ပြည်သူအားလုံးအတွက် မီဒီယာပန်းခင်းသစ်များ

၁၉ ဖေဖော်ဝါရီ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် နောက်ထပ်ရုပ်သံလိုင်းသစ် ငါးလိုင်းကြည့်ရှုနိုင်ကြတော့မည်ဆိုသောသတင်းသည် ပျော်ရွှင်ဖွယ်၊ စိတ်လှုပ်ရှားဖွယ် သတင်းဖြစ်သည်။ အခကြေးငွေ တစ်စုံတစ်ရာပေးရခြင်း၊ စက်ပစ္စည်းဝယ်ယူတပ်ဆင်ခြင်းတို့ကို မပြုရဘဲ မိမိတို့ကြည့်ရှုနေကျ MRTV ရုပ်သံလိုင်းမှာပင် နောက်ထပ်ရုပ်သံလိုင်းငါးခုကို အခမဲ့ကြည့်ရှုခွင့်ရရှိမည် ဆိုသောအခါ အပြိုင်အဆိုင်ပေါ်ထွက်လာမည့် ခေတ်မီဆန်းသစ်သော အစီအစဉ်များကို MRTV ပရိသတ်တို့က ဝမ်းမြောက်ဝမ်းသာ စောင့်မျှော်ကြတော့မည် ဖြစ်သည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော စနစ်အရ ဂြိုဟ်တုမှတစ်ဆင့် နိုင်ငံအနှံ့အပြားတွင်တည်ရှိသော ထပ်ဆင့်လွှင့်စက်ရုံ ၁၄၅ ရုံသို့ ချိတ်ဆက်ပေးပို့ပြီး ထပ်ဆင့်ထုတ်လွှင့်ပေးခြင်းဖြစ်ရာ မြို့ကြီးပြကြီးများသာမက ဝေးလံဒေသများကိုပါ လွှမ်းခြုံထားခြင်း ဖြစ်သည်။

 

 

MRTV ရုပ်သံလိုင်းတွင် ဝင်ရောက်ထုတ်လွှင့်ခွင့်ရသည့် Content Provider များအနေဖြင့် မီဒီယာလုပ်ငန်းများအားလုံး ထမ်းဆောင်ကြရမြဲ တာဝန်များဖြစ်ကြသည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူသော တာဝန်များကို ထမ်းဆောင်ရင်း မိမိတို့ရုပ်သံလိုင်းများ ရေရှည်ရှင်သန်ရပ်တည်နိုင်စေရန်အတွက် စီးပွားရေးအရလည်း အောင်မြင်အောင် ဆောင်ရွက်ကြရဦးမည်ဖြစ်ရာ မိမိတို့ထုတ်လွှင့် ပြသမည့် အစီအစဉ်များမှတစ်ဆင့် တောင်ပေါ်မြေပြန့် မြို့ ကြီးပြကြီး ကျေးလက်ဒေသများမှ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက်လည်း မျှော်မှန်းဆောင်ရွက်ခွင့်ရကြမည် ဖြစ်သည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Content Provider ငါးဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ဖျော်ဖြေမှုအပိုင်းမှာဆိုရင်လည်း ပိုပြီးစိတ်ဝင်စားဖွယ် စိုစိုပြည်ပြည် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မီဒီယာများဖွံ့ ဖြိုးလာသည်နှင့်အမျှ အများပြည်သူ အသိပညာဖွံ့ ဖြိုးမှု၊ အပန်းဖြေပျော်ရွှင်မှုတို့ တိုးတက်ရရှိနိုင်မှာဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်စေနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟုမြင်ကြောင်းထည့်သွင်းပြောကြားခဲ့ရာ အသစ်ထွက်ပေါ်လာမည့် မီဒီယာများအပေါ် မျှော်လင့်ချက်ပင်ဖြစ်ပြီး ရုပ်သံလိုင်းများကို စောင့်မျှော်ကြည့်ရှုကြမည့် နိုင်ငံတစ်ဝန်းလုံးမှ ပရိသတ်များ၏ဆန္ဒကို ထင်ဟပ်ခြင်းပင်ဖြစ်သည်။

 

 

MRTV နှင့် ပူးပေါင်းဆောင်ရွက်ကြမည့် Content Provider များတွင် ရုပ်သံထုတ်လွှင့်မှု ဝါရင့်မီဒီယာများလည်း အပါအဝင်ဖြစ်ရာ မိမိတို့ရရှိလာသည့် အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ကြမည်ဟု ယုံကြည်မိသည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ အားသာချက် အားနည်းချက်များသည်လည်းကောင်း၊ လက်ရှိထုတ်လွှင့်လျက်ရှိသော အခြားပုဂ္ဂလိကရုပ်သံလိုင်းများမှ အားသာချက် အားနည်းချက်များသည်လည်းကောင်း၊ အသစ်ထုတ်လွှင့်ခွင့်ရရှိလာသည့် ရုပ်သံလိုင်းသစ်များအဖို့အကြံတူ နောက်လူသာစမြဲဟူသည့် ဆိုရိုးအတိုင်း အကြံသစ်၊ ဉာဏ်သစ်များဖြင့် ဆောင်ရွက်နိုင်မည့်၊ စံနမူနာယူရမည့်၊ သင်ခန်းစာယူရှောင်ရှားရမည့် အခွင့်အလမ်းကို ရရှိနိုင်ကြမည်ဖြစ်သည်။

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ကြည့်ရှုအားပေးလျက်ရှိသော ပရိသတ်များအနေဖြင့်မူ အသစ်ထွက်ပေါ်လာမည့် အခမဲ့ရုပ်သံလိုင်းများ၏ ခေတ်မီဆန်းသစ် တီထွင်မှုများဖြင့် မွမ်းမံဆင်ယင်ထားသည့် ပြန်ကြားပေးမှု၊ ပညာပေးမှု၊ ဖျော်ဖြေပေးမှုအစီအစဉ်များကို အားပါးတရ ဝမ်းမြောက်ဝမ်းသာ စောင့်မျှော်အားပေးနေကြမည်ဖြစ်ကြောင်းနှင့် အခမဲ့ ရုပ်သံလိုင်းသစ်များသည်လည်း မိမိတို့အကျိုးစီးပွား၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါကြောင်း။

 

 မြန်မာ့အလင်း