ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ဟားခါးမြို့ Facility Quarantine ထားရှိသူများအား လိုအပ်သည်များ သွားရောက်ထောက်ပံ့

ဟားခါး  ၇  မေ

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ဟားခါးမြို့၌ Facility Quarantine ထားရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုကာ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် အဖွဲ့သည် Facility Quarantine ဝင်ရောက်သူများနှင့် တွေ့ဆုံကာ နေထိုင်စားသောက်မှု အပါအဝင် ကျန်းမာရေးလိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် အားပေးစကားပြောကြားပြီး လိုအပ်သည့် PPE ဝတ်စုံများ၊ နှာခေါင်းစည်း(Mask)များ၊ မုန့်ထုပ်များနှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အဖွဲ့အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ စတီဗင်လျန် ဟုပ်လိန်းက ဆုတောင်းစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က Facility Quarantine ဝင်ရောက်နေသူများ ကျန်းမာရေး၊ နေထိုင်ရေးများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟားခါးမြို့ ဟားခါးကောလိပ်တွင် Facility Quarantine ထားရှိသည့် ကနေဒီအဆောင်သို့ ရောက်ရှိပြီး Facility Quarantine ဝင်ရောက်နေသူများနှင့် တွေ့ဆုံကာ ကျန်းမာရေးသုံး ပစ္စည်းများ၊ မုန့်ထုပ်များ၊ ရေသန့်ဘူးများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။

 

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ (၁၃၁)ဦးရှိပြီး Home  Quarantine ဝင်ရောက်နေသူဦးရေ (၄၅)ဦးရှိပြီး ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ Facility Quarantine ဝင်ရောက်နေသူများအား နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်း၊ အစားအသောက်များ ကူညီထောက်ပံ့ခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)