ပညာရေးနှင့် ဆရာများ၏ အရေးပါသော အခန်းကဏ္ဍ

နှစ်စဉ် အောက်တိုဘာ ၅ ရက်ဟာ ကမ္ဘာ့ဆရာများနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်လို့ အခုဆိုရင် ကမ္ဘာ့ဆရာများနေ့ ကျင်းပခဲ့တာ ၂၈ နှစ်ရှိပါပြီ။ ယခု ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ဆောင်ပုဒ်က “The transformation of education begins with teachers” “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့် အစပြု” ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်က ဆရာများရဲ့ အခန်းကဏ္ဍကို ပိုမိုထင်ရှားစေပါတယ်။ လက်တွေ့နယ်ပယ်မှာတော့ ဆရာများရဲ့အခန်းကဏ္ဍဟာ ဒီထက်မက နက်နဲကျယ်ဝန်းလှပါတယ်။

အနာဂတ်ကို ပုံဖော်ကြသူများ

ကမ္ဘာကြီးရဲ့အနာဂတ်တွေဆိုတာ တစ်ချိန်မှာ မျိုးဆက်သစ်တွေရဲ့ လက်ထဲ လွှဲပြောင်းပေးကြရမှာဖြစ်ပြီး မျိုးဆက်သစ်တွေကပဲ ဆက်လက်ပြီး တာဝန်ယူကြရမှာပါ။ လူသားသမိုင်း အစဉ်အဆက်မှာ ဒီလိုပဲ မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့ကြရပါတယ်။ ဘယ်သူမှ ထာဝရတာဝန်ယူလို့ မရပါဘူး။ ဒီတော့ အနာဂတ်ကို မျိုးဆက်သစ်တွေ လက်ထဲ လွှဲပေးကြဖို့ဆိုရင် မျိုးဆက်သစ်တွေကို ကာယဗလ၊ ဉာဏ ဗလ၊ ဘောဂဗလ၊ မိတ္တဗလ၊ စာရိတ္တဗလဆိုတဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းတွေဖြစ်အောင် ပြုစုပျိုးထောင်မွေးထုတ်ပေးကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေ အခန်း (၂) ပုဒ်မ (၃) မှာ အမျိုးသားပညာရေးရည်မှန်းချက် ခုနစ်ချက် ဖော်ပြထားပါတယ်။ စာရှည်သွားမှာစိုးလို့ ဆောင်းပါးမှာ ထည့်မရေးတော့ပါဘူး။ ဥပဒေ ပြဋ္ဌာန်းချက်မှာပါတဲ့ အမျိုးသားပညာရေးရဲ့ ရည်မှန်းချက်တွေဟာ ပညာသင်ကြားရခြင်းရဲ့အနှစ်သာရတွေနဲ့ မျှော်မှန်းတဲ့ရလဒ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေမှာပါတဲ့ ရည်မှန်းချက်တွေဆိုတာကလည်း ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်ရုံနဲ့ မရနိုင်သေးပါဘူး။ 

ရည်ရွယ်ချက်တွေအတိုင်း အောင်မြင်ဖို့ အဆင့်ဆင့်အကောင် အထည်ဖော်မှုတွေ လိုအပ်ပါတယ်။ အဆင့်ဆင့် အကောင်အထည်ဖော်မှုတွေ မှန်ကန်ထိရောက်မှ လိုချင်တဲ့ ပညာရေးရဲ့အနှစ်သာရတွေကိုရမှာ ဖြစ်ပါတယ်။ ပညာရေးရဲ့ ရည်မှန်းချက်တွေ၊ အနှစ်သာရတွေရဖို့ ကျောင်းသားတွေကို အနီးကပ်ဆုံး လေ့ကျင့်သင်ကြားပေးနေကြရတာက ဆရာ ဆရာမတွေ ဖြစ်ပါတယ်။ ဒီလိုဆိုလို့ ပညာရေးရဲ့ ရည်မှန်းချက် တာဝန်တွေ အောင်မြင်ဖို့နဲ့  ရည်မှန်းထားတဲ့အတိုင်း ကျောင်းသားတွေ အရည်အသွေးပြည့်ဝဖို့အတွက် ဆရာတွေမှာပဲ တာဝန်ရှိတာတော့  မဟုတ်ပါဘူး။ ပညာရေးစနစ်တစ်ခုလုံးကို အကောင်အထည်ဖော်ရတဲ့ အဆင့်တိုင်းမှာ တာဝန်ရှိကြပါတယ်။

အဆင့်ဆင့်တာဝန်ရှိတဲ့အထဲမှာ ကျောင်းသားတွေကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားရတဲ့ ဆရာတွေကတော့ ပညာရေးရဲ့ အရေးအပါဆုံးသူပဲ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကို ဘက်စုံထူးချွန် ထက်မြက်လာစေဖို့ အနီးကပ် သင်ကြားပြုစုပျိုးထောင်နေတာဖြစ်လို့ အရေးအပါဆုံးလို့ ဆိုရခြင်းဖြစ်ပါတယ်။ အိုင်းစတိုင်းက တီထွင်ဖန်တီးနိုင်မှုနဲ့ အသိပညာတွေမှာ ပျော်ရွှင်အောင်ဖန်တီးပေးတာက ဆရာရဲ့ အကြီးမြတ်ဆုံးအနုပညာလို့  ဆိုခဲ့ပါတယ်။  အမှန်တကယ်လည်း အကြီးမြတ်ဆုံး အနုပညာပါပဲ။ 

ဆရာတွေက တပည့်တွေကို ပညာတွေအပြင် ဘဝရဲ့ရည်မှန်းချက်၊ စိတ်ကူးစိတ်သန်း၊ စဉ်းစားတွေးခေါ်မှု၊ လူမှုကျင့်ဝတ်၊ ပူးပေါင်း ဆောင်ရွက်မှုဆိုတဲ့ ဘဝရဲ့ လိုအပ်ချက်တွေ ပြည့်စုံဖို့ သင်ကြား ပြုစုပျိုးထောင်ပေးနေကြပါတယ်။ ဒီလိုသင်ကြားလိုက်လို့ ကျောင်းသား ကျောင်းသူတွေမှာ ပညာအရည်အသွေးတွေ ပြည့်ဝသွားရင် အနာဂတ်အတွက် ထူးချွန်ထက်မြက်တဲ့မျိုးဆက်သစ် မွေးထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ်တွေ ထူးချွန်ထက်မြက်မှ အနာဂတ်လူ့အဖွဲ့အစည်း၊ အနာဂတ်နိုင်ငံတော် တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ အနာဂတ်၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့အနာဂတ်၊ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်တာက ဆရာတွေပဲလို့ဆိုကြတာ ဖြစ်ပါတယ်။

ဆရာများ၏အခန်းကဏ္ဍ

ဆရာတွေက တပည့်တွေရဲ့အနာဂတ်ခရီးအတွက် အသင့်ဖြစ်နေဖို့ ပြုစုပျိုးထောင်ရာမှာ အရေးအကြီးဆုံးအခန်းကဏ္ဍမှာ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ပူးတွဲသဝဏ်လွှာမှာ “လေ့လာသင်ကြားသူတွေရဲ့ အနာဂတ်ကို ပြုပြင်ပြောင်းလဲရာ ဆရာတွေမှာ သူတို့ကိုယ်တိုင်အတွက်၊ အခြားသူတွေအတွက်နဲ့ ကမ္ဘာကြီးအတွက် တာဝန်ယူနိုင်တဲ့ စွမ်းရည်တွေရှိကြောင်း အာမခံပေးခြင်းဖြင့် ဆရာများရဲ့ အရေးပါသောအခန်းကဏ္ဍကို ယနေ့ကမ္ဘာ့ဆရာများနေ့မှာ ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။ ဆရာတွေဟာ အသိပညာဖြန့်ဖြူးသူတွေ၊ အသိပညာ ရှင်တွေနှင့် မူဝါဒမိတ်ဖက်တွေအဖြစ် ယုံကြည်အသိအမှတ်ပြုဖို့ နိုင်ငံများကို ကျွန်တော်တို့အနေနဲ့ တောင်းဆိုပါတယ်”လို့ ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်ဟာ ဆရာတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထင်ဟပ်ထားတာပါ။

လက်တွေ့မှာလည်း ဆရာတွေဟာ ကျောင်းသားတွေဘဝမှာ အရေးပါတဲ့သူတွေ ဖြစ်ပါတယ်။ အလက်ဇန်းဒါးသဂရိတ်က ကျွန်တော်ဟာ ဘဝရပ်တည်နိုင်လို့ အဖေ့အပေါ်မှာ အကြွေးတင်နေပါတယ်။ ဒါပေမယ့် ဘဝကိုကောင်းစွာ ရပ်တည်နိုင်တဲ့အတွက်ကတော့ ကျွန်တော့်ဆရာအပေါ်မှာ အကြွေးတင်နေပါတယ်လို့ ဆိုခဲ့ပါတယ်။ သူ့ရဲ့စကားဟာ ဘဝမှာ ဆရာတစ်ယောက်ရဲ့ အရေးပါပုံကို ဖော်ပြနေတာပါ။ ဆရာတစ်ယောက်ဟာ ကျောင်းသားတွေရဲ့ ပညာရေး တတ်မြောက်ရေးတစ်ခုတည်းအတွက်သာ တာဝန်ယူနေရတဲ့သူတွေ မဟုတ်ပါဘူး။ အိမ်အပြင်က မိဘတစ်ယောက်လို၊ ဆွေးနွေးတိုင်ပင်ပေးသူ၊ အကြံပေးသူ၊ စံပြပုဂ္ဂိုလ်တစ်ယောက်လို တာဝန်ယူကြရတာ ဖြစ်ပါတယ်။ 

ဆရာတွေက ကျောင်းသား ကျောင်းသူတိုင်း ပညာရေးရဲ့ အနှစ်သာရတွေဖြစ်တဲ့ အသိတရားနဲ့ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်ပြီး ဗလငါးတန်နဲ့ ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းတွေဖြစ်ဖို့၊ ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနဲ့ သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်ဖို့ ပြုစုပျိုးထောင်ပေးနေသူတွေ ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေ ပညာအရည်အသွေး ပြည့်ဝနေမှ သူတို့ရှေ့ရေး၊ လူ့အဖွဲ့အစည်းရှေ့ရေး၊ နိုင်ငံ့ရှေ့ရေးတွေ တိုးတက်မြင့်မားလာဖို့ မျှော်မှန်းနိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဆရာတွေရဲ့ အရေးပါမှုနဲ့ ဆရာတွေအခန်းကဏ္ဍကို ယုံကြည်ဖို့နဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုတာလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကနေ ပညာရေးစနစ်ပြန်လည် နာလန်ထူဖို့အတွက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပညာသင်ကြားပေးသူ ၇၁ သန်းရဲ့ ကောင်းမွန်တဲ့ နေထိုင်မှုဘဝ၊ လေ့ကျင့်သင်ကြားမှု၊ အသက်မွေးဝမ်းကျောင်းတိုးတက်မှုနဲ့ လုပ်ငန်းခွင်အခြေအနေတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံကြဖို့ ကုလသမဂ္ဂက ၂၀၂၁ ခုနှစ်အတွင်းက တိုက်တွန်းခဲ့ဖူးပါတယ်။ ကပ်ရောဂါကြောင့် ဖြစ်ပေါ်နေတဲ့ ပညာရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ဆရာတွေရဲ့အခန်းကဏ္ဍအတွက် ထိရောက်တဲ့မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဖို့လည်း ပါဝင်ပါတယ်။ ယခုအချိန်ဟာ ဆရာတွေရဲ့ ထူးခြားပြီးအရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုဖို့အချိန်ဖြစ်ပြီး ဆရာတွေကို စွမ်းအားမြှင့်တင်ပေးရမယ့် အချိန်လို့လည်း ဆိုပါတယ်။    

အကျိုးသက်ရောက်မှု

ဆရာတွေရဲ့ ပြုစုပျိုးထောင်မှုတွေဟာ ကျောင်းသားတွေအပေါ်မှာပဲ အကျိုးသက်ရောက်မှုရှိတာ  မဟုတ်ပါဘူး။ လူ့အသိုက်အဝန်းနဲ့ အခြားသူတွေရဲ့ဘဝတွေအပေါ်ကိုလည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဆရာတွေဟာ လူ့အဖွဲ့အစည်းရဲ့ ကျောရိုးပမာ အရေးပါ ပါတယ်။ ဆရာများဟာ ပညာသင်ကြားပေးတဲ့ သူတွေကိုဖြစ်လို့ ပညာရေးရဲ့အနှစ်သာရတွေကို ဖော်ဆောင်နေကြရသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတွေသင်ကြားပေးနေတဲ့ ပညာဆိုတာက လူတစ်ယောက်ကစပြီး နိုင်ငံတစ်နိုင်ငံ၊ တစ်ကမ္ဘာလုံးအတွက် အရေးအကြီးဆုံးစွမ်းအားတစ်ခုဖြစ်လို့ ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားအထက်ဆုံး လက်နက်ဖြစ်တယ်လို့ နယ်ဆင်မင်ဒဲလားက ဆိုခဲ့ဖူးပါတယ်။

ပညာရေးနဲ့ ကမ္ဘာကြီးကိုပြောင်းလဲပေးဖို့အတွက် ထူးချွန်ထက်မြက်တဲ့မျိုးဆက်သစ်တွေ မွေးထုတ်ပေးကြရမှာပါ။ အထူးသဖြင့် ဒီကနေ့ နည်းပညာခေတ်၊ ပညာခေတ်မှာ ပညာရေးရဲ့ အနှစ်သာရတွေ ပြည့်ဝဖို့ ပိုလိုအပ်နေပါတယ်။ တစ်နည်းအားဖြင့် အရည်အသွေးရှိတဲ့ ပညာရေးဖြစ်ဖို့ပါပဲ။ အရည်အသွေးရှိတဲ့ ပညာရေး အကောင်အထည်ဖော်ရာမှာ သင်ကြားရေးတာဝန်ယူကြရတဲ့ ဆရာတွေရဲ့ ကဏ္ဍက အရေးပါလာပါတယ်။ ပညာရေးမှာ ဆရာတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ စာပေသင်ကြားပေးခြင်းထက် ပိုမိုကျယ်ပြန့်ပါတယ်။ စာသင်ကြားခြင်းမှာ မတူညီတဲ့ရှုထောင့်တွေ များစွာပါဝင်ပါတယ်။

စာသင်ကြားခြင်းကနေ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ လူမှုကျင့်ဝတ်စတဲ့ အနှစ်သာရတွေပါမှ အရည်အသွေး ရှိတဲ့ပညာရေး ရရှိပါလိမ့်မယ်။ စာမေးပွဲအောင်ဖို့ သက်သက်ဆိုရင်တော့ စာသင်တာပဲ ဖြစ်ပါလိမ့်မယ်။ ကြက်တူရွေးစာသင်တာကို ပညာ သင်ကြားတာလို့ ပြောဖို့ခက်ပါတယ်။ 

ဆရာတွေဆိုတာကလည်း စာသင်ကြားပေးသူသက်သက် မဟုတ်ပါဘူး။ တပည့်တစ်ယောက် စာသင်ခန်းထဲနေ လက်တွေ့ဘဝထဲအထိ အသုံးချကြရမယ့် ပညာရဲ့အရည်အသွေးတွေကို သင်ပေးလိုက်၊ ပဲ့ပြင် ဆုံးမပေးလိုက်ကြပါတယ်။ ကျောင်းသားတွေအနေနဲ့ ဆက်လျှောက်ရမယ့် ဘဝတွေကို ဘယ်လိုရွေးချယ်ကြမယ်၊ ဘယ်လိုပုံစံနဲ့ လျှောက်လှမ်းကြမယ်၊ ဘယ်လိုအတွေးအမြင်တွေနဲ့ ရပ်တည်ကြမယ်၊ လူမှုကျင့်ဝတ်တွေ ဘယ်လိုလိုက်နာကြရမယ်ဆိုတာကို ငယ်စဉ်ကတည်းက ကျောင်းမှာ သင်ကြားပေးလိုက်ပါတယ်။ ဒါမှ ဗလငါးတန်နဲ့ ပြည့်စုံတဲ့ မျိုးဆက်သစ်တွေဖြစ်လာပြီး အကျိုးသက်ရောက်မှုတွေကလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။

စိန်ခေါ်မှုများ

ပညာရေးရဲ့ အဓိကစိန်ခေါ်မှုတစ်ရပ်ကတော့ ကမ္ဘာမှာ အရည်အသွေးပြည့်ဝတဲ့ ဆရာတွေ လျော့နည်းလာခြင်းလို့ ယူနက်စကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ နိုင်ငံတကာပညာရေးအဖွဲ့တို့ရဲ့  ပူးတွဲထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်း ဆရာခန့်ထားမှုမှာ လုံလောက်မှုမရှိသလို ညီမျှမှုလည်း မရှိဘူးလို့ဆိုပါတယ်။ အခြား တစ်ဖက်မှာ မျှတတဲ့သင်ကြားရေးဖြစ်လာဖို့အတွက် ပညာရေးစနစ်တွေအနေနဲ့ အထူးသဖြင့် ကလေးငယ်တွေနဲ့ မူလတန်းပညာရေးတွေမှာ အမျိုးသားဆရာတွေကို မဆွဲဆောင်နိုင်ကြောင်း၊ ဒါ့အပြင် ဆရာခန့်ထားမှု မညီမျှတဲ့အတွက် ကျေးလက်နဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ဆရာမလုံလောက်တဲ့ စိန်ခေါ်မှုတွေရှိနေကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ 

အခြားစိန်ခေါ်မှုတစ်ခုကတော့ ဆရာအများစုဟာ သူတို့ရဲ့ လုပ်ငန်းသက်တမ်းတစ်လျှောက် အရည်အသွေးပြည့်ဝတဲ့ လေ့ကျင့်သင်ကြားမှုတွေနဲ့ စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်း တိုးတက်မှု ဆိုင်ရာအခွင့်အလမ်း မရရှိခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဆရာများစွာရဲ့ လုပ်ငန်းခွင်အခြေအနေဟာ ပြည့်စုံမှုမရှိတဲ့အပြင်  လုပ်ငန်းအပေါ် စိတ်ဝင်စားမှုကို ထိခိုက်နေခြင်းဖြစ်ပါတယ်။ စိန်ခေါ်မှုတွေထဲက နောက်ဆုံးဖော်ပြထားတဲ့အချက်ကတော့ ဆရာတွေရဲ့ ဦးဆောင်နိုင်မှုနဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းကို အားပေးသင့်ပြီး ပညာရေးပြုပြင် ပြောင်းလဲမှုမှာ ပိုပြီထိရောက်စွာ စုစည်းအသုံးချသင့်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

ပြုပြင်ပြောင်းလဲမှု

ကိုဗစ်ကပ်ရောဂါကြောင့်  ပညာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အရည်အသွေးရှိတဲ့ ပညာရေးဖြစ်ဖို့အတွက် ဆရာတွေဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ဆရာတွေရဲ့ကဏ္ဍတစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။ ပညာရေးဆိုင်ရာ မူဝါဒတွေ၊ အဆင့်ဆင့်အကောင်အထည်ဖော်မှု၊ လူမှုအဖွဲ့အစည်း စတာတွေပါ ဟန်ချက်ညီပေါင်းစပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အထက်မှာဖော်ပြခဲ့သလို ဆရာများရဲ့ အခန်းကဏ္ဍ ဆိုင်ရာ စိန်ခေါ်မှုတွေကို ပြုပြင်ပြောင်းလဲမှသာ ဟန်ချက်ညီ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ဆရာတွေဟာ ဘဝတွေကို ပိုမိုတိုးတက်ကောင်းမွန်ဖို့ ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင် ထားကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေရဲ့ ဘဝတွေနဲ့ နိုင်ငံ့အနာဂတ် တိုးတက်ကောင်းမွန်ဖို့ဆိုရင် ဆရာတွေရဲ့ ပြောင်းလဲပေးနိုင်တဲ့စွမ်းရည် ပိုမိုထက်မြက်လာအောင် မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။  ။

သိန်းထွန်း(IR)

ကိုးကား-World Teachers’ Day 2022၊ The transformation of education begins with teachers၊ Concept note