ပန်းနာရင်ကျပ်ရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

ပေါက်ပေါက်

 

ပန်းနာရင်ကျပ်ရောဂါကို ဆေးသိပ္ပံနည်းအရ Asthma ဟုခေါ်သည်။ Asthma ဆိုသော ဝေါဟာရမှာ ရှေးကျသော ဂရိဘာသာစကားဖြစ်သည်။ တိုတောင်းလျင်မြန်စွာ အသက်ရှူခြင်း (Panting or Short drawn breath) ဟု အဓိပ္ပာယ်ရသည်။ ပန်းနာရင်ကျပ်ရောဂါသည် ဓာတ်မတည့်ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ တုံ့ပြန်မှုက အသက်ရှူလမ်းကြောင်းတွင် ကြီးစွာသောပြဿနာကို ဖြစ်စေသည်။ ကျား၊ မ အရွယ်သုံးပါးမရွေး ဖြစ်ပေါ်ခံစားရတတ်သည်။ အများအားဖြင့် မိဘမျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိသည်။ ညသန်းခေါင် သို့မဟုတ် နံနက်လင်းအားကြီးအချိန်များတွင် ရောဂါထဖောက်လေ့ရှိပြီး ချွေးစေးများထွက်လာကာ တရွှီရွှီမြည်၍ အသက်ရှူကျပ်ခြင်းကြောင့် အလွန်ပင်ပန်းလှသလို ရောဂါခံစားနေရသူကို ဘေးမှ မြင်ရ၊ ကြားရသူအဖို့မှာလည်း စိတ်မသက်သာလှပေ။ ထိုသို့ ချိန်ခါမရွေး ပန်းနာရင်ကျပ်ရောဂါရှိသူများသည် အသက်ရှူသွင်းရသော အကူကိရိယာလေးကို အမြဲ ဆောင်ထားကြရသည်။

 

သို့သော် ဝေဒနာသည်အများစုက ထိုအသက်ရှူ ကိရိယာဘူးလေးကို နည်းမှန်လမ်းမှန် အသုံးမပြု တတ်ကြခြင်း၊ ရှူသွင်းသောအခါ သက်ဆိုင်ရာနေရာတွင် တစ်ဆယ်စက္ကန့်ကြာအောင် မထားရှိခြင်း၊ အက်ဒရီနယ်လင်ကို ထိုးသွင်းရန်လိုအပ်သော လူနာများမှာလည်း ၁၆ ရာခိုင်နှုန်းလောက်သာ မှန်မှန်ကန်ကန် ထိုးသွင်းနိုင်ခြင်းစသည့် သက်ဆိုင်ရာ ဆေးပစ္စည်းကိရိယာများကို မှန်မှန်ကန်ကန် မသုံးစွဲတတ်ကြသဖြင့် အချိန်မီ အသက်ကယ်ဆယ်ရေးကို လက်လွတ်ဆုံးရှုံးနေကြရကြောင်း ဗြိတိန်နိုင်ငံရှိ ပန်းနာရင်ကျပ်ရောဂါဆိုင်ရာ အဖွဲ့အစည်းက သတိပေး နှိုးဆော်လျက်ရှိသည်။

 

အထူးသတိပြုရန်မှာ ပန်းနာရင်ကျပ်ရောဂါ ရှိသော အမျိုးသမီးများသည် မျိုးအောင်နိုင်မှု ပြဿနာကြုံတွေ့နိုင်ပြီး ထိုရောဂါဝေဒနာခံစားနေရသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နိုင်ရန် ပျမ်းမျှ အချိန် ၅၅ လနှင့်အထက် ကြာမြင့်နိုင်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရှိသော အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်မဆောင်ခင် ၎င်းရောဂါဝေဒနာ ကို အရှိန်မြှင့် ကုသမှုခံယူသင့်သည်။

 

ရောဂါလက္ခဏာများ

 

ပန်းနာရင်ကျပ်ရောဂါဖြစ်သောအခါ ထိုဝေဒနာ ၏ စေ့ဆော်မှုကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားလေ့ရှိသည်။ လေချွန်သံကဲ့သို့ တရွှီရွှီမြည်ခြင်း၊ ပြတ်တောင်းပြတ်တောင်း အသက်ရှူခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ် တင်းကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲသံပါခြင်း စသည်တို့ကလည်း ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများ ဖြစ်သည်။ ပန်းနာဝေဒနာသည် အများစုက သိပ်မပြင်းထန်လှသော်လည်း အချို့မှာ သေလောက် သည်အထိ အသက်ရှူမွန်းကျပ်စွာ ခံစားကြရသည်။ နာတာရှည် ပန်းနာဖြစ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းနှင့် လေပြွန်နံရံများ ပို၍ထူလာကာ ပိတ်ဆို့မွန်းကျပ်မှုကို ဖြစ်စေသည်။ ထိုအခြေအနေမျိုးတွင် ပန်းနာပျောက် ရှူဆေးကိရိယာကို မဖြစ်မနေ သုံးစွဲရပါမည်။

 

ဝေဒနာပြင်းထန်သော်လည်း ကျန်းမာရေးအတွက် ညီညွတ်မျှတစွာနေထိုင်ပြီး နည်းစနစ် တကျ စားသောက်ပေးခြင်းဖြင့် ပန်းနာရင်ကျပ် ရောဂါကို တဖြည်းဖြည်း လျှော့ချနိုင်သည်။ ပန်းနာ ရင်ကျပ်ရောဂါသည် ရေရှည်ကုသရန် လိုအပ်သဖြင့် မိသားစုဆရာဝန်နှင့် မပြတ်စစ်ဆေးပြသရန် လိုအပ်သည်။

 

သတိပြုရှောင်ကြဉ်ရန်

 

ပန်းနာရင်ကျပ်ဝေဒနာသည်များ အနေဖြင့် အောက်ပါ အပြုအမူ၊ အနေအထိုင်များကို သတိပြု ရှောင်ရှားသင့်သည်။ ဖုန်အမှုန်များ၊ တိရစ္ဆာန်အမွေးအမှင်များ၊ ပန်းဝတ်မှုန်များ၊ ရနံ့စူးရှသော အစားအသောက်၊ ရေမွှေး၊ ပန်းရနံ့တို့က ဓာတ်မတည့်မှုဖြစ်ကာ ပန်းနာရင်ကျပ် ထလာစေနိုင်၍ သတိနှင့် ဆင်ခြင်နေထိုင်ပါ။

 

အေးမြသောလေ သို့မဟုတ် စွတ်စိုထိုင်းမှိုင်းသော လေများကို ရှူရှိုက်ရသောအခါ ရောဂါပိုကြွစေနိုင်၍ အေးသောရာသီမှာ နှာခေါင်းနှင့် ပါးစပ်တို့ကို ခေါင်းစည်းပဝါနှင့် စည်းပတ်ထားပါ။ အပူအအေးလွန်ကဲခြင်း၊ နှာစေးခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖျားနာခြင်းကလည်း ရောဂါကို ကြွစေတတ်သည်။

 

အမှိုက်များ မီးရှို့သည့်နေရာသို့မဟုတ် ထင်းနှင့် ချက်ပြုတ်သော မီးဖိုဘေးမှာ မနေပါနှင့်။ စီးကရက်အငွေ့က အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်နှိုးဆွသဖြင့် ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ် သောက်သူများနှင့် ဝေးဝေးနေပါ။

ထမင်းကို ပမာဏနည်းနည်းနှင့် အကြိမ်များများခွဲစားပါ။ အစာအိမ် အက်စစ်များအပေါ်သို့ ဆန်တက်လာခြင်းက ရင်ပူနာဖြစ်စေကာ ပန်းနာရင်ကျပ်ထခြင်းကို အစပျိုးပေးနိုင်၍ အိပ်ရာမဝင်ခင် ထမင်းမစားပါနှင့်။

 

ပန်းနာရင်ကျပ်ရှိသူ၏ ငါးရာခိုင်နှုန်းခန့်မှာ အကိုက်အခဲပျောက်ဆေး (NSAIDS) များနှင့် ဓာတ်မတည့်တတ်ကြပေ။ ထိုသူများအတွက် အက်စ်ပရင် မပါသော အကိုက်အခဲပျောက်ဆေး တစ်မျိုးဖြစ်သည့် Acetaminophen(Tyneno) ကိုသာ သုံးစွဲပါ။

 

အိမ်တွင်းကုထုံးများ

 

ပျားရည်က ချွဲများကို ပျော်ကျစေပြီး အသက်ရှူ လမ်းကြောင်းကိုပွင့်စေသဖြင့် ပျားရည်ရနံ့ကို ရှူရှိုက်ပေးပါ။ ရေနွေးပူပူတစ်ခွက်ထဲမှာပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောဖျော်၍ တစ်နေ့နှစ်ကြိမ်ကျ စုစုပေါင်း နှစ်ခွက်သောက်ပါ။

 

သဖန်းသီးအခြောက်များကို ရေနွေးစိမ်၍ တစ်ညသိပ်ထားပါ။ နံနက်အိပ်ရာထ ထိုစိမ်ထားသောရေကို သောက်ပေးခြင်းဖြင့် ချွဲသလိပ်များ ပျော်ဆင်းသွားစေနိုင်သည်။ (ထိုနည်းအတိုင်း နှစ်လ တိတိ ဆက်သောက်ပါ) ပန်းနာရင်ကျပ်ထနေချိန် သံပရာရည်သောက် ပေးခြင်းကလည်း ထူးခြားသက်သာစေနိုင်သည်။ ချင်းနှင့် ပဲနံ့သာပင်ပြုတ်ရည်ထဲကို ပျားရည် ခတ်၍ နံနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် သောက်ပါ။

 

ကြက်သွန်ဖြူက ပန်းနာရင်ကျပ်အတွက် အကောင်းဆုံး မီးဖိုချောင်ဆေးဝါးဖြစ်သည်။ ကြက်သွန်ဖြူ ၁၀ မွှာကို နွားနို့ ၃၀ မီလီလီတာဖြင့် ပြုတ်၍ တစ်နေ့တစ်ကြိမ်သောက်ပါ သို့မဟုတ် ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ လေးမွှာခတ်၍ အချိန် ငါးမိနစ်ခန့် အအေးခံပါ။ နံနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် သောက်ပေးခြင်းဖြင့် ပန်းနာရောဂါ သိသိသာသာ လျော့ကျစေသည်။

 

ပန်းနာရောဂါထနေချိန်တွင် မုန်ညင်းဆီကို ပရုတ်ဆီနှင့်ရော၍ ကျောနှင့်ရင်ဘတ်အနှံ့ စိမ့်ဝင်သွားအောင် ပွတ်နယ်လိမ်းပေးပါ။ အသက်ရှူလမ်းကြောင်း ပုံမှန်အတိုင်း ပွင့်လာပါလိမ့်မည်။

 

အစေ့ထုတ်ထားသော ဆီးဖြူသီး ငါးဂရမ်ကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းဖြင့် ရောနှောစားပေးပါ။ ထိုသို့စားခြင်းဖြင့် ရောဂါသက်သာသည့်အပြင် အင်အားများ ပြန်လည်ပြည့်လာစေနိုင်သည်။

 

ဒန့်သလွန်ရွက် လက်တစ်ဆုပ်စာပမာဏကို ရေ ၁၈၀ မီလီလီတာဖြင့် အချိန် ငါးမိနစ်မျှပြုတ်ကာ ခပ်နွေးနွေးသောက်ပြီး အရွက်များ ဝါးစားပါ။ အိုမီဂါ-၃ဖက်တီးအက်စစ်ပါရှိသော ဆယ်လ်မွန်ငါးများက ပန်းနာရင်ကျပ်ကိုသိသိသာသာ လျော့ကျ စေနိုင်သည်။

 

တိုင်းရင်းကုထုံးများ

 

ပင်စိမ်းရွက်အခြောက်ကို မီးမြိုက်၍ ရှူရှိုက်ပေးပါ။ ထိုရနံ့က လူကို လန်းဆန်းပေါ့ပါးစေကာ အာရုံစူးစိုက်မှု အားကောင်းလာစေသည်။

 

ပဲစင်းငုံကို တစ်နေ့ နို့ဆီဘူးတစ်ဘူး ဆားခတ်၍ ပြုတ်စားပါ။ သိသိသာသာ ပန်းနာရင်ကျပ် သက်သာစေသည်။ ထိုပမာဏအတိုင်း အချိန်လေးလကြာ စားပေးပါက ရောဂါ လုံးဝပျောက်ကင်းစေနိုင်သည်။

 

အမှုန့်ကြိတ်ထောင်းထားသော နတ်ဆေးဂမုန်း နှစ်ကျပ်သားကို ပျားရည်တစ်ပုလင်းတွင် ရောစပ်မွှေ၍ အချိန်သုံးရက်ကြာ နေလှန်းပါ။ ထောပတ် ၂၀ ကျပ်သားရောထည့်ပြီး နာနာမွှေကာ နောက်ထပ် လေးရက်ဆက်၍ နေလှန်းပေးပါ။ စုစုပေါင်း ခုနစ် ရက်တိတိ နေလှန်းပြီးပါက လက်ဖက်ရည်ဇွန်းဖြင့် နံနက်၊ ည တစ်ဇွန်းကျစီ တစ်နေ့နှစ်ကြိမ်စားပြီး ရေနွေးအဖန်ရည်သောက်ပေးပါ။

 

ရှောက်သီးတစ်လုံးနှင့်အတူ လင်းနေမြစ်၊ ဒန့်သလွန်မြစ်၊ သင်္ဘောဖိုမြစ်၊ (ထိုအမြစ် သုံးမျိုးနှင့် အလေးချိန်တူ ရှောက်သီးတစ်လုံး)တို့ကို မြေအိုးထဲ ထည့် လုံအောင်ပိတ်ပြီး ကျွမ်းအောင်ဖုတ်၍ အမှုန့် ကြိတ်ပါ။ ထိုဆေးမှုန့်ကို တစ်နေ့ အနည်းဆုံး နှစ်ကြိမ် လျက်စားပါ။ ဟင်းခတ်မဆလာနှင့် ပျားရည် ဆတူရောပြီး လျက်ပေးပါ။

 

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များများစား

 

လေ့လာမှုမှတ်တမ်းများအရ ဗြိတိန်နိုင်ငံ၌ ၂၀၁၈ ခုနှစ်မှစ၍ လူ ၅ ဒသမ ၄ သိန်းအထိ (လူ ၁၂ ဦးတွင် တစ်ဦးနှုန်း) ပန်းနာရင်ကျပ်ရောဂါ ခံစားနေရပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပုံမှန်စားသောသူများတွင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်သည့်အန္တရာယ် ၃၀ ရာခိုင်နှုန်း နည်းပါး ကြောင်း ပါရီတက္ကသိုလ်မှ သုတေသီများက လေ့လာ တွေ့ရှိခဲ့ကြသည်။ အဆုတ်ရောင်ခြင်း သို့မဟုတ် အဆုတ်ပွခြင်းကြောင့် ဖြစ်ပေါ်သော ပန်းနာရင်ကျပ် ရောဂါအတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် နာတာရှည်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်သည့် ဂုဏ်သတ္တိများက လွန်စွာအထောက်အကူပြုနိုင် သည်။

 

ထို့ပြင် ကျန်းမာရေးနှင့်အညီ ဟင်းသီးဟင်းရွက် သစ်သီးဝလံစားသုံးမှုများသူတို့သည် ပန်းနာရင်ကျပ် ရောဂါဖြစ်ပွားနိုင်ခြေ ပိုနည်းပြီး ၎င်းရောဂါရှိနှင့်ပြီးသူများတွင်လည်း ဝေဒနာခံစားရနိုင်သည့်အန္တရာယ် နည်းပါးကြောင်း ပြင်သစ်သုတေသီများက အကြံပြုထားကြသည်။ အသားများနှင့် ဆားငန်သော သို့မဟုတ် သကြားပါသော အစားအစာများ စားခြင်းကြောင့် ပန်းနာရောဂါထိန်းချုပ်ရန် ပိုခက်ခဲစေ နိုင်ကြောင်းကိုလည်း ပြင်သစ်သုတေသီများက သတိပေးထားသည်။

 

ကောင်းကျိုးပြုသော သစ်သီးများ

 

မုန်လာဥနီက အသက်ရှူလမ်းကြောင်းရှိ အကျိအချွဲများကို ရှင်းထုတ်ပေးနိုင်သော အကောင်းဆုံး အစားအစာဖြစ်သည်။ ပန်းနာရောဂါရှိသူများအနေ ဖြင့် ဝေဒနာအခြေအနေ မပြင်းထန်စေဖို့အတွက် မုန်လာဥနီကို မဖြစ်မနေစားပေးသင့်သည်။ မုန်လာ ဥနီကို ကြိတ်ချေ၍ ဖျော်ရည်အဖြစ်လည်း သောက်သုံး နိုင်သည်။ ၎င်းမုန်လာဥနီဖျော်ရည်ထဲသို့ တရုတ်နံနံ ပင်ထည့်၍ ဖျော်သောက်ခြင်းက ပန်းနာရောဂါ အတွက် ပိုမို ဆေးစွမ်းထက်မြက်စေသည်။

 

မုန်လာဥနီအရသာကို လုံးဝမနှစ်သက်သူများအတွက် အခြားသော နည်းလမ်းကောင်းများ ရှိပါသည်။ ဗီတာမင်စီ၊ ဗီတာကယ်ရိုတင်းနှင့် ဖလေဗို နွိုက်တို့ မြင့်မားစွာပါရှိသော သစ်သီးဝလံများကို စားပေးပါ။ ၎င်းဓာတ်သုံးမျိုးတို့၏ အာဟာရဓာတ်ပြုမှုက အသက်ရှူလမ်းကြောင်း ပြဿနာတို့ကို လျော့ပါးသက်သာစေသည့်အပြင် အဆုတ်၏ စွမ်းဆောင်ရည်ကိုပါ တိုးမြင့်လာစေသည်။ ထို့ပြင် ၎င်းအာဟာရဓာတ်များက အသက်ရှူကျပ်သည့် အဆုတ်ရောဂါ၊ လေပြွန်ဖောင်းပွသည့်ရောဂါများကိုပါ သက်သာစေသည်။ အဆိုပါဓာတ်သုံးမျိုးကို စမုန်စပါး၊ သခွားသီး၊ ဟင်းနုနယ်ရွက်၊ ခရမ်းချဉ်သီး၊ Beetroot ခေါ် အစိမ်းရင့်ရောင် အရွက်ကြီးများဖြင့် သွေးနီရောင်ကဲ့သို့ အရည်ရွှမ်းသော မုန်လာဥနီ အလုံး၊ ရွှေဖရုံသီး၊ စတော်ဘယ်ရီသီး၊ တလည်းသီး နှင့် နာနတ်သီးစသည့် သစ်သီးဝလံများထဲတွင် ရရှိနိုင်ပါသည်။

 

အကောင်းဆုံးသော သစ်သီးဖျော်ရည်များ

 

ပန်းနာရောဂါနှင့် အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် အကောင်းမွန်ဆုံး ဖျော်ရည်နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ-

 

(က) ကန်စွန်းရွက် လက်တစ်ဆုပ်ခန့်၊ ချင်း လက်မဝက်ခန့်၊ မုန်လာဥနီ သုံးဥလိုအပ်သည်။ ၎င်းပစ္စည်းသုံးမျိုးကို ကြိတ်ချေ၍ ရလာသော သစ်သီးဖျော်ရည်ကို နေ့စဉ် သောက်ပါ။

 

(ခ)  အစိမ်းရောင်ပန်းသီး နှစ်လုံး၊ သံပရာသီး တစ်ခြမ်း၊ တရုတ်နံနံ ခြောက်ပင်၊ ဟင်းနုနယ်ရွက်လက်တစ်ဆုပ်ခန့် လိုအပ် သည်။၎င်းပစ္စည်းလေးမျိုးကို ကြိတ်ချေ၍ ရလာသော သစ်သီးဖျော်ရည်ကို နေ့စဉ် သောက်ပါ။

 

အချုပ်အားဖြင့်ဆိုသော် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များသည် ပန်းနာ ရင်ကျပ်ရောဂါအတွက်သာမက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအမျိုးမျိုးအတွက် သဘာဝဆေးဖက်ဝင်များ ဖြစ်ကြသည်။ သတိပြုရန်မှာ သန့်ရှင်းလတ်ဆတ်သော အော်ဂဲနစ်ပစ္စည်းများကို ရွေးချယ်ပေးရမည်ဖြစ်သလို ရေဖြင့် သန့်ရှင်းစွာ ဆေးကြောပြီးမှသာ ဖျော်ရည်ဆေးဝါးအဖြစ် သောက်သုံးသင့်ပါသည်။ မည်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများအတွက်မဆို အချို ရည်၊ အအေးများနှင့် ဆား (အငန်) တို့ကို လျှော့နိုင်သမျှ လျှော့ချ၍ ကြက်ဥနှင့် နွားနို့တို့ကိုလည်း သင့်တင့်ရုံသာ စားပါ။ ဟင်းလျာများ ချက်ပြုတ်စားသောက်ရာတွင် ဟင်းရွက်ဆီကိုသာ ဦးစားပေးရွေးချယ်သင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။ ။