ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  ၂၁ ဇွန်

 

၂၀၁၇- ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဝန်ထမ်းများ၏ သား/ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲတွင်ကျင်းပခဲ့ရာသာသနာ​ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်အမှာစကားပြောကြားသည်။

 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား/ ကျောင်းသူများနှင့် ဘက်စုံထူးချွန်ဆု (လူရည်ချွန်) ရရှိခဲ့သူများကို ပညာရည်ချွန်ဆုများ ပေးအပ် ချီးမြှင့်ခြင်းနှင့် ၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၌ ပညာသင်ကြား နေကြသော ဝန်ထမ်းများ၏ သား/သမီးများအတွက် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် မမြတ်အိဇွန်လင်း ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)မှ ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ခြောက်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၈)ဦးစုစုပေါင်း (၂၂)ဦးနှင့် ဘက်စုံ ထူးချွန်ဆု(လူရည်ချွန်) ၂ထပ်ကွမ်းရရှိခဲ့သူ(၁)ဦးတို့အား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် ဝန်ထမ်းများ၏ သား/သမီးများဖြစ်ကြသည့် မူလတန်း အဆင့်(၃၄၄)ဦး၊ အလယ်တန်းအဆင့်(၂၈၈)ဦး၊ အထက်တန်းအဆင့်(၂၂၂)ဦး၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်/ကောလိပ်အဆင့် (၂၂၉)ဦး၊ စုစုပေါင်း(၁၀၈၃)ဦးတို့အား ပညာသင်ထောက်ပံ့ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)