ပြည်မြို့ဆေးရုံကြီး၌ ရာသီတုပ်ကွေး H1N1 ရောဂါရှိလူနာတစ်ဦးနှင့် သံသယရှိလူနာနှစ်ဦးတွေ့ရှိ

ပြည်  ၂၂  ဇွန် 

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် ၅၀ဝ အထွေထွေရောဂါကု ဆေးရုံကြီး၌  ရာသီတုပ်ကွေး H1N1 ရောဂါရှိ လူနာတစ်ဦးနှင့် သံသယရှိလူနာနှစ်ဦးကို ဇွန် ၂၁ ရက်က တွေ့ရှိခဲ့ကြောင်း အဆိုပါဆေးရုံမှ သိရသည်။ 

 

အဆိုပါရက်က ပြည်မြို့ခုတင် ၅၀ဝ ပြည်သူ့ဆေးရုံကြီး၌ ဗိုက်အောင့်ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော ပြည်မြို့ရွာဘဲရပ်ကွက်မှ အသက်(၇၂)နှစ်အရွယ်အဘွားတစ်ဦးအား H1N1 ရောဂါသံသယရှိသဖြင့် ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာ အောင်ငြိမ်းဝင်းနှင့်အဖွဲ့က ဓာတ်ခွဲစစ်ဆေးကြည့်ခဲ့ရာ H1N1ရောဂါပိုးရှိကြောင်း ကနဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ပိုမိုတိကျသေချာစေရန် ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်းနှင့် လူနာအား ကူးစက်ဆောင်၌ သီးသန့်ခွဲထားကာ ကြပ်မတ်ကုသလျက်ရှိကြောင်း ဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။

 

"ယခုလက်ရှိကာလသည် တုပ်ကွေးအဖြစ်များသော ကာလဖြစ်၍  အထူးသဖြင့် ကိုယ်ခံအား နည်းသူတွေ သတိထားဂရုစိုက်ရမယ့် ရောဂါတစ်ခုဖြစ်ကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာဆိုင်ရာကာကွယ်ရေး နည်းလမ်းတွေကို သိရှိပါက စိုးရိမ်ကြောက်လန့်ဖို့မလိုကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က ပြောသည်။

 

လက်ရှိအခြေအနေတွင်  အဆိုပါ H1N1လူနာနှင့် သံသယရှိလူနာနှစ်ဦးတို့ကို တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်ကုသမှုနှင့် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း၊ H1N1 လူနာများအတွက် လိုအပ်သောအသုံးအဆောင်များနှင့် ဆေးဝါးများကိုလည်း ပြင်ဆင်ထားရှိကြောင်း၊ ရောဂါမပြန့်ပွားရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)