ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်ဝန်းကျင် သက်ရောက်မှု 

၁၅ စက်တင်ဘာ 


အာလုံးသိကြမှာ။ ပန်းနာရင်ကြပ်သမားတွေ ဆောင်းရာသီကို ကြောက်ကြတယ်ဆိုတာ။ ဆောင်းတွင်းမှာ ပြင်ပကလေအေးတွေကြောင့် လေပြွန်တွေ ကျဉ်းနေမယ့်အပြင် ပြင်ပက အမှုန်တွေကို နဂိုတည်းက ဓာတ်မတည့်အတွက် ချွဲပိုထပြီး အသက်ရှူရပိုကြပ်စေပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ်သမားတွေအပေါ် သက်ရောက်တာဆောင်းရာသီ တစ်ခုတည်းမဟုတ်ပါဘူး။ အခြားရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေကလည်း သက်ရောက်သေးတာကြောင့် တစ်ခုချင်းစီအကြောင်း ဆက်ကြည့်လိုက်ရအောင် ။ ။


Heat ( အပူချိန်)


လေပူတွေကို ရှူသွင်းလိုက်တဲ့ခါ နဂိုကျဉ်းပြီးသား လေပြွန်တွေကို ပိုကျဉ်းသွားတဲ့အပြင် ဖုန်ထတဲ့ နွေရာသီကြောင့် ချွဲပိုထပြီး အသက်ရှူပိုကြပ်သွားတတ်ပါတယ်။


Cold( အအေး )။


အပူထက်စာရင် အအေးက ပန်းနာရင်ကြပ်သမားတွေကို အသက်ရှူပိုကြပ်စေမှာပါ။ အေးတဲ့လေတွေက လေပြွန်တွေထဲမှာရှိတဲ့ တစ်ရှူးတွေကို ခြောက်သွားစေပြီး လေပြွန်ပိတ်မလို  အခြေအနေတောင် ဖြစ်သွားစေပါတယ်။ ဒီလို အချိန်မျိုးတွေမှာဆို လည်စည်းလေးကို မျက်နှာအောက်နားလောက်မှာ ပတ်ထားလိုက်ပါ။ အပြင်က လေအေးတွေသိပ်မဝင်တော့ဘဲ အာငွေ့လေးနဲ့ ပူနွေးတဲ့လေတွေကိုပဲ ရှုူရမှာပါ။


Humidity (စိုထိုင်းဆ)


ပတ်ဝန်းကျင်ရဲ့ စိုထိုင်းဆက မှိုတွေနဲ့ အခြားဓာတ်မတည့်စေမယ့် အရာတွေကို ပိုအားပေးသလိုဖြစ်တာကြောင့် စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်နဲ့ ပန်းနာရင်ကြပ်သမားတွေ မတည့်ပြန်ပါဘူး။ အခန်းထဲများနေတဲ့ စိုထိုင်းဆတွေ ခြောက်သွားအောင် အဲယားကွန်းဖွင့်ပေးသင့်သလို အပြင်သွားရင်လည်း စိုထိုင်းဆနည်းတဲ့  နေ့ခင်းပိုင်း ညနေပိုင်းတွေကို ပိုရွေးချယ်သင့်ပါတယ်။


ပန်းဝတ်မှုန်တွေ များနေတဲ့ ကာလ။


သစ်ပင်နဲ့ပန်းပွင့်တွေကနေထွက်တဲ့ ပန်းဝတ်မှုန်တွေ လေထဲပါလာတဲ့ အချိန်တွေဟာ ပန်းနာရင်ကြပ် သမားတွေအတွက် ရောဂါပြန်ထတဲ့အချိန်ပါ။


မုန်တိုင်းနဲ့ မိုးကြိုး


မုန်တိုင်းနဲ့ မိုးကြိုးတွေပြင်းထန်နေတဲ့ ကာလမှာ  မြေပြင်က ဖုန်တွေပိုထွက်၊ စိုထိုင်းဆတွေပိုများပြီး လေပြင်းတွေကြောင့် ပန်းဝတ်မှုန်တွေပိုကြွတောကြောင့် ဒီကာလဟာလည်း ပန်းနာရင်ကြပ်သမားတွေ သတိထားရတဲ့ ကာလတစ်ခုပါ။


ဒီတော့ ရာသီတိုင်းက ပန်းနာရင်ကြပ်သမားနဲ့ မတည့်သလိုဖြစ်နေတာကြောင့် ကိုယ့်ဘက်က ဝေဒနာပိုမဆိုးအောင် ထိန်းဖို့လိုပါတယ်။


သောက်ရမယ့်ဆေးတွေ မှန်မှန်သောက်ပေးမယ်


ရှူဆေးကို နည်းမှန်လမ်းမှန်နဲ့ ရှူမယ်


ကိုယ်နဲ့ မတည့်တဲ့အရာတွေကိုလည်း သေချာမှတ်သားထားမယ်


ဆေးလိပ် ငွေ့တွေကို ရှောင်မယ်။


လေ့ကျင့်ခန်းတွေလည်း လုပ်ပေးမယ်ဆိုရင် ဖြစ်နေတဲ့ ပန်းနာရင်ကြပ် ပြဿနာတွေ သက်သာသွားပါလိမ့်မယ်။ 


ရေးသားသူ - Dr. Thin Yadanar @ Frances


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”