ပြည်ပသို့ဆန်စပါးတင်နိုင်ရန် ပင်လယ်ရေကြောင်းမှ စီစဉ်နေ

ရန်ကုန်  ၂၉  ဖေဖော်ဝါရီ

တရုတ်နိုင်ငံမှ ကော်လိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် နယ်စပ်မှဆန်တင်ပို့မှု ရပ်နားနေချိန်တွင် ပြည်ပသို့ ဆန်စပါးတင်ပို့နိုင်ရန် ပင်လယ်ရေကြောင်းမှ ဆန်စပါးအသင်းများ ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

 

နိုင်ငံခြားဆန်တင်ပို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က “၂၀၁၉ ခုနှစ်က Border trade ကနေ တစ်ဝက်ကျော်ကျော် တင်ပို့နိုင်ခဲ့ပါတယ်၊ ဒီဘက်နှစ် နယ်စပ်ကုန်သွယ်ရေးက တင်ပို့မှုတွေ ရပ်နားနေချိန်မှာ ပင်လယ်ရေကြောင်းကနေ ပို့ဆောင် ဆောင်ရွက်နေပါတယ်၊ အဲဒီလို ဆောင်ရွက်နေတဲ့အတွက် အထူးသဖြင့် တရုတ်ပြည်ဆိုလည်း အများဆုံးတင်ပို့တာ ဖြစ်ပါတယ်၊ ကုမ္ပဏီ (၁၁)ခုကနေ တရားဝင်တာဝန်ခံပြီး ပို့နေပါတယ်၊ နောက်ထပ် ကုမ္ပဏီတွေပါ တင်ပို့နိုင်အောင် ဆန်စပါးအသင်းချုပ်တွေ၊ ကျွန်တော်တို့ အသင်းတွေကပါ ကူညီပံ့ပိုး ဆောင်ရွက်နေပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့နိုင်အောင် ဦးတည်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးအောင် ပို့ကုန် မြှင့်တင်ရေး ဖြစ်နိုင်အောင် ဆန်ကုန်သည်အသင်း၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ် တင်ပို့သူများအသင်း၊ ဆန်စပါးအသင်းချုပ်ကို ပံ့ပိုးပြီးဆောင်ရွက်နေပါတယ်၊ ဝူဟန် ကော်လိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာပဲ လယ်ယာစက်ပစ္စည်းပြပွဲကို အကြောင်းပြုပြီး နိုင်ငံတကာဈေးကွက်ကိုရှာဖို့ကို တရုတ်ပြည်က ဗီဇာယူပြီးတာတောင် မလာနိုင်ဘူး၊ ဗိုင်းရပ်စ်က အီရန်အထိ ပြန့်ပွားနေတဲ့သဘောဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ခြောက်လအတွင်း ထိန်းချုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်၊ ကျွန်တော်တို့ ဆန် ကဏ္ဍတင်ပို့မှု တိုးတက်အောင် အားလုံးညှိနှိုင်း တိုင်ပင်ထားပါတယ်” ဟု ပြောသည်။

သန့်ဇင်ဝင်း