ပြည်သူအားလုံး ကျန်းမာဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းစို့

ဒေါက်တာ ဒေါ်မြသန်း

 

နှစ်စဉ်နှစ်တိုင်း ဧပြီလ ၇ ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် WHO က သတ်မှတ်၍ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပကြပါသည်။ ယခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံးအတွက် “ပြည်သူအားလုံး ကျန်းမာဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းစို့ - (Health for all making Health Coverage Universal) ” ဆောင်ပုဒ်ဖြင့် ကမ္ဘာတစ်ဝန်းကျင်းပကြမည်ဖြစ်ပါသည်။

 

လူသားတိုင်း မဖြေရှင်းနိုင်သော ပြဿနာမှာ အို၊ နာ၊ သေ ဆိုသော သဘာဝတရားဖြစ်ပါသည်။ လူ့ဘဝအစ ကလလရည်ကြည် ပဋိသန္ဓေ စတည်ချိန်မှအစ ကျန်းမာရေးစောင့်ရှောက်မှုကို မိခင်၊ ဖခင်များက တာဝန်ယူ စောင့်ရှောက်ရန် တာဝန်ဖြစ်လာသည်။ ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား ကျန်းမာရေး၊ အန္တရာယ်ကင်းစွာ၊ ကျန်းမာစွာ မွေးဖွားရေး၊ မိခင်နှင့် ကလေးများ လုံခြုံစိတ်ချဘဝရရှိရေး မွေးကင်းစ ပြုစုခြင်း၊ နို့ချိုစနစ်တကျ တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်ရောဂါ ကာကွယ်ရေး၊ ကာကွယ်ဆေးထိုး နိုင်အောင် ဆောင်ရွက်ရေး၊ အာဟာရ ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျကျွေးမွေးခြင်း၊ ကျောင်းနေစဉ် ကလေးများအတွက် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ အာဟာရဖွံ့ဖြိုးဉာဏ်ရည်တိုးရေး၊ အားကစားလှုပ်ရှားမှု၊ သွား ကျန်းမာရေး စသည်များကို ငယ်စဉ်က အစဉ်တစိုက် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

မျိုးဆက်ပွားကျန်းမာရေး ကောင်းမွန်ရေးကိုလည်း မိခင်၊ ဖခင်နှင့် လူငယ်များ လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်ပါသည်။ အသက်ကြီး၍ အိုမင်းလာသောအခါ သက်ကြီးရွယ်အို ကျန်းမာရေး၊ လူမှုရေး၊ စိတ်ဓာတ်ရေးရာများ မြင့်မားစေရန် လူငယ်၊ လူရွယ်၊ သားသမီးများက တစ်ဖန် ပြန်လည်စောင့်ရှောက်ရပေမည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးတိုင်းတာသော ပေတံမှာ သက်တမ်းစေ့နေနိုင်ပြီး မိခင်သေနှုန်း၊ ကလေးသေနှုန်း၊ ငါးနှစ်အောက် ကလေးသေနှုန်း၊ တိုင်းပြည်စီးပွားရေး၊ ပညာရေး တိုးတက်မှုများနှင့် တိုင်းတာခြင်းဖြစ်၍ သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာခြင်းသည် လူသားတိုင်းအတွက် အရေးအကြီးဆုံး ဆုလာဘ်တစ်ပါးဖြစ်ပါသည်။ အထက်ပါ ပဋိသန္ဓေအစမှစပြီး သေခြင်းမတိုင်မီကာလ ကိုယ့်ကျန်းမာရေးကို ကိုယ်စောင့်ရှောက်ထိန်းသိမ်းရမည်ဖြစ်ပါသည်။ “အတ္တာဟိ အတ္တနော နာထော ” မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုသကဲ့သို့ မိမိကျန်းမာရေးကို တစ်နေ့တစ်ရက်တည်း လိုက်နာဆောင်ရွက်ရမှာမဟုတ်ဘဲ နေ့စဉ် အစဉ်အမြဲ သတိကပ်လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ မိမိဘဝကို မိမိသာ ဖန်တီးရှင်ဖြစ်ရာ မိသားစုအားလုံး ပူးပေါင်းဆောင်ရွက်လျှင် သာယာသော၊ ကျန်းမာပျော်ရွှင်သော သီရိဂေဟာမိသားစုဖြစ်ပေမည်။

 

ထိုမှတစ်ဆင့် လက်ဆင့်ကမ်းကာ မိမိပတ်ဝန်းကျင်လူသားများကို အသိပညာ တစ်ဆင့်ပေးလျှင် အဆင့်ဆင့်တက်၍ ပြည်ထောင်စုသားတို့ညီအောင်ပြုပါလျှင် တစ်ပြည်လုံး ကျန်းမာမည်ဖြစ်ပါသည်။

 

ပြည်သူများ ကျန်းမာရေးသုခရရှိရန် အောက်ပါအချက်များကို ပြည်သူများကိုယ်တိုင် အလေးထားလိုက်နာ ကျင့်သုံးရပေမည်

(က) Knowledge ကျန်းမာရေးအသိပညာ ဗဟုသုတရှိရပေမည်။ ကျန်းမာရေးဝန်ထမ်း၊ အသိပညာပေးဟောပြောခြင်း၊ TV၊ စာစောင်၊ သတင်းစာ၊ Radio၊ ရုပ်ရှင်၊ ပိုစတာ၊ လက်ကမ်းစာစောင်များကို ဖတ်ရှုလေ့လာခြင်း၊ ဟောပြောပွဲများတက်ရောက်နားထောင်ခြင်းဖြင့် အသိပညာရမည်။ ပြဿနာတစ်ခု အစသည် ‘အဝိဇ္ဇာ’ မသိခြင်းကြောင့်ဖြစ်ရာ အသိရှိအောင် လုပ်ရပါမည်။

 

( ခ ) ဟောပြောကာ နားထောင်ရုံမပြုဘဲ Right Attitude၊ Right thinking ခံယူချက် ပြန်လည်တွေးတော ဆင်ခြင်ရမည်။

 

( ဂ ) Practice ဆိုသည့်အတိုင်း လက်တွေ့လိုက်နာကျင့်ကြံလုပ်ဆောင်ခြင်းဖြင့် ကောင်းသော အပြုအမူအကျင့်တွေ ပါရမီပါမည်ဖြစ်ပါသည်။ နေ့စဉ် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်ရမည်။ ပြည်သူများ လိုက်နာရမည့်စည်းကမ်း၊ ပြည်သူ့နီတိ၊ ဆောင်ရန်၊ ရှောင်ရန်များကို နေ့စဉ် ပုံမှန် စဉ်ဆက်မပြတ် ဆောင်ရွက်မှသာ အားလုံးကျန်းမာချမ်းသာပါမည်။

 

အားလုံးသော ပြည်သူသန်းခြောက်ဆယ်နီးပါးကို စောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်း ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ ဝန်ထမ်းအသီးသီး၏ တာဝန်ဖြစ်သကဲ့သို့ နှီးနွှယ်နေသော ဝန်ကြီးဌာန များတွင်လည်း တာဝန်ရှိပါသည်။ ဌာနဆိုင်ရာအသီးသီးကလည်း ပြည်သူနှင့်တစ်သားတည်း လက်တွဲပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါသည်။ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးပညာပေးမှုတွင် အားနည်းနေပါသည်။ ဝန်ထမ်းနှင့် ပြည်သူ အချိုးအဆ ကွာဟချက်များနေ၍ အားလုံးဆရာဝန်၊ ဆရာမ၊ အငြိမ်းစားဝန်ထမ်း၊ NGOs၊ INGOs၊ လူမှုရေးအဖွဲ့ အစည်းများ ပါဝင်ပူးပေါင်း ထောက်ပံ့ကူညီပေးရမည်ဖြစ်ပါသည်။

 

အောက်ခြေGrass root level ကို ကျန်းမာရေးအသိပညာ ထိရောက်စွာပေးခြင်း၊ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းကို မူလတန်းမှစ၍ အထက်တန်းအထိကို ပညာပေးရမည်ဖြစ်ပါသည်။ ဝန်ကြီးဌာနအားလုံးကလည်း ပါဝင် ပူးပေါင်းဆောင်ရွက်ပေးရပါမည်။

 

၁။ ကူးစက်တတ်သောရောဂါများ ကာကွယ်ခြင်း၊

 

၂။ မကူးစက်တတ်သောရောဂါများ ကာကွယ်ခြင်း၊

 

၃။ ကျောင်းကျန်းမာရေး အစဉ် ဆောင်ရွက်ပေးရမည်၊

 

၄။ အာဟာရပြည့်စုံရမည်။ အစားအသောက်၊ ဆေးဝါးများ စံချိန်မီအောင် ပြုရမည်၊

 

၅။ ပတ်ဝန်းကျင်ကျန်းမာရေး၊ ကျန်းမာအောင် ဆောင်ရွက်ခြင်း၊ လူဦးရေထိန်းချုပ်မှု၊

 

၆။ ဘေးကင်းသောရေ၊ အစားအစာ၊ တစ်ကိုယ်ရေကျန်းမာရေး၊

 

၇။ သန့်ရှင်းသော ပတ်ဝန်းကျင်၊ သန့်ရှင်းသောလေ ဖြစ်ရပါမည်။

 

ကမ္ဘာတွင် ကင်ဆာရောဂါနှင့် ကူးစက်ရောဂါ၊ ဆေးယဉ်ပါး ပိုးမွှားများ ပြဿနာများလာ၍ မြန်မာနိုင်ငံသည် ကင်ဆာရောဂါ ဒုတိယနေရာ ယူထားပါသည်။ ကမ္ဘာ့လေထုညစ်ညမ်းမှုကြောင့် ကင်ဆာရောဂါ ပိုဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် လေထု၊ ရေထု၊ မြေထု သန့်ရှင်းရန်လိုပါသည်။ ကမ္ဘာကြီးပူနွေးလာသည့်အတွက် ကပ်ရောဂါများ၊ ရောဂါဆန်းများ ပိုမိုတိုးပွားလာသဖြင့် Man made disaster လူတို့၏ အကျင့်ဆိုး၊ စရိုက်ဆိုး၊ အမူအကျင့်ဆိုးများ ပြင်ဆင်သင့်ပါသည်။ စင်ကာပူကဲ့သို့ အမှိုက်ပစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဒဏ်ငွေ ၅၀ဝ စင်ကာပူဒေါ်လာပေးရခြင်း၊ ကြိမ်ဒဏ်တပ်ခြင်းသည် ဥပမာရှိသလို ပညာပေးကာလ ကျော်လာပြီးဖြစ်၍ ဥပဒေနှင့် ဆောင်ရွက်သင့်ပါသည်။

 

၈။ ထိရောက်သော ကုသမှုပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကျဆင်းနိုင်ပါသည်။ ဆေးရုံကြီးများကို ဝန်ကြီးဌာနမှ အဆင့်မြှင့်၍ ဆေးဝါး၊ စက်ပစ္စည်းများ၊ နည်းပညာများ မြှင့်တင်ပေးထား၍ ရယူသုံးစွဲနိုင်သော အခြေအနေဖြစ်နေပါပြီ။ ပညာရှင်များကိုလည်း နိုင်ငံခြားပညာသင် စေလွှတ်ခြင်း၊ ပြည်ပ ပညာရှင်များနှင့် ပညာနှီးနှောဟောပြော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရည်အချင်းပြည့်ဝန်ထမ်းများ မွေးထုတ်ပေးခြင်းဖြင့် ကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်၍INGOs, NGOs များ ပြည်ပ၏ ကူညီပံ့ပိုးမှုများကြောင့်လည်း ရောဂါကူးစက်မှု၊ ဖြစ်ပွားမှုများကျဆင်း၍ ကာကွယ်ဆေးများကြောင့်လည်း ယနေ့ အောင်မြင်မှုရရှိနေပါသည်။ စံပြကျန်းမာရေးအချက်အလက်များ လက်စွဲစာအုပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ကျန်းမာရေးဝန်ထမ်းများအား အခမဲ့ဖြန့်ဖြူး၍ ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ပေးလျက်ရှိပါသည်။

 

၉။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ပြန်လည်ထူထောင်နိုင်အောင် စောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးစီမံချက်များဖြစ်သောT.B, HIV AIDS ၊ မူးယစ်ဆေးဝါး အလွဲသုံးမှုကုသရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ကင်ဆာကာကွယ်ရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ အသည်းရောင် အသားဝါ(ဘီ၊ စီ) ကာကွယ်ရေး၊ ဆီးချို သွေးချို၊ နှလုံးရောဂါကာကွယ်ရေး စသည်တို့ကိုလည်း ဆောင်ရွက်နေပါသည်။ အဓိကပြည်သူများကသာ ဖြစ်ပါသည်။ အခြားတာဝန်ယူ ပူးပေါင်းဆောင်ရွက်ရမည့် ဝန်ကြီးဌာနများမှာလည်းမိမိတို့ တာဝန်ကျေပွန်ရပေမည်။

 

စည်ပင်သာယာရေးအဖွဲ့မှလည်း ပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ စနစ်တကျ အမှိုက်၊ အညစ်အကြေး၊ မိလ္လာကိစ္စ၊ ရေကြီးရေမြုပ်၊ ပိတ်ဆို့ခြင်း၊ စနစ်တကျ အမှိုက်သိမ်းစနစ်၊ လူနေရပ်ကွက်အတွင်း လူများ အသက်အန္တရာယ်၊ ဘေးရောဂါ၊ ကပ်ရောဂါ၊ ကူးစက်ရောဂါ၊ ကင်ဆာအဆိပ်များဖြစ်စေသော စက်ရုံကြီးများလူသားများ၊ ကျန်းမာရေး၊ လူမှုရေးအနှောင့်အယှက်ဖြစ်သော လုပ်ငန်းရှင်များအား ပါမစ်ခွင့်ပြုထားခြင်း၊ ပြည်သူ့ကျန်းမာရေးဥပဒေနှင့်မညီခြင်း၊ ဥပမာ-ဘက်ထရီအိုးများ ဆေးကြောခြင်း၊ ကြိတ်ခွဲခြင်း၊ ပလတ်စတစ်များနေလှန်းခြင်း၊ ကျိုချက်၍ လွန်စေ့ထုတ်ခြင်း၊ ဆေးဆိုးခြင်း ခေါ် အဆိပ်ငွေ့များကြောင့် ရင်သားကင်ဆာ၊ မျိုးဆက်ပွားကင်ဆာနှင့် မျိုးရိုးဗီဇပြောင်းလဲခြင်း၊ ဆီးချိုရောဂါအဆင့်-၂၊ အသည်းကင်ဆာ၊ သွေးကင်ဆာများ အဖြစ်များလာပါသည်။ အရောင်ဆိုးဆေးများကြောင့် အရေပြားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဓာတ်မတည့်ရောဂါ၊ ဓာတ်ဆီ၊ ဒီဇယ်၊ အင်ဂျင်ဝိုင်များသည် ဟိုက်ဒရိုကာဗွန်ဖြစ်၍ ကင်ဆာဖြစ်စေပါသည်။ ရပ်ကွက်တွင်း အရှေ့၊ အနောက်ရေစီးလမ်းမရှိအောင် မြောင်းပိတ်စက်ရုံကြီးများ ၂၄ နာရီ ဥပဒေမဲ့ နှောင့်ယှက်ဆူညံခြင်း၊ စွန့်ပစ်အညစ်အကြေးများကြောင့် လေထုတွင် အမိုးနီးယား၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ အီသိန်း၊ ဂတ်စ် အနံ့များ ဖြစ်စေပြီး ကျန်းမာရေးချို့တဲ့ရုံမက မီးဘေးအန္တရာယ်၊ အရွယ်မရောက်ကလေးများ မတရားစေခိုင်းခြင်း၊ ဖူလုံရေး၊ အမြတ်ခွန်၊ လုပ်သားရပိုင်ခွင့်များကိုဥပဒေလက်တစ်လုံးခြားလုပ်နေခြင်းကို တွေ့ရပါသည်။ လူနေရပ်ကွက်သည် လေထု၊ ရေထု၊ မြေထု သန့်ရှင်းသပ်ရပ်ရန်လိုပါသည်။

 

လျှပ်စစ်ဌာနမှလည်း ရပ်ကွက်တွင်း Power ၃၀၊ ၅၀ ကောင်ရေများ ချပေးနေရာ သစ်စက်၊ ပလတ်စတစ်စက်ရုံကြီးများ၊ ကျန်းမာရေး၊ လူမှုရေး၊ မီးဘေးအန္တရာယ် စသည့် သဘာဝဘေးများ တွေ့နိုင်ပါသည်။

 

မူလတန်းကျောင်း၊ အထက်တန်းကျောင်း၊ ပတ်ဝန်းကျင်တွင် စက်ရုံ၊ အလုပ်ရုံများ၊ ကွမ်းယာဆိုင်များ၊ အရက်ဆိုင်၊ ဂိမ်းဆိုင်များကြောင့် ကလေးများ ကျန်းမာရေး ထိခိုက်စေပါသည်။

 

FDA မှလည်း ယခုအခါ လူတို့ အန္တရာယ်ဖြစ်သော အစားအသောက်၊ ဆေးဝါးများကို တင်သွင်းရောင်းချခြင်းရှိ၊ မရှိနှင့် အစစ်၊ အတုအန္တရာယ်ရှိ၊ မရှိ ခေတ်မီနည်းစနစ် ဓာတုဓာတ်ခွဲခန်းများဖြင့် စစ်ဆေးအရေးယူဆောင်ရွက် ပေးခြင်းဖြင့် ပါဝင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ပညာရေးဝန်ကြီးဌာနမှ လက်ဦးဆရာ ဆရာမများကိုလည်း ကျန်းမာရေးပညာသင်တန်းပို့ချ၍ ကျောင်းသား ကျောင်းသူများကို တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေး၊ သွားတိုက်၊ လက်သည်းညှပ်၊ အမှိုက်ပစ်၊ ပတ်ဝန်းကျင် သန့်ရှင်းရေး တို့ကို မူလတန်းမှ စသင်ပေးခြင်း၊ အာဟာရပညာပေးခြင်းဖြင့် အတော်အတန်အောင်မြင်မှုကို တွေ့ရပါသည်။ ကျောင်းတွင်း မူးယစ်ကင်းစင်ရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး၊ ကွမ်းယာအန္တရာယ်များ ပညာပေးခြင်း၊ ကာကွယ်ဆေးထိုးရာတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျောင်းကျန်းမာရေးကို ဂရုစိုက်ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်ပေးခြင်းဖြင့် မိမိတို့တပည့်၊ သားသမီးများ၏ ကျန်းမာရေးကို စေတနာ၊ မေတ္တာ၊ ကရုဏာ၊ အကြင်နာတရားဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောင်းနှင့် ဝန်းကျင်တွင် ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဂိမ်းဆိုင်များ မူးယစ်ဆေးဝါးများ ကင်းစင်အောင်၊ အဆိပ်ငွေ့လုပ်ငန်းများမရှိအောင် ပညာရေးဌာနမှ ပူးပေါင်းဆောင်ရွက်ပါမည်။

 

ကျန်းမာရေးဝန်ထမ်းပညာရှင်များသည် လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေး primary care မှစ၍ ဆေးရုံအထိ မိမိတို့တာဝန်ကျေပွန်စွာ ပညာပေးရမည်၊ ကုသမှုပေးရပါမည်။ ဆေးရုံများသည်လည်း အဆင့်မြှင့်တင်ပေးခြင်း၊ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ခေတ်မီ စက်ကိရိယာ၊ နည်းပညာ၊ ဆေးဝါးများဖြင့် လူနာများကို စနစ်တကျ ကျွမ်းကျင်စွာ စေတနာ၊ မေတ္တာဖြင့် ကုသပေးခြင်း ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းအောင် စောင့်ရှောက်မှုပေးရပါမည်။ အားလုံးသော ဝန်ကြီးဌာန အဖွဲ့အစည်းများကို ကျန်းမာရေး အသိပညာပေးခြင်း၊ တစ်ကိုယ်ရေကျန်းမာရေး စောင့်ရှောက်မှုမှသည်မိသားစုတို့မှ ရပ်ကွက်၊ မြို့နယ် ပြည်ထောင်စုသားအားလုံး ကျန်းမာရေးမြှင့်တင်ရာ ရောက်ပေမည်။

 

သတင်းမီဒီယာမှလည်း ဆောင်းပါးများ၊ ပိုစတာများ၊ ကျန်းမာရေးအသိပညာပေးဝတ္ထု၊ ကဗျာ၊ ကာတွန်းများ၊ တိုးတက်မှုများ ကျန်းမာရေး နှင့် ပတ်သက်သော သတင်းများ ဖြန့်ဝေပေးခြင်းဖြင့်လည်း အကျိုးရှိသလို ရုပ်ရှင်အနုပညာဖြင့်လည်း ပါဝင်ပူးပေါင်းပညာပေးခြင်းဖြင့် ပြည်သူလူထုထံ အသိပညာ ထူးခြားချက်များ၊ သတင်းထူးများ၊ ကမ္ဘာ့ဖြစ်ရပ်များကို သိရှိနိုင်ပါသည်။

 

ထို့ကြောင့် ပြည်သူများ သက်ရှည်ကျန်းမာလိုပါသလား။

 

စာများများဖတ်ပါ။ မှတ်ပါ၊ ကျင့်ကြံပါ၊ လိုက်နာဆောင်ရွက်ပါ။ ပညာပေးဟောပြောပွဲများကို တက်ရောက်၍ ပါဝင်ပူးပေါင်းဆောင်ရွက်မေးမြန်းဆွေးနွေးပါ။ မိမိအသိကို တစ်ဆင့် မျိုးဆက်သစ်များ၊ မိသားစုများ၊ ပတ်ဝန်းကျင်ကို ပညာဒါန၊ ဇီဝိတဒါနအနေဖြင့် လက်ဆင့်ကမ်းပညာပေးရေး၊ ဆွေးနွေးပေး၊ ပညာရှင်များထံ ခေါ်ဆောင်၍ သိလိုတာဆွေးနွေးပေးခြင်းတို့ ပြုလုပ်ခြင်းသည် မြင့်မြတ်သည့် ပရဟိတ အများအကျိုးဆောင်ရွက်ရာရောက်၍ ကိုယ်လည်းကျန်းမာ သူလည်းကျန်းမာ သုခရရှိစေပါသည်။ ပြည်တွင်းNGOs အဖွဲ့အစည်းများ၊ INGOs အဖွဲ့အစည်းများမှ အသိပညာဖြန့်ဖြူးခြင်း၊ ပစ္စည်းအင်အား၊ ငွေအင်အား၊ ဆေးဝါးစက်ကိရိယာနှင့် နည်းပညာများ ဖြန့်ဖြူးပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အထောက်အပံ့အကူအညီများ၊ ပံ့ပိုးမှုများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်း ပြည်သူ့ကျန်းမာရေး ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။

 

ကြိုတင်ကာကွယ်မှုသည် အကောင်းဆုံး ဆိုသည့်ဆောင်ပုဒ်နှင့်အညီပြည်သူအားလုံး နေထိုင်မှုပုံစံများ ပြောင်း၊ အမူအကျင့်ဆိုးတွေပျောက်၊ အမူအကျင့်ကောင်းတွေ လက်ကိုင်ထား၊ လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ကိုယ်တိုင်ကျင့်မှ ကိုယ်မြင့်မည်ဖြစ်၍ ပြည်သူအားလုံး ကျန်းမာဖို့ စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။