ပညာရေးဝန်ထမ်းများအား မိသားစုများနှင့် အနီးစပ်ဆုံးရှိ ရာထူးတာဝန်နှင့် ကိုက်ညီသော စာသင်ကျောင်းများတွင် ဦးစားပေး တာဝန်ချထားပေးနိုင်ရန် တိုက်တွန်းကြောင်းအဆို ရှုံးနိမ့်ခဲ့

နေပြည်တော် ၁၄ မေ

 

အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်းများအား ၎င်းတို့ မိသားစုများနှင့် အနီးစပ်ဆုံးရှိ ရာထူးတာဝန်နှင့်ကိုက်ညီသော စာသင်ကျောင်းများတွင် ဦးစားပေး တာဝန်ချထား ပေးနိုင်ပါရန် အစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဆိုအား မင်းဘူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

 

“ပညာရေးနဲ့ ပတ်သက်ရင် အလွန်ပဲအရေးကြီးတယ်၊ ဒီနေ့ဒီအချိန်မှာ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ အကုန်လုံး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အချိန်ဖြစ်ပါတယ်၊ ပညာရေးနဲ့ပတ်သက်ပြီး ပညာရေးဝန်ထမ်း ၄၈၀ဝ၀ဝ ကျော်ရှိတယ်၊ အခြေခံပညာကျောင်းပေါင်း ၅၀ဝ၀ဝ နီးပါရှိတယ်၊ ဒီကျောင်းတွေကို စီမံခန့်ခွဲတဲ့နေရာမှာ မိမိတို့နဲ့ နီးစပ်ရာကျောင်းတွေမှာ ပြောင်းရွှေ့နေရာချထားပေးမယ်ဆိုရင် အဓိကဖြစ်ပေါ်လာမယ့် ပြဿနာက ပညာရေး ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအားလုံးဟာ အကုန်ကမောက်ကမတွေ ဖြစ်ကုန်မယ်၊  နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား ဒေသတွေအားလုံးဟာ ဘယ်သူမှ သွားမယ်သူရှိမှာ မဟုတ်တော့ဘူး၊ ဒီအချိန်မှာ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ ပညာရေးဟာ ဒီထက်ပိုပြီး နိမ့်ကျသွားဖို့ပဲရှိတယ်၊ ဒီနေ့အချိန်မှာ နိုင်ငံတော်က ဦးတည်ပြီး ဖော်ဆောင်ပေးနေတာက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဦးတည်ပြီး ဆောင်ရွက်နေတဲ့အချိန်မှာ တိုင်းရင်းသားဒေသတွေမှာ ပညာရေးနိမ့်ကျသွားရင် ဒါတွေဟာ ဘယ်လိုမှ အောင်မြင်လာနိုင်စရာ အကြောင်းမရှိဘူး၊ ဒါကြောင့်မို့ ယခုတင်သွင်းတဲ့အဆိုကို ဆက်လက်ဆွေးနွေးဖို့ မသင့်ဘူးဆိုတာကို ကိုယ်စားလှယ်အများစုက ဆုံးဖြတ်ချက်ချတဲ့အတွက်ကြောင့် ကန့်ကွက်ခဲ့တာဖြစ်မယ်လို့ မြင်မိကြောင်း” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးလှမိုးက ပြောသည်။

 

ယခုအဆိုတင်သွင်းရခြင်းသည် ပညာရေးလောက ကောင်းဖို့အတွက် ဆရာ ဆရာမတွေရဲ့ အခက်အခဲတွေကို ဖြေလျော့ပေးချင်လို့၊ ဝန်ထမ်းပေါင်းစည်းရေးအတွက်လည်း အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပြီး ယခုအဆိုအား တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ကန့်ကွက်ခဲ့တာလည်းဆိုတာတော့ စဉ်းစားမရဘူးလို့ အဆိုရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ပြောသည်။

 

ပြည်သူ့လွှတ်တော်အစည်းအဝေးကနေ အဆိုကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့တာဟာ ယခုအဆိုအပါအဝင် နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

မျိုးထက်ဦး(MDN)