ပညာရေးဝန်ကြီးဌာနကဖွင့်လှစ်သော အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း ကြိုဆိုပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ၉  စက်တင်ဘာ

 
နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် ပညာရေး ဝန်ကြီးဌာနကဖွင့်လှစ်သော အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (English Language Proficiency Upgrading Course) ကြိုဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခများ၊ သင်တန်းနည်းပြ ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်း (၂၅) ခုမှ အရာထမ်း (၅၂)ဦးနှင့် အမှုထမ်း (၁၀၄)ဦးတို့၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုအတွက် သီတင်း(၁၂)ပတ်ကြာ သင်တန်းကိုဖွင့်လှစ်ကာ ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း။

 

သင်တန်းသို့ အရာထမ်း(၃၆၂)ဦးနှင့် အမှုထမ်း(၇၀၂)ဦး၊ စုစုပေါင်း(၁၀၆၄)ဦး လျှောက်ထားခဲ့ရာ ယခုသင်တန်းသို့ ပထမအသုတ်အဖြစ် တက်ရောက်ခွင့်ရရှိသော သင်တန်းသား (၁၅၆) ဦးကို လှိုက်လှဲစွာကြိုဆို နှုတ်ခွန်းဆက်ပါကြောင်း သင်တန်းအား တက္ကသိုလ်များမှ အင်္ဂလိပ်စာပါမောက္ခများနှင့် ဆရာဆရာမများက သင်ကြားလေ့ကျင့် ပေးကြမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များကို ဆန်းသစ် ပြီးတီထွင် အားကောင်းလာစေရေးအတွက် အားပေးသွားမည်ဖြစ်ပါကြောင်း ဘဝတစ်သက်တာ သင်ယူလေ့လာလိုသူများ၊ အလုပ်အကိုင်တွင် တိုးတက်လိုသူများအနေဖြင့် အင်္ဂလိပ်ဘာသာစကားသင်ယူလိုမှုများသည် အလွန်အမင်းမြင့်တက်လျက်ရှိနေပါကြောင်း၊ တိုင်းပြည်၏ အင်္ဂလိပ်ဘာသာစကား လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်းများမှ အရာထမ်း၊အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကားသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး အစီအစဉ်တစ်ခုအဖြစ် ဖွင့်လှစ်လျက်ရှိပါကြောင်း ဆက်လက်၍ အင်္ဂလိပ်ဘာသာစကားသင်တန်းများကို ပိုမိုဖွင့်လှစ်ပေးသွားမည် ဖြစ်သကဲ့သို့ ကိုရီးယား၊ တရုတ်၊ ဂျပန်ဘာသာစကား သင်တန်းများ၊ ဥပဒေနှင့် စီမံခန့်ခွဲမှု ပညာသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းကို ၂၀၁၈ခုနှစ် စက်တင်ဘာ (၁)ရက်မှနိုဝင်ဘာလ (၂၅) ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး ဆက်လက်၍ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

mdn