ပညာရေးဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံအစိုးရတို့ ပူးပေါင်းကျင်းပသော မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၂၁ ဇွန်

 

ပညာရေးဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံအစိုးရတို့ ပူးပေါင်းကျင်းပသော မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်(၂၀) ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အချိန်နှင့်အမျှ နည်းပညာ အသစ်များ ထွန်းကားလာမှုနှင့်အတူ ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့် အကာအကွယ်ပေးခြင်းသည် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကကျသည့် ကဏ္ဍတစ်ရပ် အနေအဖြစ် ပါဝင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေမူဘောင်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီချက်အရ ဖြစ်ပေါ်လာသော Trade Related Aspects of Intellectual Property Rights (TRIPS Agreement) တွင် ဖော်ပြထားသည့် စံနှုန်းနှင့်ကိုက်ညီမှု မရှိခဲ့ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့်နှင့် ဒေသဆိုင်ရာအညွှန်း (Geographical Indications - GI) များနှင့် စပ်လျဉ်းပြီး လုံလောက်စွာ အကာအကွယ်ပေးမည့် ဥပဒေများ မရှိခဲ့ပါကြောင်း။

 

အဆိုပါ မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဥပဒေဆိုင်ရာ အကာအကွယ်ပေးမှုအတွက် ခေတ်နှင့် လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတကာစံနှုန်းမီသော ဥပဒေမူဘောင်တစ်ရပ်ကို ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေမူကြမ်းများ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်တွင် အမျိုးသားလွှတ်တော်မှ အတည်ပြုချက် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေများကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီမှာ ဆက်လက် ဆွေးနွေးလျက်ရှိပါကြောင်း။

 

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မူပိုင်ခွင့် အကာအကွယ်ပေးခြင်း စနစ်များကို အသုံးပြုပြီး ပိုမိုတောင့်တင်းခိုင်မာသော စီးပွားရေးလမ်းကြောင်းသို့ ရောက်ရှိအောင် အားထုတ်ကြိုးပမ်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်ရေးအတွက် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ GI အနေနှင့် အကာအကွယ်ပေးခြင်းဖြင့် ဒေသထုတ်ကုန်များ၏ အရည်အသွေးများကို မြှင့်တင်နိုင်မှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းဖြင့် ဒေသတွင်းရှိ ပြည်သူများ၏စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ဝင်ရောက်လာမှုကို ဟန့်တားနိုင်ခြင်းအားဖြင့် မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုစနစ်ကို တည်ဆောက်ရန်နှင့် သုံးစွဲသူများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း။

 

ယနေ့ အလုပ်ရုံ‌ဆွေးနွေးပွဲတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ GI နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ မူပိုင်ခွင့်အကာအကွယ်ပေသည့် စနစ်များကို ကျင့်သုံးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်ရေးအတွက် ကုန်အမှတ်တံဆိပ်နှင့် ဒေသဆိုင်ရာအညွှန်းတို့ကို အသုံးပြုနိုင်မှုများအား ပိုမိုသိရှိနားလည်စေနိုင်မည် ဖြစ်သောကြောင့် ယခုဆွေးနွေးပွဲကို တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့် တက်ရောက်လာကြသော ဌာနအသီးသီးမှ ကိုယ်စားလှယ်များအတွက် များစွာအကျိုးရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှာ အခြားနိုင်ငံများ၏ မူပိုင်ခွင့် အကာအကွယ်ပေးမှုဆိုင်ရာ အကောင်းဆုံး အတွေ့အကြုံများကို လေ့လာပြီး လိုအပ်သည်များကို ဆွေးနွေးမေးမြန်းသွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

 

ပညာရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာန အနေဖြင့် French Development Agency (AFD) နှင့်ပူးပေါင်း၍ GI နှင့် သက်ဆိုင်သော ပညာပေးဆွေးနွေးပွဲများ၊ အလားအလာရှိသော ဒေသထွက်ကုန်ပစ္စည်းများကို GI အနေနှင့် အကာအကွယ် ရယူနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ၂၀၁၄ ခုနှစ်မှ စတင်၍ GI ကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးသဖြင့် (AFD) နှင့် ပူးပေါင်းပြီး ၂၀၁၅ ခုနှစ် မတ်လမှာ GI အနေနှင့် အကာအကွယ် ရယူနိုင်သည့် အလားအလာရှိသော ထုတ်ကုန်များကို စတင်ပြုစုခဲ့ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အလားအလာရှိသော GI ထုတ်ကုန် (၅) မျိုးကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ဆန်ကို အဓိက စားသုံးပြီး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အတွက် GI အနေနှင့် အကာအကွယ် ရယူနိုင်ရေးအတွက် အလားအလာ အကောင်းဆုံး ထုတ်ကုန်အဖြစ် ရွှေဘိုပေါ်ဆန်းကို ရွေးချယ်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ ရွှေဘိုပေါ်ဆန်း Project စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့ အထိ တစ်ကြိမ်၊ စုစုပေါင်း အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ်ကို (AFD) နှင့် ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ရွှေဘိုပေါ်ဆန်းကို GI ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့သော (AFD) ကို ကျေးဇူးအထူးတင်ရှိကြောင်း။

 

မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် တည်ထောင်နိုင်ရေးအတွက် ရည်ရွယ်၍ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲမှ ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာပြီး မူပိုင်ခွင့်ဥပဒေများ အတည်ပြုပြဋ္ဌာန်းရာတွင် အထောက်အပံ့ ဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီးဌာနနှင့် AFD တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့ပြီး ပိုမိုအားကောင်းလာစေမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Oliver Richard က အမှာစကား ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်တော်ကြီးများ၊ စင်္ကာပူနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ အာဆီယံနိုင်ငံများအတွက် Agricultural Counsellor ဖြစ်သူ Mr. Sebastien Bouvatier၊ ပြင်သစ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တက်ရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ပမှကျွမ်းကျင် ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။  

 

(သတင်းစဉ်)