ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး မန္တလေးမြို့ရှိတက္ကသိုလ်၊ ကောလိပ်ကျောင်းများသို့ သွားရောက်တွေ့ဆုံဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်  ၁၃  သြဂုတ် 

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် ဆရာဆရာမများတွေ့ဆုံပွဲ အခမ်း အနားကိုဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် မန္တလေးမြို့ မြန်မာသတင်း အချက်အလက်နှင့်နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်များ၌ ဒေသနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကိုအထောက်အကူပြုမည့် အသုံးချ သုတေသန လုပ်ငန်း များ ဦးစားပေးဆောင်ရွက်ကြရန် အားပေးပါကြောင်း၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများစာသင်ခန်းတွင် များများဆွေးနွေးကြရန်၊ စာများများ ဖတ်ကြ ရန်နှင့် အင်္ဂလိပ်စာ၊ ICT အရည်အသွေး တိုးတက်အောင် ဆောင်ရွက်နေကြ ရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများ၏ သင်ယူ တတ်မြောက်မှုအရည်အသွေးမြင့်မားရေးအတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်းနှင့် အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ စဉ်းစားတွေးခေါ်မှုကို အားပေးသင်ကြားသင်ယူလေ့ကျင့်ပေးကြစေလိုကြောင်းဖြင့်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးကာလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းစီစဉ် ဆောင်ရွက်ခဲ့သည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးကောလိပ်သို့ သွားရောက်ကာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူး၊ ကထိက၊ နည်းပြ ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးအရည်အသွေးပြည့်ဝသော ကျောင်းသားကျောင်းသူများ မွေးထုတ်ပေး နိုင်ရေးအတွက် ဆရာဆရာမများ၏ အရည်အသွေးမြင့်မားရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေမြဲရေးနှင့် မူလတန်းအရွယ်ကလေးတိုင်းမူလတန်းပညာသင်ယူပြီးမြောက်ရေး၊ အလယ်တန်း၊ အထက်တန်းပညာဆက်လက်သင်ယူနိုင်ရေး၊ ကျောင်းထွက်သူပပျောက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူ များအားအခြေခံပညာသင်ယူပြီးပါကလည်း အသက်မွေးဝမ်းကျောင်းပညာ၊ တက္ကသိုလ် ပညာရပ်များဆက်လက်ဆည်းပူးသင်ယူနိုင်စေရေးနှင့် လူသားကောင်းများဖြစ်စေရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ကျေပွန်စွာဆောင်ရွက်တတ်ရေး၊ ယှဉ်ပြိုင်နိုင် သော ဆန်းသစ်တီထွင်နိုင်သည့် စွမ်းရည်ပြည့်ဝရေးတို့အတွက် ပြုစုပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်များကိုလည်း ၄-နှစ်သင် ပညာရေးဒီဂရီကောလိပ်များသို့ အဆင့်မြှင့်တင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆရာဆရာမများအားလေးစားတန်ဖိုးထားပါကြောင်းဖြင့် ဆွေးနွေး မှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

 

ထိုမှတဆင့် မန္တလေးနည်းပညာတက္ကသိုလ်သို့ သွားရောက်ကာ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲမှုကိစ္စရပ်များ ပိုမိုကောင်းမွန်ရေးတို့ကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်၌ကျင်းပသော တက္ကသိုလ်များနှင့်မဟာဌာနများ၏စီမံခန့်ခွဲမှုဆိုင်ရာဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ် များချီးမြှင့်ပေးအပ်သည်။

 

သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ အထက်တန်း ကျောင်း(မန္တလေး)သို့သွားရောက်၍ ကျောင်းဆောင်ဆောက်လုပ် ပြီးစီးမှုအခြေ အနေများ သွားရောက်ကြည့်ရှုသည်။ ထိုမှတဆင့် မန္တလေးနည်းပညာတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာဆရာမများနှင့်တွေ့ဆုံသည်။

 

ပြည်ထောင်စုဝန်ကြီးသည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေး ကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် လည်းကောင်း၊ စစ်ကိုင်းနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့်လည်းကောင်း တွေ့ဆုံ၍ ပညာရေးဝန်ကြီးဌာန၏ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

 

 (သတင်းစဉ်)