ပြည်ပအလုပ်အကိုင်စေလွှတ်မှုများ ယာယီရပ်နားထားသည့်အချိန်

ပြည်ပသို့အလုပ်သမားစေလွှတ်မှုများကို မတ်လ ၁၈ ရက်မှစ၍ ယာယီရပ်နားထားပြီဖြစ်သည်။ ယင်းသို့ ရပ်နားထားကြောင်း ကိုလည်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီများထံ အသိပေးအကြောင်းကြား ထားပြီးဖြစ်သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ တစ်ဆင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမား သဘောတူ ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် ပြည်ပ အလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြားထုတ်ယူခြင်း များကိုလည်း ယင်းနေ့တွင်ပင် ရပ်နားထားလိုက်ပြီဖြစ်သည်။

သို့ရာတွင် ပြည်ပအလုပ်အကိုင်များအတွက် တရားမဝင် အလုပ်သမား ရှာဖွေစုဆောင်းပို့ဆောင်သူများက ဒေသအနှံ့ အပြားတွင် ကျေးလက်များအထိ ဆင်းကာ ပြည်ပအလုပ်အကိုင် လုပ်လိုသူများကို မက်လုံးပေး လိမ်ညာစုဆောင်းနေကြဆဲ ဖြစ်သည်ဆိုသော သတင်းများကိုလည်း ကြားသိနေရသည်။ ကိုဗစ်-၁၉ ရောဂါ နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့နေခြင်းကြောင့် ပြည်ပအဝင်အထွက်များနှင့် ပြည်တွင်းသွားလာမှုများကို တင်တင်းကျပ်ကျပ် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေကြ ရသည့် ကာလမျိုးတွင် တရားဝင်ပြည်ပအလုပ်အကိုင် ရှာဖွေ ရေးအေဂျင်စီများက ပြည်ပအလုပ်သမား တရားဝင်စေလွှတ် မှုများကို ပြုလုပ်မည်မဟုတ်သော်လည်း တရားမဝင် လူပွဲစားများ၊ ဝိသမလောဘသမားများကမူ ၎င်းတို့အကျိုးအမြတ် ရရှိရေးအတွက်ဘယ်သူသေသေငတေမာရင်ပြီးရော သဘောဖြင့် လူမှောင်ခို ပို့မှုကို ပြုကြမည်သာဖြစ်သည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကြရာတွင် မြန်မာအလုပ် သမားများ ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး၊ တရားဝင် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး၊ ပြည်ပမှရရှိလာသည့် အတွေ့အကြုံ၊ အသိပညာ အတတ်ပညာ များကို ပြည်တွင်း၌ စနစ်တကျပြန်လည် အသုံးချနိုင်ရေးတို့ကို ရည်မှန်းချက်ထား၍ ပြည်ပအလုပ်အကိုင်များသို့ မြန်မာ အလုပ်သမားကို တရားဝင်စေလွှတ်ပေးလျက်ရှိရာ လိုင်စင်ရ အေဂျင်စီ ၁၈၀ ကျော်တို့က ပြည်ပအလုပ်အကိုင်အကျိုးဆောင် လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ သို့ဖြစ်သည့်အတွက် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့်သူများမှာ တရားမဝင် အေဂျင်စီများနှင့် ကြားပွဲစားများကို အယုံမလွယ်ဘဲ စိစစ်ပြီး မှန်ကန်မှသာ ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ကြရန် အကြံပြုလိုသည်။

မြန်မာအလုပ်သမားများ မည်သည့်နိုင်ငံသို့ရောက်ရှိနေစေ ကာမူ “ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမားများ၏ တရားဝင်အခွင့်အရေးများ အပြည့်အဝ ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရန် နိုင်ငံတော်က ချမှတ်ထားသော မူဝါဒနှင့်အညီ ကာကွယ်စောင့်ရှောက်ပေး လျက်ရှိသည်။ ပြည်ပအလုပ်လုပ်ကိုင်လိုသည့် ပြည်တွင်း နေသူများအနေဖြင့် တရားမဝင်အေဂျင်စီများနှင့် ကြားပွဲစား များကို သတိပြုရှောင်ရှားနိုင်ရန်အတွက် တရားဝင် မီဒီယာများမှ တိကျမှန်ကန်သော သတင်းများကို အခါမလပ်စောင့်ကြည့်နားစွင့် ပြီးမှ သုံးသပ်ဆုံးဖြတ်ကြစေလိုကြောင်းနှင့် ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံမှ မြန်မာကောင်စစ်ဝန်နှင့် သံအရာရှိတို့ထံဆက်သွယ်၍ အရေးပေါ်  အကူအညီများ တောင်းခံနိုင်သည်ကို သိစေလိုပါကြောင်း။ ။

 

mna