ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများ ၃ တင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းကျော် စျေးမြင့်တက်

မန္တလေး ဧပြီ

 

ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဝယ်လိုအား ကောင်းမွန်မှုကြောင့် မတ်ပဲနှင့် ပဲတီစိမ်း (ခရမ်းရွှေဝါ) သီးနှံများ မန္တလေးစျေးကွက်အတွင်း၌ ၃ တင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းကျော်အထိ စျေးမြင့်တက်လျက်ရှိကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

 

‌ပဲ၁၂၃

 

အဆိုပါ ပဲသီးနှံများမှာ ပြီးခဲ့သည့် မတ်လကုန်ပိုင်းက covid-19 ရောဂါဂယက်ကြောင့် မတ်ပဲ ၃ တင်းဝင်တစ်အိတ်လျှင် ကျပ် ၈၂၀၀၀ ကျပ်နှုန်းနှင့် ပဲတီစိမ်းသီးနှံမှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၈၀၀၀ နှုန်းအထိ စျေးများကျဆင်းသွားခဲ့ပြီး၊ ယခုဧပြီလဆန်းပိုင်းတွင် မတ်ပဲကို အိန္ဒိယနိုင်ငံမှ စာချုပ်ဖြင့် စတင်ဝယ်ယူလာမှုကြောင့် စျေးကွက်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ နှုန်းအထိလည်းကောင်း၊ ပဲတီစိမ်းကို တရုတ်နိုင်ငံမှ သွက်လက်စွာဝယ်ယူလာမှုကြောင့် သုံးတင်းဝင်တစ်အိတ်လျှင် ၁၂၅၀၀၀ နှုန်းအထိလည်းကောင်း စျေးများမြင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

ဒီနှစ်ပိုင်းမှာ ပဲတီစိမ်းနဲ့ မတ်ပဲစျေးနှုန်းတွေက covid-19 ဂယက်ကြောင့် အခြားပဲတွေလို စျေးကျဆင်းနေပေမယ့် အခုလို မမျှော်လင့်ဘဲ ရုတ်တရက်ကြီးစျေးတွေ ခုန်တက်လာတဲ့အတွက် လက်ကျန်ပဲတွေကနေ စျေးကောင်းရကြလို့ တောင်သူတွေနဲ့ ကုန်သည်တွေ ဝမ်းသာနေကြတယ်။ မကြာခင် မေလအတွင်းမှာလည်း ရေသွင်းစိုက်ပျိုးထားတဲ့ နွေပဲတီစိမ်းသီးနှံတွေ စျေးကွက်ကို ဝင်လာတော့မှာပါ။ ဒီသီးနှံနှစ်မျိုးစလုံးက အခုလို ဝယ်လိုအားကောင်းတဲ့အတွက် သင်္ကြန်အပြီးကာလမှာလည်း လက်ရှိစျေးအောက် ကျဆင်းသွားဖို့ မရှိနိုင်ဘူးလို့ ခန့်မှန်းတယ်။ ဒီကာလမှာလည်း ကုန်စည်စီးဆင်းမှု မြန်ဆန်ဖို့နဲ့ ကုန်စျေးနှုန်းတည်ငြိမ်ရေးတို့အတွက် မန္တလေးကုန်စည်ဒိုင်ကို နေ့တစ်ပိုင်းဖွင့်ပေးထားတယ်" ဟု ၎င်းကပြောသည်။

 

ပဲတီစိမ်းသီးနှံကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရာသီမရွေး စိုက်ပျိုးကြပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ်သာ စိုက်ပျိုးကြကြောင်းနှင့် မတ်ပဲကို မြန်မာနိုင်ငံအနှံ့အပြား၌ ဆောင်းသီးနှံအဖြစ်သာ တောင်သူများ အားထားစိုက်ပျိုးကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)