ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့၍ ဓားရှည်များကိုင်ဆောင်ကာ လုယက်မှု ကျူးလွန်သူများအား အသွင်ယူ ဖမ်းဆီးရမိ

မန္တလေး ၂၂ မေ 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ညအချိန်များတွင် ဓားရှည်များကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ လုယက်မှုကျူးလွန်ခဲ့သူ ငါးဦးအား အသွင်ယူ ဖမ်းဆီးရခဲ့မိကြောင်း ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မိုးသန့်နှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် မေ ၉ ရက် ည ၁၀ နာရီခန့်တွင် သက်သေများနှင့်အတူ မှုခင်းကျဆင်းရေးစီမံချက်အရ အရပ်ဝတ်ဖြင့် အသွင်ယူပြီး ဆိုင်ကယ်ဖြင့် ပြည်ကြီးတံခွန်မြို့နယ် ၇၃ လမ်းနှင့် ၇၄ လမ်းကြား မင်္ဂလာလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာခဲ့သည်။

ထိုသို့ မောင်းနှင်လာစဉ် မင်္ဂလာလမ်းအတိုင်း မျက်နှာဆိုင်ဘက်မှ လူငယ် ၇ ဦး ဓားရှည်များ ကိုင်ဆောင်ကာ စီးနင်းမောင်းနှင်လာသော ဆိုင်ကယ်သုံးစီးအား တွေ့ရှိပြီး ရပ်တန့်ရန်ပြောကြားရာ လူငယ် ၇ ဦးမှ ရဲတပ်ဖွဲ့ဝင်များအား ဓားများကိုင်၍ ခုတ်ရန်ပြေးဝင်လာသဖြင့် သေနတ်တစ်ချက် ခြောက်လန့် ပစ်ခတ်ရာ ၎င်းတို့ စီးနင်းလာသော ဆိုင်ကယ်များအား ထားခဲ့ပြီး ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးစဉ် ကိုမောင်၊ ဘိုဟိန်းကျော် (ခ) ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သာမွန်စိုး (ခ) မွန်ထီးတို့ ၅ ဦးအား ဓားရှည်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ၎င်းတရားခံ ၅ ဦးမှာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ လုယက်မှု ပေါ်ပေါက်သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်း(ကိုယ်ပွား)