ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများ မော်လမြိုင်မြို့နှင့် ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေး

နေပြည်တော် ၆ မတ် 

 

ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှု အခြေအနေများ တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲကို မတ် ၅ ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက အဖွင့်အမှာစကား ပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

 

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာနမှ တိုင်းရင်းသားဘာသာ စကား ၆၃ မျိုးကို ကျောင်းပေါင်း ၁၄၀ဝ၈ ကျောင်းတွင် ဆရာ ဆရာမ ၃၁၇၄၂ ဦးဖြင့် တိုင်းရင်းသား ကလေးငယ် ၈၄၈၄၈၀ ကို သင်ကြားပေးလျက် ရှိပါကြောင်း၊ မွန်ပြည်နယ်တွင် ကျောင်းပေါင်း ၆၄၂ ကျောင်းတွင် သင်ကြားရေး အထောက်အကူပြု ဆရာ (TA) ၈၂၂ ဦး၊ ဘာသာစကားသင်ဆရာ (LT) ၉၇၀ စုစုပေါင်း ၁၇၉၂ ဦးဖြင့် ကျောင်းသား ကလေးငယ်  ၅၅၈၅၇ ဦးကို သင်ကြားပေးပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစကား ၃၇ မျိုးအတွက် တိုင်းရင်းသား ဖတ် စာအုပ်များကို အခြေခံပညာဦးစီးဌာနက အခမဲ့ ပုံနှိပ်ဖြန့်ဝေခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ တိုင်းရင်းသားဘာသာစကား သင်ကြားပြသသော ဆရာများ လစာငွေ ချီးမြှင့်ခြင်းနှင့် ပုံနှိပ်ခြင်းအတွက် ဘဏ္ဍာငွေကျပ် ၄၀.၂၁၅ ဘီလီယံကို အသုံးပြုခဲ့ကြောင်း။  

 

ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မွန်ပြည်နယ် ပညာရေးမှူးရုံး၏ စီစဉ်ပံ့ပိုးမှုဖြင့် ဒေသသင်ရိုးညွှန်းတမ်း စာအုပ်များကိုလည်း ပြုစုပြီး ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအိအိဟန်က တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှု ထိရောက်အောင်မြင်မှု အခြေအနေ သုတေသန ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်နယ်တာဝန်ခံက  တိုင်းရင်းသားဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ချက်များကို ဆက်လက် ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့  မွန်ပြည်နယ် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်နယ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်ကြားရေးအထောက် အကူပြု ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားဘာသာ စကားသင် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

အလားတူ တွေ့ဆုံပွဲကို မတ် ၆ ရက် နံနက် ၉ နာရီက ဘားအံမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဘားအံမြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်နယ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ သင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်