ပညာရေးမှာပါ ထူးချွန်တဲ့ “သားတို့အမွှာ”

မန္တလေး ၁၉ စက်တင်ဘာ

 

(၁၀ ပေ ပတ်လည်ခန့်ရှိတဲ့ စင်မြင့်ပေါ်မှာ လိုက်ဖက်ညီတဲ့ မင်းသားနဲ့ မင်းသမီးလေးဟာ နှစ်ပါးသွားအကနဲ့ဖျော်ဖြေနေတယ်။ ခေါင်း၊ ခါး၊ ခြေလက် အချိုးကျကျ ကပြနေတဲ့သူကတော့ “သားတို့အမွှာ”လို့ နာမည်ကြီးနေတဲ့ ဟန်သာမိုးနဲ့ ဟန်သာဖြိုး အမွှာညီအကိုတွေပဲ ဖြစ်ပါတယ်။ )


မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်အနီးက ရပ်ကွက်တစ်ခုမှာ “သားတို့အမွှာ” အိမ်ငှား နေကြပါတယ်။ အသက် ၁၂ နှစ်သာရှိသေးတဲ့ သူတို့နှစ်ယောက်ဟာ ငယ်ရွယ်စဉ်ကတည်းက အနုပညာဗီဇ ပါလာတဲ့သူတွေလို့ ဆိုရမှာပါ။ စီးပွားရေးမပြေလည်မှုတွေကြားက ကလေးတွေရဲ့ ဝါသနာကို မိခင်ဖြစ်သူက ဖြည့်ဆည်းပေးခဲ့ပါတယ်။

 

ဟန်သာဖြိုးနဲ့ ဟန်သာမိုးတို့ အသက် ၉ လ အရွယ်မှာ ဖခင်ဖြစ်သူဟာ  အဆုတ်မှာ အနာပေါက်လို့ ဆုံးပါးသွားခဲ့တယ်။ အမျိုးသားဖြစ်သူ ဆုံးပါးပြီးကတည်းက လူမမယ် အမွှာကလေး နှစ်ယောက်နဲ့ အသက် ၃ နှစ်အရွယ် သမီးလေးတို့ကို မိခင်ဖြစ်သူ ဒေါ်အေးအေးမိုးက ဘုရားကြီးအရှေ့မုဂ်မှာ ပန်းရောင်းပြီး ကျွေးမွေးစောင့်ရှောက်ခဲ့ရပါတယ်။ 

 

ကလေးငယ်သုံးယောက်ကို ပန်းရောင်းပြီး ရှာဖွေကျွေးပေမယ့် စီးပွားရေးက ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ စားဝတ်နေရေး အဆင်ပြေဖို့ အကြွေးတွေယူရတယ်။ အကြွေးယူတော့ အကြွေးပူတဲ့ ဘဝဒဏ်ကလည်း မသေးလှပါဘူး။ ဒီလိုအခက်အခဲတွေကြောင့် အမွှာကလေးတွေထဲက သားအကြီး ဟန်သာမိုးကို မွေးစားဖို့ ပေးလိုက်ရတဲ့အထိ ကြုံခဲ့ရပါတယ်။ 

 

‘ဘဝပေးအခြေနေကြောင့်သာ ခွဲနေရတာ ဒီကလေးနှစ်ယောက်ကို အတူတူထားတယ်။ လုပ်ငန်းပြီးရင် အကြီးကောင် မွေးစားတဲ့အိမ်ကို သွားတယ်။ ကျောင်းကိုလည်း တစ်ကျောင်းတည်းမှာ အတူတူထားတယ်။ ညီအကိုချင်း ပျော်ပျော်ပါးပါး နေကြတယ်။ မိုးချုပ်လို့ အိပ်ချိန်ရောက်မှ အိမ်ပြန်အိပ်တယ်၊ အမွှာတွေကလည်း သုံးမိနစ်တစ်ခါလောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လို့ အိမ်နီးနားချင်းတွေက စနောက်တဲ့အကြောင်း ’ ဒေါ်အေးအေးမိုးက ဆိုပါတယ်။

 

ဒေါ်အေးအေးမိုးတို့မှာ အနုပညာမျိုးရိုး မရှိခဲ့ပါဘူး။ သူနဲ့အတူနေတဲ့ သားငယ်ဖြစ်သူ ဟန်သာဖြိုးက အသက်လေးနှစ်ကစပြီး အနုပညာ ဝါသနာပါခဲ့တယ်လို့ ဆိုရမှာပါ။ ငယ်စဉ်ကတည်းက မင်းသားကတဲ့ စီဒီအခွေဖွင့်ပြမှ အငိုရပ်တက်တဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။

 

‘တခြားအခွေပြရင် မနေဘူး။ မင်းသားအက ဖွင့်ပြရင်ကြိုက်တယ်။ မပြောတတ်၊ ပြောတက် အရွယ်ကတည်းက နဂါးအက ကတက်ပြီ ၊ ဘီလူးအက ကတက်ပြီ  ဆိုပြီး ပြောတယ်’လို့ ဒေါ်အေးအေးမိုးက ပြောပါတယ်။ 

 

နေ့ပြန်တိုးနဲ့ အကြွေးယူပြီး မင်းသားဝတ်စုံချုပ်ပေးခဲ့တဲ့အထိကလေးငယ်ရဲ့ ဝါသနာကို ဖြည့်စည်းပေးခဲ့ကြောင်း ပြောပါတယ်။ 

 

အသက် လေးနှစ်အရွယ်မှာ မဟာမုနိရုပ်ရှင်တော်မြတ် (ဘုရားကြီး) ညောင်ရေသွန်းပွဲတော်မှာ သားငယ်ဖြစ်သူ ဟန်သာဖြိုးရဲ့ ပွဲဦးထွက် ကပြခဲ့ပါတယ်။ သားငယ်ဖြစ်သူ ကတာမြင်တော့ သားကြီးဖြစ်သူကလည်း သူလည်းကချင်တယ်လို့ ဆိုလာတဲ့အတွက်  သူတို့ အသက် ၆ နှစ်အရွယ်မှာ World Vision က ပြုလုပ်တဲ့ ပွဲတစ်ခုမှာ ဦးရွှေရိုး ၊ ဒေါ်မိုးအကနဲ့ ဖျော်ဖြေရာကစလို့ ပိုပြီး လူသိများလာခဲ့ပါတယ်။ အဲဒီကနေ ကထိန်ပွဲ၊ အလှူပွဲတွေမှာပါ ကပြဖျော်ဖြေလာရပါတယ်။ 

 

အဲဒီကနေ ‘သားတို့အမွှာ’ဆိုတဲ့ အကပေဒသာအဖွဲ့လေးကို ဖွဲ့ခဲ့တယ်။ စနစ်တကျ ကတတ်စေဖို့  မန္တလေးပန်တျာကျောင်းက ဆရာဦးဇော်နိုင်ဆီမှာ အကသင်ကြားပေးခဲ့ပါတယ်။ ကလေးတွေဟာ အနုပညာမှာ တော်တဲ့သူတွေဖြစ်သလို ပညာရေးမှာလည်း ထက်မြက်တဲ့သူတွေပါ။ ငယ်စဉ်ကတည်းကနေ အခုချိန်အထိ ပညာရည်ချွန်ဆုတွေ ရခဲ့ပါတယ်။ 

 

ပြီးခဲ့တဲ့ Myanmar’s Got Talents ပြိုင်ပွဲမှာလည်း သူတို့နှစ်ဦး ကို မြန်မာ့ရိုးရာအကနဲ့ ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ပါတယ်။ ကလေးတွေရဲ့ အနုပညာကို ဖော်ထုတ်ပြသစေလိုတဲ့ စေတနာရယ်၊ ပြိုင်ပွဲမှာ အနိုင်ရရှိရင် အလှူပေးမယ်ဆိုတဲ့ စိတ်ရယ်ကြောင့် Myanmar’s Got Talents မှာ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။ ငယ်ရွယ်စဉ်က ရှင်ပြုနားသ အလှူလုပ်ပြီး ရှင်ပြုပေးခဲ့ပေမယ့် စီးပွားရေး မပြေလည်မှုကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ရတယ်။ ဒါကြောင့် Myanmar’s Got Talents မှာ အနိုင်ရရင် ဆုငွေ သိန်း ၁၅ဝ ကို ဘာမှမသုံးဘဲ အလှူကြီးပေးမယ်လို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ရည်ရွယ်ချက် မပြည့်ခဲ့ပါဘူး။

 

‘ပညာရေးမှာ ခုချိန်ထိ မစိုရိမ်ရဘူး။ စာကျက်ပါလို့ မတိုက်တွန်းရဘူး။ သူတို့အလုပ်သူတို့ လုပ်သွားတာ။ ဒီကလေးတွေ ရတာဟာ အဖက်ဖက်က ဘုရားပေးတဲ့ဆုလာဘ်ပါပဲ’လို့ ဆိုပါတယ်။

 

အိမို့မို့ခိုင်