ပညာပြည့်ဝနှလုံးလှ၍ နိုင်ငံ့ဂုဏ်မြှင့်တင်

ဇူလိုင် ၂၇

“ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာရွှေအိုး လူမခိုး”၊ “ပညာဂုဏ်ရောင် မီးရှူးတန်ဆောင်”၊ “ပတ္တမြားရောင်ထက် ပညာရောင်လက်”၊ “ပညာပြည့်ဝ နှလုံးလှ” စသည့် ပညာကို ညွှန်းဆိုဂုဏ်ပြုစကားများ များစွာရှိပါသည်။ ပညာသည် လူ့ဘောင်လောက၊ လူ့ဘဝမြင့်မား တိုးတက်ရေးကို ဆောင်ကြဉ်းပေးပါသည်။ ထို့ကြောင့် “ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏” ဟု မာဃဒေဝလင်္ကာတွင် ပညာဖြင့် အလုံးစုံဆောင်ကြဉ်းပေးနိုင်သည်ကို ဖော်ပြထားပါသည်။

နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ပညာ၏အကျိုးကျေးဇူးများ၊ ပညာ၏တန်ဖိုးများကို သိနားလည်ကြသဖြင့် မိမိနိုင်ငံ၏အနာဂတ် မြင့်မားတိုးတက်လာစေရန် ပညာရေးကဏ္ဍတွင် ဦးစားပေးရင်းနှီးမြှုပ်နှံကြသည်။ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် ဖော်ဆောင်ရာ ၌ လူသားအရင်းအမြစ်(Human Resources)သည် အဓိကကျပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ပညာသည် အခြေခံကျသောကဏ္ဍဖြစ်သည်။ ထို့ကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးလုပ်ဆောင်ကြသည်။ မြန်မာနိုင်ငံတွင် ပညာရေးနှင့်ပတ်သက်သည့် အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာစေရန် မိဘ၊ ဆရာ၊ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ပြီး နိုင်ငံတော်အစိုးရက ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၈(ဂ)အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ကို ဖော်ဆောင်ရမည်၊ ပုဒ်မ ၃၆၆ အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်” ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉) ရပ်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသည့်အချက်ကို ချမှတ်ထားပြီး အဆိုပါအချက်များကို အလေးထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပညာရေးကဏ္ဍတွင် ခေတ်ကာလနှင့်လျော်ညီသည့် ပြဋ္ဌာန်းချက်များဖြင့် သင်ရိုးညွှန်းတမ်းများပြုစုပြီး ဟန်ချက်ညီသည့် ပညာရေးစနစ်ကို အကောင်အထည်ဖော်ပေး နိုင်သကဲ့သို့ ဆရာများ၏ ပညာအရည်အသွေးတိုးတက်လာရေးကိုလည်း ဆောင်ရွက်ပေးနိုင် ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံသားများ၏ ပညာတတ်မြောက်မှုနှုန်းမှာ နိမ့်ကျနေဆဲဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများအရ နိုင်ငံသားအားလုံး၏ သုံးပုံတစ်ပုံခန့်သည်  အခြေခံပညာအလယ်တန်းအဆင့်အထိသာ ပညာသင်ယူနိုင်ခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် နိုင်ငံသားများ အခြေခံပညာပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မူလတန်းပညာ မသင်မနေရဟု ပြဋ္ဌာန်းထားသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် KG+9 အခြေခံပညာ အလယ်တန်းအဆင့်အထိ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရရှိစေရေးနှင့် အောင်မြင်စေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် အတန်းအောင်၊ ပညာပြီးမြောက်ခြင်းဖြင့် မိမိတို့ဘဝနှင့်နိုင်ငံတော်အတွက် လုံလောက်ပြည့်စုံခြင်းမရှိသဖြင့် အသိဉာဏ်ပညာ၊ တွေးခေါ်မြော်မြင်မှုနှင့် ဆင်ခြင်တုံတရားများမြင့်မားရေးကို အခြေခံသည့် ဘက်စုံပညာရေးကို အကောင်အထည် ဖော်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ပညာပြည့်ဝရုံတင်မဟုတ်ဘဲ သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားများ ရှိနေစေရေးအတွက်လည်း အမြဲကျင့်ကြံနေထိုင်သွားကြရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် မိမိတို့တတ်မြောက်ပြီး သား ပညာရပ်များကို မှန်ကန်စွာအသုံးချနိုင်သူများ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတွင်လည်း ယုံကြည်ချက်၊ ခံယူချက်ကောင်းများနှင့် ပညာကို ဆက်လက်ကြိုးပမ်းသင်ယူသွားကြရမည်ဖြစ်ကြောင်း၊ စစ်မှန်သည့်မျိုးချစ် စိတ်ဓာတ်ကို နှလုံးသွင်းပြီး အတတ်ပညာများကို ဆည်းပူးသကဲ့သို့ အသိပညာပိုင်း ဆိုင်ရာတွင်လည်း အားနည်းမှုမရှိစေရန် ကြိုးစားအားထုတ်ကြစေလိုကြောင်း” ၂၀၁၉-၂၀၂၀/၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်လူငယ်များ ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ကလေးသူငယ်လူငယ်လူရွယ်တိုင်း ပညာသင်ကြားကြပြီး ပညာ၏တန်ဖိုးကို သိနားလည်ကာ ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင် လေ့လာဆည်းပူးပြီး မိမိတို့ အနာဂတ်ဘဝခရီး အောင်မြင်ချောမွေ့စေမည့်၊ အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် လူငယ်လူရွယ်များဖြစ်လာအောင် ကြိုးစားအားထုတ်ကြပါရန် တိုက်တွန်းပါကြောင်း။ ။

ကြေးမုံ