ပြည်ပအလုပ်အကိုင်နှင့် ခက်ခဲကြမ်းတမ်းသည့် နေ့ရက်များ


သျှင်မေ
တရားဝင်အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ တည်ထောင်ခွင့်ပေး
လုပ်ငန်းအတတ်ပညာကျွမ်းကျင်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံတို့ ပြည့်ဝသူများအဖို့ မထောင်းတာသော်လည်း လုပ်ငန်းအတတ်ပညာအားနည်း၊ ဘာသာစကားကျွမ်းကျင်မှုမရှိ၊ စားသောက်နေထိုင်မှုနှင့် ဓလေ့စရိုက်တို့ လေ့လာထားခြင်းမရှိသူများအဖို့ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်ကိုလည်း မြင်တွေ့ကြားသိရလျက်ရှိပါသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အခြားနိုင်ငံများနှင့် တရားဝင်သဘောတူညီမှုထားရှိပြီး အလုပ်သမားစေလွှတ်ခြင်းများ ဆောင်ရွက်ပေးနေသကဲ့သို့ တရားဝင်အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ တည်ထောင်ခွင့်ပေးကာ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းအတွက် တရားဝင်လမ်းကြောင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
ထို့အတူ အကြောင်းကြောင်းကြောင့် ပြည်ပသို့ရောက်ရှိနေပြီး အခက်အခဲကြုံနေရသည့် မြန်မာနိုင်ငံသားများအတွက် မည်သို့သောအခြေအနေပင် ဖြစ်စေကာမူ မိမိနိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ ကယ်တင်ခြင်း၊ ပြန်လည်ခေါ်ဆောင်ပေးခြင်းတို့ကို နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများက ကြိုးစားချိတ်ဆက်ကာ မိမိတို့နိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် တတ်စွမ်းသမျှဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်တာဝန်ယူ စဉ်ကတည်းကပင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တပ်မတော်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး မကြာသေးမီက အစ္စရေးနှင့် ဟားမားစ်တို့ ပဋိပက္ခအတွင်း ပိတ်မိနေခဲ့ကြသည့် မြန်မာနိုင်ငံသားများကို အချိန်မီကယ်တင်ခေါ်ထုတ်ပေးနိုင်ခဲ့သည့်နည်းတူ မကြာသေးမီ ဖေဖော်ဝါရီလက အီရတ်နိုင်ငံ၌ အကျပ်အတည်းများအတွင်း ပိတ်မိနေကြသော မြန်မာအမျိုးသမီးသုံးဦးကို ဘဂ္ဂဒက် - ဘန်ကောက် - ရန်ကုန် ခရီးစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သတင်းများအရသိရသည်။
ပြီးခဲ့သည့် ဧပြီလက ပြည်ပအခြေစိုက်သတင်းဌာနတစ်ခုတွင် “အီရတ်တွင် ရောင်းစားခံရသည့် မြန်မာအမျိုးသမီး ခြောက်ဦး အကူအညီမရသေး” ဟူသည့် သတင်းတစ်ပုဒ်ပါရှိလာခဲ့ပြီး အဆိုပါသတင်း အချက်အလက်များမှာ မြေပြင်အခြေအနေနှင့် ကွဲပြားမှုများပါရှိပြီး နိုင်ငံတော်နှင့် မြန်မာသံရုံးများအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် လိုသလိုဖန်တီးတည်ဆောက်ထားသည့် သတင်းတစ်ပုဒ်သာဖြစ်သည်ကို မြင်တွေ့ရသည်။
အီရတ်တွင် အလုပ်လုပ်ကိုင်နေထိုင်နေပြီး အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမား ခြောက်ဦးဖြစ်စဉ်ကို စာရေးသူတို့ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်သိရှိရသည်။ ထိုအမျိုးသမီးများက သူတို့၏ အခက်အခဲများကို လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ပြောကြားခဲ့ကြသဖြင့် လူအများကရုဏာသက်ခဲ့ရသည်။ ထိုအချိန်မှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အီရတ်နိုင်ငံရောက် မနော်လေးလေးဖော၊ မစုမွန်၊ မအေးအေးသန်း၊ မအိသူ၊ မနွဲ့ယဉ်ဝင်းနှင့် မရီရီချိုတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အီရတ်နိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးလျက်ရှိသည့် Seed Organization လူမှုအဖွဲ့အစည်းနှင့်လည်း ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာသံရုံးကိုင်ရိုမြို့မှ ပေးပို့သည့် သတင်းအချက်အလက်များအရ မအေးအေးသန်း၊ မအိသူနှင့် မစုမွန်တို့ကို Sulaymaniyah ရဲစခန်းတွင် သက်ဆိုင်ရာအာဏာပိုင်များနှင့် Seed Organization တို့က လူတွေ့စိစစ်မေးမြန်းခဲ့ပြီး မနော်လေးလေးဖောနှင့် မရီရီချိုတို့ကို အွန်လိုင်းဖြင့် ချိတ်ဆက်မေးမြန်းနိုင်ခဲ့သည်။ မနွဲ့ယဉ်ဝင်းမှာမူ အသေးစိတ်တွေ့ဆုံ မေးမြန်းနိုင်ရန် အခက်အခဲရှိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များက အီရတ်လူကုန်ကူးမှုတားဆီးရေးအဖွဲ့သို့ စစ်ဆေးထွက်ဆိုချက်များကို အစီရင်ခံစာ ပေးပို့ထားကြောင်း သိရှိရသည်။
လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် နှစ်ပတ်တစ်ကြိမ် သတင်းရယူ
မြန်မာသံရုံးအနေဖြင့် သံအမတ်ကြီး ဦးဆောင်သည့် အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာအဆိုပါ အမျိုးသမီးများနှင့် လူမှုကွန်ရက်တို့မှ တစ်ဆင့်ပုံမှန်ထိတွေ့ဆက်သွယ်မှုများ ပြုလုပ်သလို လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် နှစ်ပတ်တစ်ကြိမ် ထိတွေ့ဆက်ဆံကာ ဖြစ်ပေါ်တိုးတက်မှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းရယူလျက်ရှိကြောင်း သိရသည်။ မြန်မာအိမ်အကူအလုပ်သမားများနှင့် အိမ်ရှင်တို့အကြား ဘာသာစကားအခက်အခဲများကြောင့် ဆက်သွယ်ပြောဆိုနိုင်မှု အားနည်းခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကွဲပြားလျက်ရှိခြင်း၊ အလုပ်လုပ်ကိုင်သည့်အခါ ပင်ပန်းမှုဒဏ်ကို ခံနိုင်ရည်မရှိခြင်း၊ မိသားစုနှင့် ဝေးကွာနေရသဖြင့် စိတ်အားငယ်မှုခံစားရခြင်း စသည့်ပြဿနာများ ခံစားနေကြရသည်။ 
အမျိုးသမီးခြောက်ဦးနှင့် ဧပြီလ ၂၄ ရက်နေ့တွင် တစ်ဦးချင်းဆက်သွယ် ပြောကြားမှုများအရ မနော်လေးလေးဖောမှာ လစာနှစ်လစာခန့် ရရှိထားပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀၀ ခန့်ရရှိကြောင်း၊ နှိပ်စက်ခံရခြင်းမျိုးမရှိဘဲ အစားအသောက်များ ပုံမှန်စားသောက်ခွင့်ရရှိကြောင်း ပြန်လည်ဖြေကြားထားခဲ့သည်။ မရီရီချိုကလည်း အမေရိကန်ဒေါ်လာ ၃၀၀ နှုန်းဖြင့် လုပ်ခလစာ သုံးလစာခန့် ရရှိထားပြီး နှိပ်စက်ခံထားရခြင်းမရှိကြောင်း၊ အစားအသောက်များ ပုံမှန်စားရသော်လည်း လက်များပေါက်ပြဲသည်အထိ အလုပ်လုပ်ကိုင်နေရကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မအိသူသည်လည်း အမေရိကန်ဒေါ်လာ ၃၀၀ နှုန်းဖြင့် လုပ်ခလေးလစာရရှိထားပြီး ဘာသာစကား အခက်အခဲရှိသဖြင့် လုပ်ငန်းခွင်ဆက်သွယ်ပြောဆိုရန် အခက်အခဲကြုံနေရကြောင်း၊ အစားအသောက် ပုံမှန်စားသောက်ခွင့်ရရှိကြောင်း သိရှိရသည်။ မစုမွန်မှာမူ အလုပ်အကိုင်အေးဂျင့်ရုံးတွင် အခြားနိုင်ငံခြားသား ရှစ်ဦးနှင့်အတူ နေထိုင်နေရကြောင်း၊ လစာအတိအကျမသိရဘဲ နေအိမ်များတွင် နေ့စားသဘောသာအလုပ်လုပ်ရကြောင်း၊ လုပ်အားခ၏ သုံးပုံ တစ်ပုံ သာရရှိကြောင်း သိရှိရသည်။ 
မအေးအေးသန်းမှာလည်း လစာပုံမှန်ရရှိကာ အစားအသောက် ပုံမှန်စားသောက်ရပြီး အိမ်ရှင်က နှိပ်ခိုင်းခြင်းမျိုးရှိပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမရှိကြောင်း၊ နှိပ်စက်ခံရမှုမရှိကြောင်း သိရှိရသည်။ မနွဲ့ယဉ်ဝင်းမှာ ဗိုက်ခွဲထားစဉ်က ချုပ်ရိုးအနာရှိကြောင်း၊ ဘာသာစကား အခက်အခဲကြောင့် အိမ်ရှင်အား ပြောမပြနိုင်ခဲ့ကြောင်း၊ သူကအိမ်ရှင်၏ ကလေးအားရိုက်ခဲ့သဖြင့် စီစီတီဗွီမှတ်တမ်းအရ အေးဂျင့်ထံ ပြန်လည်ပို့ဆောင်ခြင်းခံရပြီး ပထမအိမ်ရှင်ထံမှ ရက် ၂၀ စာ လုပ်အားခလည်း မရရှိကြောင်း၊ လက်ရှိတွင် အိမ်ရှင်အသစ်ထံ အလုပ်လုပ်ကိုင်နေပြီး အစားအသောက်များ ပုံမှန်စားသောက်ရကြောင်း၊ နှိပ်စက်ခံရခြင်းမရှိကြောင်း မြန်မာသံရုံး ကိုင်ရိုမြို့မှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတင်းပေးပို့ထားသည်။
အမျိုးသမီးများအနက် အေးဂျင့်ရုံးတွင် နေထိုင်နေရသည့် မစုမွန်မှာ မြန်မာနိုင်ငံသို့ မပြန်လိုဘဲ မိသားစုအား ပြန်လည်ထောက်ပံ့လိုသည့်အတွက် ဆက်လက်အလုပ်လုပ်ကိုင်လိုပြီး ကျန်ငါးဦးမှာဖြစ်နိုင်ပါက မြန်မာနိုင်ငံသို့ ပြန်လာလိုကြောင်း မြန်မာသံရုံးနှင့် Seed Organization တို့၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားထားသည်။ 
မြန်မာသံရုံးနှင့် NGO တို့က ပူးတွဲလုပ်ဆောင်
အဆိုပါ မြန်မာနိုင်ငံသား ခြောက်ဦးမှာ သက်ဆိုင်ရာအလုပ်သမား အေဂျင်စီများနှင့် နှစ်နှစ်လုပ်ကိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုထားသည့်အတွက် စာချုပ်မပြည့်မီ နုတ်ထွက်လိုပါက လျော်ကြေးပေးဆောင်ရန် လိုအပ်ကြောင်း သိရှိရသည်။ မြန်မာသံရုံးသည် Seed Organization အား မေတ္တာရပ်ခံကာ လျော်ကြေးပေးဆောင်ရန် ကင်းလွတ်ခွင့်ပြုပြီး နေရပ်ပြန်ရန် ညှိနှိုင်းလျက်ရှိသော်လည်း အလုပ်ရှင်နှင့် သဘောတူညီချက် မရရှိသေးဘဲ အလုပ်ကောင်းမွန်စွာရရှိရေး၊ လုပ်ခလစာရရှိရေး၊ အကြမ်းဖက်မှုများ မရှိစေရေးအတွက်အပြင် အချက်အလက်များကို ဗဟိုအစိုးရ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့များသို့ ပေးပို့ထားပြီး မကြာသေးမီကပင် အီရတ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ စာပေးပို့ မေတ္တာရပ်ခံခြင်းများကိုလည်း သံရုံးနှင့် NGO တို့က ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 
မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများနှင့်စပ်လျဉ်း၍ အီရတ်အာဏာပိုင်များနှင့် ချိတ်ဆက်ရန် အခက်အခဲများစွာရှိနေပြီး သံတမန်နည်းလမ်းအပြင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းများ၊ ဒေသန္တရ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် မြန်မာအမျိုးသမီး ခြောက်ဦး ရောက်ရှိသည့်နေရာမှာ မြို့တော်ဘဂ္ဂဒက်နယ်မြေတွင်မဟုတ်ဘဲ နိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ဆက်သွယ်ရန် ခက်ခဲရုံသာမက ဒေသအလိုက် အုပ်ချုပ်ရေးစနစ်ကွဲပြားမှု၊ လုပ်ထုံးလုပ်နည်းများ မတူညီမှုများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိနေသည်ကိုလည်း သိရှိရပါသည်။ 
“ကျွန်မက ဒူဘိုင်းမှာ အလုပ်လုပ်တာပါ။ ဒူဘိုင်းကနေ အီရတ်မှာပြောင်းပြီး အလုပ်လုပ်ပါတယ်။ အီရတ်နိုင်ငံမှာ အခက်အခဲတွေကြုံရပြီး မြန်မာနိုင်ငံလို စိတ်ထားမျိုး မရှိတဲ့အတွက် ပိုပြီးခံစားရပါတယ်။ အခုလို နိုင်ငံတော်စရိတ်နဲ့ ပြန်လည်ခေါ်ဆောင်ပေးလို့သာ ကျွန်မတို့ပြန်ရောက်ခဲ့တာပါ”ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နိုင်ငံတော်စရိတ်ဖြင့် အီရတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မသန်းနွယ်ဌေးက ပြောကြားခဲ့သည်။
အိမ်အကူလုပ်ငန်းဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများစွာရှိနေပြီး ယင်းတို့အနက် အသက်လိမ်လည်မှုပြဿနာ၊ လုပ်ငန်းမကျွမ်းကျင်မှုပြဿနာ၊ အိမ်ရှင်နှင့် ဆက်သွယ်ပြောဆိုနိုင်ရန် ဘာသာစကားအားနည်းမှုပြဿနာ၊ အလုပ်သမားအခွင့်အရေးများနှင့် စည်းမျဉ်းစည်းကမ်းများ မသိရှိသည့် ပြဿနာများကြောင့် အေးဂျင့်များထံတွင် သောင်တင်နေရခြင်း၊ အလုပ်အိမ်မတည်မြဲခြင်း၊ လုပ်ခလစာပြည့်မရရှိခြင်း စသည့်အခက်အခဲများစွာကို ရင်ဆိုင်နေရပြီး နေရပ်ပြန်ခွင့်မရရှိသူများစွာ ရှိနေသည်ကိုလည်း ကြားသိရသည်မှာ ရင်နာဖွယ်ကောင်းလှသည်။ 
“အိုမန်၊ ဒူဘိုင်းနဲ့ အီရတ်ကို အတတ်ပညာ မပြည့်စုံဘဲ အိမ်အကူလာဖို့ ကြိုးစားနေတဲ့သူတွေ အရင်ဆုံးအေးဂျင့်ကို သေသေချာချာ ရွေးချယ်ဖို့လိုပါတယ်။ တရားမဝင် ပို့ဆောင်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်မအပါအဝင်ပါပဲ။ အိမ်ရှင်တွေ ရှိတယ်ဆိုပြီး ရောက်လာခါမှ အလုပ်ကတော်တော်နဲ့မရတာ၊ အိမ်ရှင်ရတော့လည်း အဆင်မပြေရင် ပြောင်းချင်တိုင်း ပြောင်းခွင့်မရတာတွေ အများကြီးရှိပါတယ်။ ကျွန်မတို့က ရောင်းစားခံရတာပါ။ ဖြစ်နိုင်ရင် ဘာသာစကား၊ လုပ်ငန်းကျွမ်းကျင်မှုမရှိဘဲ ပြည်ပကိုမလာပါနဲ့လို့ နောက်လူတွေကို ပြောပြလိုပါတယ်” ဟု အီရတ်တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး အဆင်မပြေမှုကြောင့် အိမ်ရှင်နှင့်ပြောဆိုကာ လျော်ကြေးပေးပြီး မိမိ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူတစ်ဦးကလည်း ပြောကြားသည်။ 
နိုင်ငံတော်နှင့် မြန်မာသံရုံးများက မိမိတို့နိုင်ငံသားများ ပြည်ပတွင် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါတိုင်း တတ်စွမ်းသမျှ ကူညီပေးလျက်ရှိသည်မှာ မှန်သော်လည်း မြေပြင်အခြေအနေအရ အခက်အခဲတိုင်းကို ဖြေရှင်းပေးနိုင်ရန် မလွယ်ကူလှပေ။ ပြည်ပသို့သွားရောက် လုပ်ကိုင်လိုသူများအနေဖြင့် ဘာသာစကား၊ အလုပ်အကိုင် ကျွမ်းကျင်မှုနှင့် သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား ကြိုတင်လေ့လာကာ စနစ်တကျနှင့် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခြင်းဖြင့်သာ နိုင်ငံနှင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။