ပြည်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းဖလား (ဒုတိယအကြိမ်) ရပ်ကွက်ကျေးရွာ အုပ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပြည် ၇ မတ်

 

ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ကြီးမှူး၍ ပြည်ခရိုင် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့မှ ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းဖလား (ဒုတိယအကြိမ်) ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်မြို့ ရွှေကူရပ်ကွက်ရှိ ပြည်မြို့ မြို့မအားကစားကွင်း၌ မတ် ၇ ရက် မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်မှ အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျမှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အဓိကကူညီပံ့ပိုးပေးသော Max High Way ကုမ္မဏီက အလှူငွေ(၁၅)သိန်းနှင့် ဘောလုံးအလုံး(၂၀) ပေးအပ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ အလှူငွေ ၅၅၀၀၀၀ ပေးအပ်ခဲ့ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် အားကစားသမားများ ကွင်းအတွင်းသို့ နေရာယူကြပြီး အားကစားသစ္စာဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ ဗိုလ်ချုပ်အောင်ဆန်းဖလား ဒုတိယကြိမ် ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါဘောလုံးပွဲကို ပြည်မြို့နယ်အတွင်းရှိ လူငယ်များ အားကစားဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပြီး ခေတ္တရာရပ်ကွက် ဘောလုံးအသင်းနှင့် ဆံတော်ရပ်ကွက် ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

 

မင်းမင်းစိုးပြည်(ခရိုင်ပြန်/ဆက်)