ်တို့ကို Software နည်းပညာဖြင့် ဖြည့်သွင်းတိုက်ဆိုင်စစ်ဆေးလိုက်သည့်အခါ မှန်ကန် သည့်အချက်အလက်များ တိတိကျကျရရှိပြီး ကွဲလွဲ နေမှုများလည်း အထင်အရှားပေါ်ပေါက်လာခဲ့သည်။ လူတချို့၏အမည်မှာ အိမ်ထောင်စုလူဦးရေ စာရင်း (အထစ) တစ်ခုတွင်မက အခြားအထစတွင်လည်း ပါနေသည်။ မိသားစုလိုက်လည်း အထစ တစ်ခုထက်ပိုပြီး အလားတူရှိနေသည်။

နိုင်ငံသားကတ် (မှတ်ပုံတင်) အမှတ်တစ်ခုထက် ပိုမို၍ ကတ်နှစ်ခု၊ သုံးခုကိုင်ထားပြီး အသုံးပြုရာတွင်လည်း ကတ်အမှတ် သတ်သတ်မှတ်မှတ်မရှိဘဲ အသုံးပြုထားသည်။ ဥပမာ- ဘဏ်များတွင် ကတ်အမှတ်မတူဘဲ အကောင့်နှစ်ခု ဖွင့်ထားသကဲ့သို့ ဖြစ်သည်။ တချို့ကတော့ ကတ်အမှတ်တစ်ခုတည်း လူနှစ်ဦးက အသုံးပြုနေသည်။ အချင်းချင်းတော့မသိ နံပါတ်ထပ်သည်ပေါ့။ တချို့က အထစတွင် အမည်တူ၊ နိုင်ငံသားအမှတ်မတူ၊ နိုင်ငံသားကတ်အမှတ်တူ၊ အမည်ကွဲလွဲနေသည်များ ဖြစ်နေသည်။ ရုံးဌာနနှင့် ကာယကံရှင်တို့အကြား အခြေအနေတစ်ရပ်ရပ် အကြောင်းအမျိုးမျိုးကြောင့် ကွဲလွဲမှုများ၊ ထပ်နေမှုများဖြစ်နေသည်။ ဤသို့ဆိုပါလျှင် အထစနှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) တို့နှင့် ပတ်သက်၍ လူတစ်ဦးနေထိုင်မှု တစ်နေရာတွင် အမည်ပါရှိပြီး ကတ်တစ်ကတ်ကိုင် ဆောင်နိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်နေပေပြီ။

 

သဘောရိုးဖြင့် မှားယွင်းကိုင်ဆောင်ခြင်း

 

ယင်းသို့ဖြစ်ပေါ်နေရခြင်းသည် အများပြည်သူ အနေဖြင့် မသိနားမလည်ခြင်း၊ သဘောရိုးဖြင့် မှားယွင်းကိုင်ဆောင်ခြင်းတို့ကြောင့် ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ကြရမည်သာ။ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူများ ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရေး၊ မြို့နယ လဝကရုံးများအနေဖြင့် ဆောင်ရွက်ရန်လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရေး နှစ်ဦးနှစ်ဖက် ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” တစ်ရပ်ကို နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) (အထစ) အတွက် အချက်ခြောက်ချက်နှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အတွက် အချက် ခုနစ်ချက် ပါဝင် သည်။ အကြောင်းအရာဖြစ်စဉ်အရ မည်သို့ မည်ပုံ ဆောင်ရွက်ရမည်ကို ဖော်ပြထားသည်။ အထစ မရှိသေးသူများ၊ နိုင်ငံသားကတ် မပြုလုပ်ရသေးသူများအတွက်လည်း ဆောင်ရွက်ရန်ပါရှိသည်။ ဖော်ပြ ချက်တစ်ချက်ချင်းကို သေချာဖတ်ရှု၍ မိမိနှင့် သက်ဆိုင်မှုရှိသည်ဆိုပါက သက်ဆိုင်ရာရုံးသို့ အမြန် ဆက်သွယ် ဆောင်ရွက်ရန်သာဖြစ်သည်။ အချိန် ကာလကသိပ်မရှိ၊ လာမည့်နိုဝင်ဘာ ၁ ရက် ၁-၁၁-၂၀၂၂ အထိသာ သက်ဆိုင်ရာရုံးများက ကာယ ကံရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်သည်။

 

သတ်မှတ်ကာလအတွင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်

 

ယင်းသတ်မှတ်ရက် ကျော်လွန်ပါက သက်ဆိုင်ရာရုံးက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ (၁-၁၁-၂၀၂၂) ရက် အတွင်းသာ ကာယကံရှင်၏ ဆန္ဒအရ လိုအပ်ချက် အပေါ်မူတည်ကာ ပြင်ဆင်ပေးမည်ပေါ့။ အများနှင့် ဆောင်ရွက်ရသည့်ကိစ္စအတွက် ကာလသတ်မှတ်ချက်အတွင်း အမြန်ဆုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက် ကြရန်ဖြစ်သည်။

 

ထိုသို့မဟုတ်ဘဲ သတ်မှတ်ရက်ကျော်လွန်သွားပါက အထစ အပိုကိုင်ဆောင်ထားသူအတွက် မည်သည့်နေရာဒေသတွင် အခြေချနေထိုင်သည်ဖြစ်ပါစေ၊ ၎င်းအမည်ပါဝင်သော နောက်ဆုံးပြုလုပ်ခဲ့သည့် အထစကိုသာ အတည်ပြု၍ ကျန်အထစများ၊ အမည်များကို ပယ်ဖျက်စာရင်းသွင်းပါမည်။ ထို့အတူ နိုင်ငံသားကတ်အပို ရရှိကိုင်ဆောင်သူများအနေဖြင့် မိမိအတွက် အမှန်အသုံးပြုနေသည့် ကတ်ကိုသာ အတည်ပြု၍ ကျန်ကတ်အပိုများကို ရုံးသို့လာရောက် အပ်နှံရန် ဖြစ်ပါသည်။ သတ်မှတ်ရက်ကျော်လွန်သွားလျှင် နောက်ဆုံးထုတ်ယူထားသည့် ကတ်အမှတ်ကိုသာ အတည်ပြု၍ ကျန်ကတ်အပိုအမှတ်များကို ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ပါသည်။

 

ထိခိုက်ဆုံးရှုံးမှုများလည်း ရှိလာနိုင်

 

ယင်းကဲ့သို့ ကာယကံရှင်ကိုယ်တိုင်က အပိုကိုင်ဆောင်ထားသည့် အထစများ၊ တစ်နေရာထက်ပို၍ မိမိအမည်ပါနေသည့်အထစများနှင့် နိုင်ငံသား ကတ်များကို အကြောင်းကြားအပ်နှံခြင်း မရှိသဖြင့် သက်ဆိုင်ရာရုံးက ထုတ်ပြန်ချက်အတိုင်း ပယ်ဖျက် လိုက်ပြီဆိုပါက ပယ်ဖျက်လိုက်သည့် အထစနှင့် ပတ်သက်ဆောင်ရွက်ထားသည့် ကိစ္စရပ်များ (ဥပမာ-ယင်းအထစသည် မိမိလက်ရှိနေထိုင်သည့် နေရာ၏အထစဖြစ်နေခြင်း)၊ ပယ်ဖျက်လိုက်သည့် နိုင်ငံသားကတ်နှင့်ပတ်သက်သည့် ကိစ္စရပ်များ (ဥပမာ-ယင်းကတ်အမှတ်ဖြင့် ဘဏ်စာရင်းဖွင့်လှစ် ထားမှု၊ ဖုန်း SIM Card မှတ်ပုံတင်ထားမှု စသည်) အားလုံးရပ်ဆိုင်းသွားမည်ကို သတိပြုစေလိုသည်။ ထိုကဲ့သို့ ရပ်ဆိုင်းခံရပါက ကာယကံရှင်အနေဖြင့် ထိခိုက်ဆုံးရှုံးမှုများလည်း ရှိလာနိုင်သည်။         

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်ကဲ့သို့ပင် ဖုန်း SIM Card အသုံးပြုသူများအနေဖြင့် မိမိတို့၏ အမည်၊ နိုင်ငံသားကတ်အမှတ်တို့ကို မှန်ကန်စွာ ဖြည့်စွက်မှတ်ပုံတင်သုံးစွဲကြရေးနှင့် လဝက၏ e-ID Software နည်းပညာဖြင့် ဖြည့်သွင်းထားသည့် National Database တွင် စိစစ်တိုက်ဆိုင်စစ်ဆေး ချက်အရ အချက်အလက်မမှန်သည့် SIM Cardများ ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ပိတ်သိမ်း SIM Cardများရှိ လက်ကျန်ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကြောင်း တွေ့ရသည်။

 

အလားတူပင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း လုံခြုံ၍ စွမ်းရည်ပြည့်ဝသော အမျိုးသား ငွေပေးချေမှုစနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရွန်နစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (Electronic-Know Your Customer) (e-KYC) လုပ်ငန်းစဉ်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေး စာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားကတ်အမှတ်တို့အား လဝက၏ National Database ရှိ အချက်အလက်များနှင့်လည်းကောင်း၊ SIM Card နံပါတ်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ SIM Card မှတ်ပုံတင်ခြင်း Database ရှိ အချက်အလက်များနှင့်လည်းကောင်း စိစစ် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး KYC အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းကြရေးနှင့် သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေးစာရင်းများကို အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ထားကြောင်းလည်း တွေ့ရှိရသည်။

 

အရေးကြီးသည့်လုပ်ငန်းတစ်ရပ်

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ ထုတ်ပြန်ချက်များသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” အား အများပြည်သူ သိရှိလိုက်ပါဆောင်ရွက်မှု အပေါ်တွင် မူတည်နေသည်။ လူတစ်ဦးချင်းစီနှင့် ပတ်သက်သည့် အိမ်ထောင်စုလူဦးရေစာရင်း (အထစ) နှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အချက်အလက် မှန်ကန်ရေး၊ တစ်ခုထက် ပိုမိုကိုင်ဆောင်ခြင်းမရှိရေး၊ မရရှိသေးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြလျှောက်ထားရယူကိုင်ဆောင်ရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းတစ်ရပ် ဖြစ်နေသည်။ နောင်ဆက်လက်ဆောင်ရွက်မည့် e-ID စနစ်အတွက် Unique ID နံပါတ်တစ်ခု ထုတ်ပေးခြင်းမှသည် နိုင်ငံသားကတ်(မှတ်ပုံတင်) ရရှိပြီးသူများအား National ID - Smart Card ပြောင်းလဲထုတ်ပေးခြင်းလုပ်ငန်းသို့ ချောချော မွေ့မွေ့ဆောင်ရွက်နိုင်မည့် အခြေခံလုပ်ငန်းလည်း ဖြစ်သည်။

 

ထို့ကြောင့် e-ID Software နည်းပညာဖြင့် ဖြည့်သွင်း ထိန်းသိမ်းထားသည့် National Data-base ရှိ အချက်အလက်များသည် တိကျမှန်ကန်ရန် အရေးကြီးသည်။ ယင်းအချက်အလက်များ တိကျ မှန်ကန်ရေးသည် ယခုလဝက၏ “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန် ထိရောက်သော နှိုးဆော်ချက်ဖြစ် သည်။

 

နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ဆောင်ရွက်မှုတစ်ခု

 

e-ID စနစ်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဆိုပါက ပြည်သူများအတွက် လူမှုဘဝ ဆောင်ရွက်မှုတိုင်းတွင် Smart Card တစ်ခုတည်း ဖြင့် လုပ်ငန်းဆောင်တာအဝဝကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူ့ဝန်ဆောင်မှု တိုင်းအတွက် ခေတ်မီအီလက်ထရွန်နစ်စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင် သည့် ဆောင်ရွက်မှုတစ်ခုဖြစ်လာမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့ သည့် ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းအလွဲအမှားများ မဖြစ်ပေါ်စေရေးအတွက် မှန်ကန်သည့် မဲစာရင်းပြုစု ရာတွင် အထောက်အကူများစွာ ရရှိပေမည်။ မဲပေး ပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသား ဖြစ်တည်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရမည် ဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ကိုလည်း အကောင်အထည်ဖော်ပြီးဖြစ်ပေမည်။

 

ဤသို့ဆိုပါလျှင် ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) (အထစ) (အရပ်အခေါ်သန်းခေါင်စာရင်း) ပါ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး၊ နိုင်ငံသားကတ် ထုတ်ပေး ခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များနှင့် တစ်သားတည်းဖြစ်ရေး၊ အထစ နှင့် နိုင်ငံသားကတ်အပို ရယူကိုင်ဆောင်ထားပါက သက်ဆိုင်ရာလဝကရုံးသို့ သတ်မှတ်ရက်အတွင်း ဆက်သွယ်အပ်နှံဆောင်ရွက်ရေး၊ အထစနှင့် နိုင်ငံသားကတ်မရှိသေးသည့် နိုင်ငံသားများက သက်ဆိုင်ရာလဝကရုံးများနှင့် ဆက်သွယ်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ကြရေးတို့အတွက် လဝက၏ “မိဘပြည်သူများသို့ အသိပေးထုတ်ပြန် ချက်” အပေါ် ထပ်မံအသိပေး တိုက်တွန်းအပ်ပါ သည်။ ပြင်ဆင်ဖြည့်စွက်အပ်နှံရန် လိုအပ်သည့် ကာယကံရှင်များအတွက် သတ်မှတ်ရက်သည် လာမည့် နိုဝင်ဘာ ၁ ရက် (၁-၁၁-၂၀၂၂) ဖြစ်သည့် အတွက် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်နိုင်ရေး မုဒိတာစိတ်ထားဖြင့် ပြည်သူ့အတွက် အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။ ။