ပညာရေးကောလိပ်များ၏ လုပ်ငန်းသုတေသနစာတမ်းနှင့် သင်ထောက်ကူပြိုင်ပွဲ မုံရွာပညာရေးကောလိပ်တွင် ကျင်းပ

မုံရွာ ၁၅ ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာပညာရေးကောလိပ် ပညာရတနာခန်းမတွင် အဆင့်မြင့် ပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပညာရေးကောလိပ်များ၏ လုပ်ငန်းသုတေသနစာတမ်း (Action Research) နှင့် သင်ထောက်ကူ (Teaching Aid) ပြိုင်ပွဲကို ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းမှ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

“သင်ခန်းစာနဲ့ ဆက်စပ်တဲ့၊ ပြင်ပနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြီးတော့ သင်ကြားရင် ပိုပြီးအဆင်ပြေတယ်၊ ဥပမာအနေနဲ့ လျှပ်စစ်မော်တာလေး လုပ်ထားတယ်၊ သင်ခန်းစာမှာက လျှပ်စစ်မော်တာ ဒီစီဆိုတာဘာလဲ၊ ဒါပေမယ့် ၂ဝ၁၇ ခုနှစ်မှာ ဟော့ဖြစ်နေတဲ့ မော်တာရဲ့ အခြေခံ သဘောတရားတွေကို ထည့်ပြီးသင်မယ်ဆိုရင် ကလေးတွေက မော်တာရဲ့ အခြေခံသဘောတရားကို နားလည်မယ်၊ ဒါကြောင့် သင်ထောက်ကူတွေက ရိုးရိုးသင်ခန်းစာနဲ့တင် မကဘဲနဲ့ ပြင်ပနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကပါ ထည့်သွင်းပြီးတော့ အသုံးပြုမယ်ဆိုရင် ကလေးတွေရဲ့ နားလည်မှုက ပိုပြီးတော့ သဘောပေါက်နိုင်စွမ်းရှိသွားမယ်” ဟု မုံရွာပညာရေးကောလိပ်၊ သိပ္ပံသင်ပြဌာန ကထိက ဦးတင်ငွေက ပြောသည်။

 

အဆိုပါပြိုင်ပွဲကို ပညာရေးကောလိပ်ကျောင်း (၂၄)ကျောင်းမှ ဆရာမ (၂၄)ဦးမှ လုပ်ငန်းသုတေသနစာတမ်း (Action Research) ပြိုင်ပွဲ၊ သင်တန်းသား/သူ (၉၆)ဦးတို့မှ သင်ထောက်ကူမူပုံပြိုင်ပွဲ၊ သင်ထောက်ကူသေတ္တာ၊ သင်ထောက်ကူ (ကားချပ်) နှင့် Electronic Teaching Aid ပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်(ယနေ့)အထိ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)