ပြည်ကြီးတံခွန်မြို့နယ်ရှိ ဒဒ-၂ စျေးသစ် (ယခင်ကျော်ကျော်အောင်စျေး) ကို ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်မည်

မန္တလေး ၂၇ ဇွန် 

 

ဒဒ-၂ စျေးသစ် (ယခင်ကျော်ကျော်အောင်စျေး) ကို ဇူလိုင်လအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြာင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ကျော်ကျော်အောင်စျေးသည် ပြည်ကြီးတံခွန်မြို့နယ် ကျော်ကျော်အောင် ကြိမ်စက်ရုံနဲ့ စုစည်းချမ်းသာ စက္ကူဘူးစက်ရုံကြားမှာရှိတဲ့ ဘုရင့်နောင်လမ်းမြေပေါ်တွင် ၂၀၀၀ ပြည့်နှစ်မှစပြီး ဆိုင်ခန်း(၂၀)ဖြင့် စတင်ရောင်းချရာမှ ယခုဆိုင်ခန်း(၂၅၀)ခန့်အထိ ရှိလာကြောင်း သိရသည်။

 


"ဒီလကုန်လောက်ဆိုပြီးမယ်၊ သန့်စင်ခန်းရယ်၊ စျေရှေ့မှာ လမ်းနည်းနည်းပြင်မယ်၊ ဇူလိုင်လထဲတော့ ဖွင့်နိုင်မှာပါ"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

အဆိုပါ နေရာသည် စက်ရုံအလုပ်ရုံများပြီး ကုန်တင်ကုန်ချယာဉ်များသဖြင့် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ခဲ့သည်ဟု သိရသည်။

 

ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်တိုက်ခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ဒဒ-၂ မြေကွက်ပေါ်မှာ စျေးအသစ်တည်ဆောက်နေပြီး မကြာခင်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဒဒ-၂ စျေးသစ်(ယခင်ကျော်ကျော်အောင်စျေး)တွင် ဆိုင်ခန်း(၆၄)ခန်းပါ စျေးရုံ(၄)ရုံ စုစုပေါင်း ဆိုင်ခန်း(၂၅၆)ခန်း ဆောက်လုပ်ထားသည်ဟု သိရသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဒေါက်တာရဲလွင် စတင်တာဝန်ထမ်းဆောင်သည့် လေးနှစ်အတွင်း စျေးအသစ် ၄ ခု တည်ဆောက်ပေးထားကြောင်း သိရသည်။

 

မေသက်ထား
Photo- မြို့တော်ဝန်ဒေါက်တာရဲလွင် ဖေ့ဘွတ်