ပြည့်စပါးအိုး အထွက်တိုးဖို့ ရေငန်ဝင်ရောက်မှုကို သတိပြုကြစို့

 

ဆည်မြောင်းဝန်ထမ်းတစ်ဦး

 

မြန်မာပြည်၏ ဆန်အိုးကြီးဟု တင်စားရာ ဧရာဝတီတိုင်းဒေသကြီးသည် နှစ်စဉ်ဆန်စပါးအများအပြား စိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်းဆန်စားသုံးမှုကို အထောက်အကူပြုလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရန်အတွက် ရေချိုအရင်းအမြစ်ဖြစ်သည့် မြစ်ချောင်းများ ပေါများသော်လည်း ပင်လယ်ကမ်းရိုးတန်းနှင့် နီးကပ်စွာတည်ရှိနေသည့်အတွက် မြစ်ချောင်းများမှ ပင်လယ်ရေငန် ဝင်ရောက်မှုရှိသည့် ဒေသလည်းဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း ရေချိုအရင်းအမြစ်ကြောင့် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်နိုင်သော်လည်း ရေငန်ဝင်ရောက်မှုကြောင့် သီးနှံပင်နှင့် မြေဆီလွှာတွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ကာ စိုက်ပျိုးသီးနှံအထွက်နှုန်းများအပေါ် အထိုက်အလျောက် သက်ရောက်မှုရှိလာသည်ကို ဧရာဝတီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးတောင်သူအချို့ တွေ့ကြုံလာရသည်။

 

ဧရာဝတီတိုင်းဒေသကြီးသည် ရေချိုအရင်းအမြစ်များစွာ တည်ရှိပြီး မိုးများသည့် ဒေသဖြစ်သည့်အတွက် များစွာသောလယ်ယာ မြေများသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသည်။ သို့သော် ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သည့်အတွက် ခြောက်သွေ့သောရာသီအစ (ဒီဇင်ဘာလမှ ဧပြီလ) တွင် ဆားငန်ရေတိုးဝင် ဝင်ရောက်မှုမှာ နွေသီးထပ် သီးနှံစိုက်ပျိုးရေးအတွက် အကန့်အသတ်များ ဖြစ်ပေါ်စေလျက်ရှိသည်။

 

 လယ်ကန်သင်းမြှင့်ခြင်းနှင့် ရေငန်တားတမံများ တည်ဆောက်ပေးခြင်း

 

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုပြောင်းလဲလာမှုဖြစ်စဉ်များဖြစ်သည့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပေါ်မှုနှင့် မုန်တိုင်းဒီရေပြင်းထန်မှုတို့အပြင် မိုးရွာသွန်းမှု ပမာဏ၊ မိုးရွာသွန်းမှုပုံစံနှင့် ရွာသွန်းကာလပြောင်းလဲမှုများသည် ကမ်းရိုးတန်းဒေသများသို့ ပင်လယ်ရေငန်ဝင်ရောက်မှု ပိုမိုဆိုးရွားစေသည့် အကြောင်းရင်းများဖြစ်သည်။ တောင်သူများ၏ စိုက်ပျိုးမြေတွင် ရေငန်ဝင်ရောက်မှု တွေ့ကြုံလာရသည်ကို ဖြေရှင်းကျော်လွှားသွားနိုင်ရန် ပင်လယ်နှင့်ထိစပ်နေသော အဓိကမြစ်ကြီးများတွင် ပင်လယ်ဒီရေမြင့်တက်မှုကြောင့် ကုန်းတွင်းပိုင်းသို့ ရေငန်ရောက်ရှိသည့် နေရာများကို နွေရာသီ ဒီရေအမြင့်ဆုံးတက်ရောက်သည့် မတ်လနှင့် ဧပြီလများ၏ ရေထရက်များတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ တိုင်းတာကာ စိုက်ပျိုးတောင်သူများထံ သတင်းအချက်အလက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တစ်ဖက်မှလည်း တောင်သူများ၏ လယ်ယာမြေများသို့ ပင်လယ်ရေငန် ဝင်ရောက်မှုမရှိစေရန် လယ်ကန်သင်းမြှင့်ခြင်းနှင့် ရေငန်တားတမံများ တည်ဆောက်ပေးခြင်းတို့အပြင် နွေစပါးအောင်ရေအတွက် ရေချိုရရှိရန် မြေအောက်ရေ တူးဖော်ခြင်းလုပ်ငန်းများကို အားစိုက် အကောင်အထည်ဖော်လျက်ရှိသည်။

 

စိုက်ပျိုးရေ၌ အငန်ဓာတ်မြင့်မားစွာပါဝင်နေမှုသည် အပင်ကြီးထွားမှုနှင့် မြေဆီလွှာကို ထိခိုက်စေနိုင်သဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၌ ဆန်စပါးတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပင်လယ်ရေငန် ဝင်ရောက်မှုအခြေအနေကို အလေးထားစောင့်ကြည့်ရန် လိုအပ်သည့်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှအရေး ကြီးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်နေပြီဖြစ်ပါသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ဝကျွန်းပေါ်အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများဖြစ်သော မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြ ခရိုင်၊ ကျုံပျော်ခရိုင်၊ ပုသိမ်ခရိုင်နှင့် လပွတ္တာခရိုင်တို့တွင် ဒီရေအတက် အကျကြောင့် ရေငန်ဝင်ရောက်သည့် နေရာများရှိနေပါသည်။ ရေငန် ဝင်ရောက်သည့်နေရာများပေါ်မူတည်၍ ရေငန်နှင့် ထိစပ်မှုရှိသော မြို့နယ်များ၌ နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် နွေစပါး စတင် စိုက်ပျိုးရန် ဒေသတွင်း ရေချိုရရှိသော မြစ်၊ ချောင်း၊ မြောင်းများ မှတစ်ဆင့် ရေချိုကိုရယူစိုက်ပျိုးလေ့ရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လ တွင် အောင်ရေ ရယူစိုက်ပျိုးလေ့ရှိကြပါသည်။

 

ကုန်းတွင်းပိုင်းသို့ ရေငန်ဝင်ရောက်မှုဖြစ်ပေါ်

 

မိုးရာသီကုန်ဆုံးသည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှစ၍ ကုန်းတွင်းပိုင်းမှ ရေစီးဆင်းမှု လျော့နည်းလာပြီး နှစ်စဉ် နွေရာသီ (မတ်လနှင့် ဧပြီလ) တွင် ပင်လယ်ဒီရေဝင်ရောက်မှုသည် အမြင့်ဆုံးရောက်ရှိပြီး မြစ်ခွဲများမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ရေငန်ဝင်ရောက်မှုဖြစ်ပေါ်သည်။ ထိုသို့ ရေငန်ဝင်ရောက်မှုကြောင့် နှစ်စဉ်မြစ်/ချောင်းများမှ ရေတံခါးများ၊ ရေနုတ်မြောင်းများမှတစ်ဆင့် ရေသွင်းစိုက်ပျိုးသည့် ဧရိယာများနှင့် အနိမ့်တင်ရေစုပ်စက်များဖြင့် ရေသွင်းစိုက်ပျိုးသည့် ဧရိယာများအပေါ် သက်ရောက်မှုရှိပြီး အချို့ဒေသများတွင်စိုက်ဧကများ လျော့နည်းမှုလည်း ရှိလာသည်။

 

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ၁၃၅၀၀ စတုရန်းမိုင်ကျော်ရှိပြီး ကမ်းရိုးတန်းအရှည်သည် ၈၁ မိုင်ခန့်ရှိသည်။ နှစ်စဉ် မိုးရေချိန် လက်မ ၈၀ မှ ၁၃၀ လက်မအတွင်း ရွာသွန်းမှုရှိသည်။ မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသသည် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ချောင်းများတွင် ဒီရေအတက်အကျ များပြားခြင်းတို့ကြောင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထို့အပြင် အဆိုပါဒေသသည်ပင်လယ်နှင့်ထိစပ်နေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၀ ပေခန့် ၌သာ ရှိသည့်အတွက် နွေရာသီတွင်ရေငန်များ မြစ်ချောင်းများအတွင်း ဝင်ရောက်ခြင်း ပိုမိုဖြစ်ပေါ်လေ့ရှိသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုဘဝနေထိုင်မှု အစီအစဉ်များ လိုအပ်နေ

 

ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအနောက်ဘက် ဧရိယာများ၌ ရေထရက်နှင့် ရေသေရက်တို့၏ ဒီရေအမြင့်ကွာခြားမှုသည် ခုနစ်ပေနှင့်  ခြောက်ပေခန့်ရှိကြပြီး အရှေ့ဘက်ကမ်းရိုးတန်းတွင် ၁၈ ပေနှင့် ၁၃ ပေခန့်ရှိသည်။ သို့ဖြစ်ရာ မြစ်ဝကျွန်းပေါ်ဒေသအနေဖြင့် ပင်လယ်ဒီရေ မြင့်တက်မှုနှင့်အတူ ပါလာမည့် ရေငန်ဝင်ရောက်မှု အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုဘဝ နေထိုင်မှုအစီအစဉ်များ လိုအပ်နေပြီဖြစ်သည်။

 

သို့အတွက်ကြောင့် မြစ်ဝကျွန်းပေါ်ရှိ ရေငန်ဝင်ရောက်မှုများပြားသည့် နေရာဒေသအချို့၌ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာနိုင်သဖြင့် ရေငန်ဝင်ရောက်မှု ကာကွယ်တားဆီးရာ၌ ရေငန်ဝင်ရောက်နိုင်သည့် ချောင်း၊ မြောင်းများတွင် ယာယီရေထိန်းတမံများ၊ ချောင်းပိတ်၊ မြောင်းပိတ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် တောင်သူများမှ ပူးပေါင်းကာကွယ်ဆောင်ရွက်ခြင်းဖြင့် ရေငန်ဝင်ရောက်မှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေး အတွက် ရေတိုအစီအစဉ်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

ရေတိုတွင်သာမက ရေရှည်အကျိုးဖြစ်ထွန်းနိုင်စေရန်အတွက် ရေငန်အတက်အကျ ပြောင်းလဲမှုရှိသည့် ချောင်းလက်တက်များပေါ် တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများပြုလုပ်၍ ရေတံခါးများ တည်ဆောက်ရေး အစီအမံများချမှတ်ရန် လိုအပ်မည်ဖြစ်သည်။

 

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်များမှ ရေသွင်းပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေရေးအတွက် ကုန်းတွင်းပိုင်းသို့ ပင်လယ်ရေငန်ရောက်ရှိသည့် နေရာများအား သိရှိနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် နှစ်စဉ်နွေရာသီ ဒီရေအတက်ဆုံးဖြစ်သည့် မတ်လရေထရက်များ၌ ပင်လယ်နှင့် ဆက်စပ်လျက်ရှိသော အဓိကမြစ်ကြီး ခုနစ်စင်းဖြစ်သည့် လှိုင်မြစ်၊ တိုးမြစ်၊ ဖျာပုံမြစ်၊ ဘိုကလေးမြစ်၊ ရာဇူတိုင်မြစ်၊ ပြာမလော့ မြစ်၊ ပုသိမ်မြစ်တို့တွင် ရေငန်ဦး (Saline Front) တိုးဝင်မှုများအား နှစ်စဉ်စူးစမ်းလေ့လာ တိုင်းတာလျက်ရှိပါသည်။

 

ဌာနမှ တိုင်းတာလျက်ရှိသော ရေငန်ဦးဆိုသည်မှာ အငန်ဓာတ် များပြားစွာ ပါဝင်သော ပင်လယ်ရေငန်များသည် မြစ်ချောင်းများ မှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာရာတွင် စိုက်ပျိုးရေအဖြစ် အသုံးမပြုသင့်ကြောင်း သတ်မှတ်ထားသည့် ရေငန်ပြင်းအားရှိသော ပင်လယ်ရေငန်များ တိုးဝင်ရောက်ရှိနေသည့် ကုန်းတွင်းအကျဆုံး နေရာကို ရေငန်ဦးဟု သတ်မှတ်ပါသည်။

 

ပင်လယ်ရေငန်တိုင်းတာရာတွင် ရေငန်ပြင်းအားကို ppt (Parts per thousand- တစ်ထောင်တွင် တစ်ယူနစ်ပမာဏ) ဖြင့် တိုင်းတာဖော်ပြ လေ့ရှိပါသည်။ ၁ ppt မှ ၃ ppt ပြင်းအားအတွင်းရှိသောရေသည် အနည်းငယ်ငန်သောရေဟု သတ်မှတ်ပြီး ဆားပါဝင်မှုမှာလည်း များပြား သောကြောင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food And Agriculture Organization-FAO) ၏ စံသတ်မှတ်ချက်အရ သီးနှံပင်များ ထိခိုက်ပျက်ဆီးမှုရှိနိုင်သော စိုက်ပျိုးရေအဖြစ် သတ်မှတ် ပါသည်။ ၁ppt အထက်ရှိသောရေများသည် စိုက်ပျိုးရေးကို ထိခိုက် မှုရှိနိုင်သဖြင့် ရေငန် ၁ ppt တန်ဖိုးရှိသော နေရာများအား ဆက်စပ် မျဉ်းရေးဆွဲသား၍ ရေငန်ဦးမျဉ်းအဖြစ် သတ်မှတ်ဖော်ပြပြီး ၁ ppt ရေငန်ဦးမျဉ်းများ၏ အထက်ပိုင်းကို နွေရာသီကာလအတွင်း စပါး စိုက်ပျိုးနိုင်သော ဧရိယာနှင့် ရေငန်ဦးမျဉ်း၏အောက်ပိုင်းကို စိုက်ပျိုး ရန်မသင့်လျော်သော ဧရိယာများကို ခွဲခြားသတ်မှတ်ပေးသည့် နယ်နိမိတ်ပြမျဉ်းအဖြစ် အသုံးပြုနိုင်သည်။

 

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ စိုက်ပျိုးရေးသည် မြစ်ရေမှရယူ သုံးစွဲနေရသဖြင့် နှစ်စဉ် ၁ ppt ရေငန်ဦးမျဉ်း ရွေ့လျားပြောင်းလဲနေမှုသည် အထူးသဖြင့် ဒေသအတွင်း နွေစပါးစိုက်ပျိုးရေးအတွက်အဓိက သတင်းအချက်အလက် ဖြစ်သည်။ ယေဘုယျအားဖြင့် နှစ်စဉ်မတ်လ၌ တိုင်းတာထားသော အဆိုပါရေငန်ဦးမျဉ်း၏ အထက်ဘက် (မြောက်ဘက်) သည် စပါးစိုက်ပျိုးနိုင်သော ဧရိယာဖြစ်ပြီး ၎င်း၏ အောက်ဘက် (တောင်ဘက်) သည် စပါးစိုက်ပျိုးရန်မသင့်လျော် (သို့မဟုတ်) မစိုက်ပျိုးနိုင်သော ဧရိယာများဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်ရေငန် ဝင်ရောက်မှု (၁ ppt) စောင့်ကြည့်တိုင်းတာခြင်းသည် နွေစပါးစိုက်ပျိုးရေးအတွက် အထောက်အပံ့များစွာ ပြုနိုင်သည့် လုပ်ငန်းရပ် ဖြစ်သည်။

 

ရေငန်ဝင်ရောက်မှုတိုင်းတာခြင်း (သို့) ခန့်မှန်းခြင်းများ

 

သို့ပါ၍ နှစ်စဉ်နွေစပါးအောင်ရေပေးသွင်းချိန် ဖေဖော်ဝါရီလ မတိုင်မီ ရေငန်ဝင်ရောက်မှု တိုင်းတာခြင်း (သို့) ခန့်မှန်းခြင်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သည်။

 

သို့သော်လည်း ရေငန်ဝင်ရောက်သည့် အကွာအဝေးနှင့် ပမာဏ တို့သည် မြစ်တစ်ခုနှင့်တစ်ခု မတူညီကြသလို မြစ်တစ်ခုစီ၌လည်း နှစ်အလိုက်၊ ရာသီအလိုက် ရေငန်ဝင်ရောက်နိုင်ခြေ ကွဲပြားမှုရှိသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က စိုက်ပျိုးရေးအတွက် သင့်လျော်မှုရှိသော ရေအရည်အသွေးသတ်မှတ်ရာတွင် ရေငန်ပါဝင် မှု တစ်ခုတည်းသာမက ဆိုဒီယမ်ပါဝင်မှုနှင့့် အခြားသော ရေအရညအသွေး ဂုဏ်သတ္တိများအပေါ်တွင်လည်း မူတည်နေကြောင်း FAO ၏ အချက်အလက်များက ညွှန်းဆိုထားသည်။

 

ဆိုဒီယမ်ဓာတ်မှာ သီးနှံပင်များကို အဓိက အန္တရာယ်ပေးသော ဓာတ်ဖြစ်ပါသည်။ မြေဆီလွှာတွင် ဆိုဒီယမ်ဓာတ်များပြားခြင်းသည် မြေဆီလွှာဆားပေါက်ခြင်း/ ဆပ်ပြာပေါက်ခြင်းကို ဖြစ်ပေါ်စေပါသည်။ မြေဆီလွှာတွင် ဆိုဒီယမ်ဓာတ်များ များပြားလာပါက မြေဆီလွှာ ဖွဲ့စည်းပုံပျက်စီးခြင်း၊ သီးနှံပင်များ အာဟာရဓာတ်စုပ်ယူစားသုံးမှုကို အဟန့်အတားဖြစ်စေခြင်းများ ဖြစ်ပေါ်ကာ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးစေပါသည်။

 

အချုပ်အားဖြင့်ဆိုရလျှင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနသည် နှစ်စဉ်ရေငန်ဦး ရွေ့လျားပြောင်းလဲမှု စောင့်ကြည့် လေ့လာသည့်လုပ်ငန်းကို စနစ်တကျဆောင်ရွက်ပြီး မြစ်ဝကျွန်းပေါ် ဒေသ နွေသီးနှံပိုမိုစိုက်ပျိုးနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် နှစ်စဉ် ရေငန်ဦးဝင်ရောက်မှု နေရာဖော်ပြသည့် သတင်းအချက် အလက်များကို ဒေသနေပြည်သူများထံ အချိန်မီသတင်းစကား ပါးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဒေသနေ ပြည်သူများအနေဖြင့်လည်း ရေငန်ဝင်ရောက်မှု တားဆီးကာကွယ် ရေး လုပ်ငန်းများဖြစ်သည့် မိမိတို့၏ လယ်ကန်သင်းများအားမြှင့်ခြင်း၊ ရေငန်ဝင်ရောက်နိုင်သည့် ချောင်းမြောင်းများအား ယာယီချောင်း ပိတ်တမံများ စုပေါင်းဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။