ပြည်(နဝဒေး) တောင်ကုတ်လမ်းမကြီးအား (BOT)စနစ်ဖြင့် လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခဲ့မှု ရှိ၊မရှိနှင့် ထိုလမ်းမကြီးအား ကောင်းမွန်အောင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်း 

နေပြည်တော် ၂ သြဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်က ပြည်(နဝဒေး) တောင်ကုတ် လမ်းမကြီးအား (BOT) စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး စာချုပ်ပါ အချက်အလက်များအား ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခဲ့မှု ရှိ၊မရှိနှင့် ထိုလမ်းမကြီးအား ကောင်းမွန်အောင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါ လမ်းပိုင်းများနှင့် ပတ်သက်၍ စိစစ်တင်ပြရမည်ဆိုပါလျင် ဖြတ်သန်းသွားလာသည့် ယာဉ်အရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေ လိုက်လျောညီထွေမဖြစ်ခြင်း၊ လမ်းပိုင်းကို ထပ်မံ အဆင့်မြှင့် တိုးတက်ပြင်ဆင်နိုင်ရန်အတွက် အခြေအနေမရှိခြင်းတို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း အသုံးပြုခ ကောက်ခံရေးဂိတ် ၃ ဂိတ်ကို ၃၁-၃-၂၀၁၈ ရက်နေ့ ည ၁၂ နာရီအချိန်က စတင် ပိတ်သိမ်းခဲ့ပြီး ပြည်သူများ အခမဲ့ ဖြတ်သန်းခွင့်ပြုခဲ့ပါကြောင်း၊ ယခု လက်ရှိအခြေအနေတွင် အဆိုပါ B.O.T လမ်းပိုင်းတစ်ခုလုံး ၏ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း။


ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်(နဝဒေး)-တောင်ကုန်လမ်းပိုင်းအား တာဝန်ယူဆောင်ရွက် သော B.O.T ကုမ္ပဏီနှင့် Termination Agreement လက်မှတ်ရေးထိုး ရန် လိုအပ်ပါကြောင်း၊ Termination Agreement လက်မှတ်ရေးထိုးပြီးမှသာလျှင် နိုင်ငံတော်မှ တရားဝင်လွှဲပြောင်းရယူပြီး လမ်းပိုင်းများကို အဆင့်မြှင့်တင် ရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အဆိုပါ Termination Agreement ထိုးရန် B.O.T ကုမ္ပဏီစာချုပ်ကို ရပ်ဆိုင်းပြီး နောက်ဆုံးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်းရန်ပုံငွေ တင်ပြပြီး လမ်းအဆင့်မြှင့်တင်ရန်ကိစ္စကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


ကုမ္ပဏီမှ ချေးငွေကျပ် ၇.၅ ဘီလီယံနှင့် အတိုးငွေများအား ပုံမှန်ပေးဆပ်နိုင်ခြင်း မရှိသေးသောကြောင့် မြန်မာ့စီးပွားရေးဘဏ်မှ တရားစွဲဆိုသွားမည့် အခြေအနေရှိပါကြောင်း ၂၈.၅.၂၀၁၉ ရက်နေ့က ဖြေထားသဖြင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး မည်သို့ အခြေအနေရှိသည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းရာ ဘဏ်မှနေလသစ္စာ ကုမ္ပဏီကို တရားစွဲရန်ကိစ္စနှင့် ကျန်ရှိသည့်ကိစ္စများအားလုံးကို မိမိတို့နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


MDN
Credit-ပြည်သူ့လွှတ်တော်