ပြည်ပပြန်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့သည့် အ.ထ.က ကျောင်းရှိ စာသင်ဆောင်များအား ပိုးသတ်ဆေးဖျန်း

မော်လိုက် ၁ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ပြည်ပမှပြန်လာသူများအား အသွားအလာ ကန့်သတ် စောင့်ကြည့်နိုင်ရန် ထားရှိခဲ့သည့် မော်လိုက်(အ.ထ.က)ကျောင်းရှိ စာသင်ဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်းကို ဇွန် ၁ ရက် နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်းနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ စာသင်ဆောင်များနှင့် ၎င်းတို့အသုံးပြု ထိတွေ့ခဲ့သည့် ရေကန်များ၊ အိမ်သာများ၊ ထိုင်ခုံများနှင့် ခုံတန်းလျားများအား ပိုးသတ်ဆေးများ ဖျန်းခဲ့ကြကြောင်း သိရသည်။

 

မော်လိုက်မြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား မော်လိုက်(အ.ထ.က)ကျောင်း၌ အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့်ကြည့်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြန်လာသူအားလုံး သတ်မှတ်ထားသည့် စောင့်ကြည့်ရက် ပြည့်ပြီဖြစ်၍ မိမိနေအိမ်များသို့ ပြန်လည်စေလွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင် အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ပညာရေးဌာနသို့ ပြန်လည်အပ်နှံ ပေးနိုင်ရန် စာသင်ဆောင်များနှင့် အသုံးပြုခဲ့သည့် အရာဝတ္ထုများအား ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နောက်ထပ် ပြည်ပနိုင်ငံများမှ ပြန်လာသူများ ရှိလာပါက ယခင်က သတ်မှတ်ထားသည့် မိုးလုံလေလုံ အားကစားခန်းမ၊ နယ်ပိုင်အိမ်နှင့် ပြည်သူ့ဝန်ဆောင်မှုရုံးတို့တွင် ဆက်လက်ထားရှိသွားနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ မော်လိုက်မြို့နယ်တွင် COVID-19 ရောဂါကာလအတွင်း ပြည်ပနိုင်ငံများမှ ပြန်လာသူအနေဖြင့် ယနေ့ အချိန်ထိ စုစုပေါင်း (၄၀)ဦး ရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မော်လိုက်သားလေး