ပြင်ဦးလွင်နှင့် မြိုင် အဆောက်အအုံများ

articles_advs

မောင်သာ(ရှေးဟောင်းသုတေသန)

 

တစ်ချိန်က မေမြို့ဟုထင်ရှားခဲ့သည့် နွေရာသီအပန်းဖြေမြို့ ပြင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ခရိုင်မြို့တစ်မြို့ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၈ ပေ အမြင့်တွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့သည် မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေကား၊ တောင်စခန်းမြို့ အမည်များဖြင့်ထင်ရှားကာ မြန်မာနိုင်ငံ၏ ခရီးသွားနယ်မြေတစ်ခုအဖြစ် ယနေ့တိုင်ကျော်ကြားလျက်ရှိပေသည်။

 

မန္တလေးမြို့မှ ၄၂ မိုင်၊ လားရှိုးမြို့မှ ၁၆၇ မိုင်နှင့် မိုးကုတ်မြို့မှ ၈၃ မိုင်ကွာဝေးသည့် ပြင်ဦးလွင်မြို့သည် မန္တလေး-လားရှိုး မီးရထားလမ်းနှင့် မော်တော်ကားလမ်း ပေါ်တွင်တည်ရှိကာအရှေ့ဘက်နှင့် မြောက်ဘက်တွင် နောင်ချို မြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီးမြို့နယ် နှင့် မတ္တရာမြို့နယ်၊ တောင်ဘက်တွင် ကျောက်ဆည်မြို့ နယ်တို့နှင့် ထိစပ်နေကာ မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှမော်တော်ကား၊ မီးရထားတို့ဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။

 

ပြင်ဦးလွင်မြို့နယ်၏ ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်သည်အနိမ့်ဆုံးနေရာ၌ ၂၀၅ပေ ရှိ၍ အမြင့်ဆုံးနေရာ၌ ၄၂၉၅ ပေ ရှိသည်။ သာယာလှပသော ပတ်ဝန်းကျင်နှင့် ၃၅ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်သည့်အေးမြသောရာသီဥတုကြောင့် ပြင်ဦးလွင်သည် ပြည်တွင်းပြည်ပခရီးသွားများနှစ်သက်သည့်မြို့တစ်မြို့ဖြစ်လာခဲ့သည်။

 

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊မဟာအံ့ထူးကံသာ စေတီနှင့်ရုပ်ပွားတော်၊ပိတ်ချင်းမြောင်လိုဏ်ဂူ၊ ဓာတ်တော်ချိုင့်၊ အနီးစခန်း၊ ဝက်ဝံနှင့် ဘီအီး ရေတံခွန် စသည်တို့သည် ခရီးသွားများအကြားအလွန်ထင်ရှားလျက်ရှိသည်။ ထို့အတူ တောင်ကုန်းတောင်တန်းများနှင့် သစ်ရိပ်ဝါးရိပ်များ ပေါများသည့် ပြင်ဦးလွင်မြို့နယ်တွင် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဗဟို မီးသတ်သင်တန်းကျောင်း၊ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နှင့် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စသည့်လေ့ကျင့်ရေး သင်တန်းကျောင်းကြီးများကို ဖွင့်လှစ်ထားသည်။

 

၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်သည့် စာရင်းများအရ ခရီးသွားများလာရောက်လည်ပတ်မှုများပြားသည့် ပြင်ဦးလွင်မြို့တွင် အစိုးရပိုင် ဟိုတယ်သုံးလုံးနှင့် ပုဂ္ဂလိက ပိုင်ဟိုတယ် ၄၈ လုံး ဖွင့်လှစ်ထားကာ ဧည့်သည်လက်ခံနိုင်သည့် အခန်းပေါင်း ၁၁၃၁ ခန်း ရှိသည်။ ယင်းဟိုတယ်များအပြင် မိုတယ် ခုနစ်ခု၊ အင်းတစ်ခုနှင့် တည်းခိုခန်း ၁၀၀ ကိုလည်း ဖွင့်လှစ်ထားသဖြင့် ပြင်ဦးလွင်သို့ ရောက်ရှိလာကြသည့် ခရီးသည်များသည် နားခိုရန် အခက်အခဲမရှိ ပါချေ။

 

ပြင်ဦးလွင်မြို့၏ နောက်ခံ

 

ပြင်ဦးလွင်မြို့မဟာသောဘိတရာမတိုက်၊ အောင်မြေဘုံသာ မဟာဆုတောင်းပြည့် ဘုရားတွင် ရှိသည့် ၁၉၁၆ ခုနှစ်က ရေးထိုးခဲ့သော ကျောက်စာတွင် ပြင်ဦးလွင်ကို ကုန်းဘောင်ဆက်ပုဂံမင်းလက်ထက် (ခရစ်နှစ် ၁၈၄၆-၁၈၅၃)၊ ၁၈၅၀ ပြည့်နှစ်တွင်တည် ထောင်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကျောက်စာသည် ပြင်ဦးလွင်ကို တည်ထောင်ခဲ့ပြီး ၆၆ နှစ်ကြာမှ ရေးထိုးခဲ့သည့် နှောင်းခေတ်ထိုး ကျောက်စာဖြစ်သည်။

 

ဗဒုံမင်းလက်ထက် (ခရစ်နှစ် ၁၇၈၂-၁၈၁၉)၊ ၁၇၈၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် နာခံပြော့ကြီး အမိန့်ပြန်တမ်းကို ကိုးကားလျက် ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်း၌ “ဗဒုံမင်းလက်ထက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ပြန်တမ်းတစ်ခု၌ ပြင်ဦးဟူသည့်အမည်ကို အုန်းတော၊ ငှက်ကြီးသိုက်၊ ဆင်ခေါင်းကြီး၊ ဝက်ဝံဟူသည့် ရွာအမည်များနှင့် တွဲလျက်ပါရှိသည်” ဟု ဖော်ပြထားသည်။ ယင်းကျေးရွာများသည် ပြင်ဦးလွင် အနီးဝန်းကျင်တွင် တည်ရှိနေကြကာ ရှေးသူဟောင်းများ၏အဆိုအရ ပြင်ဦး ပြင်ကြီး ပြင်စာ ပြင်သုံးရွာ ၊ တစ်ပြင် ကောင်းစားမည်ဟု တဘောင်ပေါ်ခဲ့သည်ဟုဆိုကြ သည်။

 

၁၈၉၆ ခုနှစ်တွင် အမှတ် (၅) ဘင်္ဂလားတပ်ရင်းမှ ဗိုလ်မှူးမေသည်ပြင်ဦးလွင်သို့ ရောက်ရှိလာခဲ့ပြီး ပြင်ဦးလွင်ကို မေမြို့ဟု အမည်ပြောင်းလဲ ခေါ်တွင်ခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် မေမြို့ဟူသည့် အမည်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် မူလအမည်ပြင်ဦးလွင်ဟု ပြန်လည်ပြောင်းလဲခဲ့၍ ပြင်ဦးလွင်မြို့ နှစ် (၁၀၀) ပြည့်ပွဲတော်ကို ၁၉၉၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှမေလ ၆ ရက်နေ့အထိ ကျင်းပခဲ့သည်။

 

ပြင်ဦးလွင်သည် ၁၇၈၇ ခုနှစ်တွင် ပြင်ဦးရွာအဖြစ် တည်ရှိခဲ့ပြီး ၁၈၅၀ ပြည့်နှစ်တွင် အမရပူရမှ မင်းမှုထမ်း တစ်ဦးသည် ပြင်ဦးကျေးရွာသို့ ရောက်ရှိခဲ့စဉ် သာယာလှပသည့် ရှုခင်းများကြောင့် ပြင်ဦးလွင်ဟု ခေါ်ဆိုခဲ့ကြောင်း ယူဆမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ပြင်ဦးလွင်သည် ၁၈၇၈ခုနှစ်မှ ၁၈၅၀ ပြည့်နှစ်အထိ ပြင်ဦးဟုလည်းကောင်း၊ ၁၈၅၀ ပြည့်နှစ်မှ ၁၈၉၆ ခုနှစ်အထိ ပြင်ဦးလွင်ဟုလည်းကောင်း၊ ၁၈၉၆ ခုနှစ်မှ ၁၉၈၉ခုနှစ်အထိ မေမြို့ဟု လည်းကောင်းထင်ရှားခဲ့ပြီး၁၉၈၉ခုနှစ်မှ ယနေ့အထိ ပြင်ဦးလွင်ဟု အမည်တွင်လျက်ရှိသည်။

 

လက်ရှိအချိန်တွင်ပြင်ဦးလွင်မြို့နယ်ကို မြို့တစ်မြို့၊ ရပ်ကွက် ၂၁ ခု၊ ကျေးရွာအုပ်စု ၃၇ အုပ်စု၊ ကျေးရွာ ၁၁၆ ရွာဖြင့် ဖွဲ့စည်းထားကာ မြို့နယ်တစ်ခုလုံး၏အကျယ်အဝန်း သည် ၇၆၃ ဒသမ ၇၄ စတုရန်းမိုင်ဖြစ်၍ ပြင်ဦးလွင်မြို့၏ အကျယ်အဝန်းသည် ၃၉ ဒသမ ၅၃ စတုရန်းမိုင်ဖြစ်သည်။

 

 

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စာရင်းများအရ ပြင်ဦးလွင်မြို့နယ်၏ လူဦးရေသည် ၁၈၀၁၀၇ ဦးဖြစ်၍ မြို့နယ်အတွင်း၌တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြကာ ဗမာလူမျိုးများက ၇၆ ဒသမ ၀၇ ရာခိုင်နှုန်း (၁၃၇၀၁၆ ဦး) ရှိသည်။ ဒေသနေ ပြည်သူများသည် ပန်းမျိုးစုံ၊ နေကြာ၊ မက်မန်း၊ စတော်ဘယ်ရီနှင့် ကော်ဖီတို့ကို အများဆုံး စိုက်ပျိုးကြကာ ဝိုင်၊ ဆွယ်တာနှင့် အဝတ်အထည်များကို လည်း ထုတ်လုပ်ရောင်းချကြသည်။

 

မြန်မာနိုင်ငံကို ဗြိတိသျှတို့အုပ်စိုးခဲ့ချိန်က ပြင်ဦးလွင်၌ အိန္ဒိယလူမျိုးများနှင့် ဂေါ်ရခါးလူမျိုးများ နေထိုင်ခဲ့ကြကာ ဗြိတိသျှ အုပ်ချုပ်ရေး အရာရှိကြီးများသည် နွေရာသီတွင် အပူရှောင်နိုင်ရန် တောင်ပေါ်မြို့ဖြစ်သည့် ပြင်ဦးလွင်၌ နားခိုရန်အိမ်ကြီးများကို ဆောက်လုပ်ခဲ့ကြသည်။ ယင်းတို့သည် ယခုအချိန်တွင် ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံများအဖြစ် ကျန်ရှိနေပြီး ပြင်ဦးလွင်မြို့၏ အမှတ်လက္ခဏာများအဖြစ် ထင်ရှားလျက်ရှိရာ ပြင်ဦးလွင် မြို့၏ မြိုင်များသည်လည်း အပါအဝင် ဖြစ်သည်။

 

၁၈၉၆ ခုနှစ်တွင် ဗြိတိသျှတို့သည် ပြင်ဦးလွင်မြို့ကို အင်္ဂလန်နိုင်ငံမှမြို့များပုံစံ အကွက်ချကာ ဝက်သစ်ချ၊ ချယ်ရီ၊ ထင်းရှူးနှင့် သစ်အယ်ပင်များ ပေါက်ရောက်နေသည့် လမ်းများကို အင်္ဂလိပ်အမည်များပေး၍ ၆၅ ဧကကျယ်ဝန်းသည့် ကန်တော်ကြီးကို တူးဖော်၍Harcourt Butler Lake ဟု အမည်ပေးခဲ့သည်။ သစ်ပင်များ ဝန်းရံနေသည့် ဝင်းခြံများအတွင်း၌ ၁၉ ရာစု၊ အင်္ဂလိပ်ဗိသုကာ လက်ရာပုံစံ အိမ်ကြီးမျာကို ဆောက်လုပ်ခဲ့ပြီး ၁၉၁၅ ခုနှစ်တွင် ရုက္ခဗေဒ ဥယျာဉ်ကို ထူထောင်ခဲ့သည်။

 

mdn

 

မန္တလေးနည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာသန်းဌေးဦး၏ သုတေသနပြုချက်အရ ကိုလိုနီ ခေတ်က တည်ဆောက်ခဲ့သည့် အဆောက်အအုံများ၏ ၈၅ ရာခိုင်နှုန်းသည် ယနေ့တိုင်ကျန်ရှိနေပြီး ကျန်အဆောက် အအုံများသည်အချို့ကပျက်စီး၍ အချို့က နေထိုင်ခြင်း မပြုနိုင်တော့ချေ။ ပြင်ဦးလွင်မြို့နယ်တွင် သမိုင်းဝင် အဆောက်အအုံများသည် အမျိုးအစားခြောက်မျိုး၊ အရေအတွက် ၁၈၇ ခုရှိသည့် အနက် ၂၀၁၅ ခုနှစ်အထိ ၁၀၉ ခု ကျန်ရှိနေခဲ့သည်။ ယင်းတို့တွင် ကိုလိုနီခေတ် အဆောက်အအုံများ၊ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ မီးရထား ဘူတာရုံ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာနှင့် အခြားရုံးအဆောက်အအုံများ၊ ဘဏ်၊ အပန်းဖြေမှုဆိုင်ရာ နေရာများနှင့် အဆောက်အအုံများပါဝင်သည်။

 

mdn

 

ပြင်ဦးလွင်၏ အထိမ်းအမှတ်များ

 

ပြင်ဦးလွင်မြို့လယ်ရှိ နာရီစင် (Percell Tower) သည် ပြင်ဦးလွင်မြို့၏သင်္ကေတတစ်ခုအဖြစ်အလွန်ထင်ရှားသည်။ ယင်းနာရီစင်တွင် တပ်ဆင်ထားသည့် နာရီသည် ဗြိတိသျှနိုင်ငံပဉ္စမမြောက်ဂျော့ဘုရင်၏နန်းစံနှစ် (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် ၁၉၃၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် နာရီများအနက် တစ်လုံးဖြစ်သည်။ မြန်မာနိုင်ငံ အတွက်ရရှိခဲ့သည့် ယင်းနာရီကို မန္တလေးမြို့မှ Mr.Percell နှင့် ပြင်ဦးလွင်မြို့မှ ရှေ့နေ Mr.M.Azin တို့၏ ကြိုးပမ်းမှုကြောင့်ပြင်ဦးလွင်မြို့တွင်စိုက်ထူနိုင်ခဲ့ကာ Mr.Percell ကို ဂုဏ်ပြုသောအားဖြင့် ပါစယ်နာရီစင်ဟု အမည်ပေးခဲ့သည်။

 

နာရီစင်ကို ၁၉၃၅ ခုနှစ်တွင် တည်ဆောက်၍ ၁၉၃၆ ခုနှစ် စက်တင်ဘာလတွင်ဖွင့်လှစ်ခဲ့သည်။ တည်ဆောက်စရိတ် ငွေကျပ် ၁၇၀၀၀ အနက် မစ္စတာပါစယ်က ငွေကျပ် ၁၁၀၀၀ လှူဒါန်း၍ ကျန်ငွေကို မြူနီစီပယ်အဖွဲ့က ကျခံခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပါစယ်နာရီစင်မှ စက်အစိတ်အပိုင်းအချို့ ခိုးယူခြင်းခံရသဖြင့် နာရီထိုးသံများ ယာယီ ရပ်တံ့ခဲ့သည်။ ခိုးယူသွားသည့် စက်ပစ္စည်းများရရှိရန် ပြင်ဦးလွင်မြို့မှ ဦးသိန်းကကြိုးပမ်း၍ ပြန်လည်တပ်ဆင် ပေးခဲ့သဖြင့် ပါစယ်နာရီစင်သည် ယနေ့တိုင် နာရီထိုးသံမြည်လျက် ရှိနေပေသည်။

 

ဗြိတိသျှတို့သည်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် ဝန်ရှင်တော်မင်းကြီးနှင့် ဘုရင်ခံများနေထိုင်၊ ရုံးစိုက်ရန် ရန်ကုန်နှင့် ပြင်ဦးလွင်မြို့တို့တွင်ခမ်းနားကြီးကျယ်သော အဆောက်အအုံများကို ဆောက်လုပ်ခဲ့ရာ ယင်းတို့သည် ဘုရင်ခံအိမ်တော်များဟု ထင်ရှားခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ဘုရင်ခံအိမ်တော်ကို အလုံမြို့နယ် အလုံလမ်းရှိ ယခုသမ္မတ အိမ်တော်ဝင်း၌ တည်ဆောက်ခဲ့ကာ ပြင်ဦးလွင်ဘုရင်ခံ အိမ်တော်ကို ပြင်ဦးလွင်မြို့၊ ယခုမန္တလေး - လားရှိုးကားလမ်း ပေါ်တွင်တည်ဆောက်ခဲ့သည်။ ၁၉၀၃ခုနှစ်တွင် တည်ဆောက်ကာ ၁၉၀၅ ခုနှစ်တွင် ပြီးစီးခဲ့သည့် ပြင်ဦးလွင် ဘုရင်ခံအိမ်တော်တွင် ဒုတိယဘုရင်ခံ Sir A.H Barnes က ပထမဆုံး နေထိုင်ခဲ့ကာ ဆာဒေါ်မန်စမစ်က နောက်ဆုံး နေထိုင်ခဲ့ပြီး ၁၉၄၂ ခုနှစ် ဧပြီလတွင် အိမ်တော်ကို စွန့်ခွာခဲ့သည်။ ထို့နောက် အိမ်တော်သည်မီးရှို့ဖျက်ဆီးခြင်းခံ ခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် ပြင်ဦးလွင် ဘုရင်ခံအိမ်တော်ကို မူလ ပုံစံအတိုင်း ပြန်လည်တည်ဆောက်၍ ၂၀၀၇ ခုနှစ်တွင် ဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့သည်။

 

ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မန္တလေးတွင်ကျဆုံးခဲ့သည့် အင်္ဂလိပ်စစ်သည်များအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် ဘုရားရှိခိုးကျောင်းတစ်ခုကိုမန္တလေးနန်းတွင်းတွင် တည်ဆောက်ရန် ရည်ရွယ်ခဲ့ပြီးမှ အစီအစဉ်ကိုဖျက်၍ ပြင်ဦးလွင်မြို့၊ ဘုရင်ခံ အိမ်တော်မျက်နှာချင်းဆိုင်တွင် AllSaintsChurch ကို တည်ဆောက်ခဲ့သည်။

 

ယင်းဘုရားကျောင်းကို ဗိသုကာ မစ္စတာစီတန် မောရစ်စ် (Mr.Seton Morris) က ပုံစံရေးဆွဲ၍ ၁၉၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင်လက်ထောက်ဘုရင်ခံ ဆာဟာဗေးအဒမ်ဆင် (Sir. Harvey Adamson) က အုတ်မြစ်ချခဲ့သည်။

 

ပြင်ဦးလွင်မြို့၏ အမှတ်လက္ခဏာ တစ်ရပ်အဖြစ် ရထားလုံးများကိုယနေ့တိုင်မြင်တွေ့ကြရသည်။ ကိုလိုနီ ခေတ်တွင် ပြင်ဦးလွင်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်သည် မြင်းလှည်းများဖြစ်ခဲ့ကာ အိန္ဒိယတိုင်းရင်းသားများက မြင်းလှည်းများကို မောင်းခဲ့ကြသည်။ ထိုစဉ်က ရထားလုံး နှင့် ဒေါက်ကတ်ဟူ၍ နှစ်မျိုးရှိခဲ့ရာဒေါက်လှည်းခေါ် ဒေါက်ကတ်သည် ဗြိတိသျှအရာရှိများသာ စီးနင်းသည့် မြင်းလှည်းအမျိုးအစားဖြစ်ပြီး ယခုအခါ ဝုဒ်လန်းကဖေးနှင့် ဟိုတယ်ပြင်ဦးလွင်ရှေ့တွင် ပြသထားသည်။

 

ပြင်ဦးလွင် မြိုင်များ

 

ပြင်ဦးလွင်မြို့ရှိ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် အဆောက်အအုံများကို ချယ်ရီမြိုင်၊ ယုဇနမြိုင်စသည်ဖြင့် မြိုင်နှင့်တွဲထားသည့် ပန်းအမည်များပေးခဲ့ရာမှ ပြင်ဦးလွင် မြိုင်များဟု ထင်ရှားခဲ့သည်။ ယခုအခါတွင် ယင်းမြိုင်များ အနက် အချို့ကို နိုင်ငံတော်က ပိုင်ဆိုင်၍ အချို့ကို ပုဂ္ဂလိကများက ပိုင်ဆိုင်ထားသည်။

 

ယင်းတို့အနက်နန်းမြိုင်ဟု သိရှိနေကြသည့် အဆောက်အအုံသည် ကိုလိုနီခေတ်က Craddock Court အဆောက်အအုံဖြစ်ကာ ဘုရင့်ခံအိမ်တော်ခြံဝင်းနှင့် တစ်ဆက်တည်းဖြစ်သည့် မြေဧက ၁၅ ဧကပေါ်တွင် တည်ဆောက်ခဲ့သည်။ အခန်း ၃၂ ခန်းပါရှိသည့် နန်းမြိုင်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ၁၉၈၂ ခုနှစ်မှစ၍ ဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့ကာ ယခုအချိန် တွင် ဖွင့်လှစ်ခြင်း မရှိတော့ချေ။

 

 

သီရိမြိုင် (Candacraig) အဆောက်အုံကို ၁၉၁၄ ခုနှစ်တွင် ဘုံဘေဘားမား ထရိတ်ဒင်း ကော်ပိုရေးရှင်းက တည်ဆောက်ခဲ့ရာ ထိုစဉ်ကရူပီးငွေ ၅၀၀၀၀ ကုန်ကျခဲ့သဖြင့် ငါးသောင်းတိုက်ဟုလည်း ခေါ်ဆိုခဲ့ကြသည်။ ခုနစ်ဧကကျော် ကျယ်ဝန်းသည့် ဝင်းခြံအတွင်း၌ သီရိမြိုင် အဆောက်အအုံနှင့်အတူ ရေကူးကန်၊ ပန်းခြံနှင့် ဝန်ထမ်းတန်းလျားတို့ကို ထည့်သွင်းတည်ဆောက်ထားပြီး ဘုံဘေဘားမားမှ လူပျိုဝန်ထမ်းများ တည်းခိုရန် ဆောက်လုပ်ခဲ့သည်ဟုလည်း ဆိုကြကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်ဖွင့်လှစ်ခဲ့သည်။

 

ဂန္ဓမာမြိုင် (Croxton) ကိုလည်း ဘုံဘေဘားမား ကော်ပိုရေးရှင်းကပင် မိသားစုများ နွေရာသီစံအိမ်အဖြစ် ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ယခုအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည်။

 

ချယ်ရီမြိုင်(Lincluden) ကို ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီက တည်ဆောက်ခဲ့ကာ ဗြိတိသျှ အစိုးရလက်ထက်က မြန်မာလူမျိုး နန်းရင်းဝန်များ ပြင်ဦးလွင်သို့ ရောက်ရှိချိန်တွင် နားခိုသည့် အဆောက်အအုံအဖြစ် အသုံးပြုခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးချိန်တွင် သမ္မတအိမ်တော်ဟု ထင်ရှားခဲ့ကာ ယခုအချိန်တွင်ပြင်ဦးလွင်တပ်နယ် ဧည့်ရိပ်သာအဖြစ် အသုံးပြုလျက်ရှိသည်။ ချယ်ရီမြိုင်မှ ဆက်သွားလျှင် ရဲတိုက်ပုံစံ၊ အနီရောင်နှစ်ထပ် အဆောက်အအုံဖြစ်သည့် ယုဇနမြိုင်(Knowle) ကို မြင်တွေ့နိုင်ကာယုဇနမြိုင်ကို ယခင်က တပ်မတော် ဧည့်ဂေဟာအဖြစ် အသုံးပြုခဲ့သည်။

 

ပြင်ဦးလွင် ခရိုင်သစ်တောဦးစီးဌာနရုံး အဆောက်အအုံကို ၁၉၀၆ ခုနှစ်က တည်ဆောက်ခဲ့ကာ ဟင်္သာမြိုင် (Jacobstowe) ဟု ထင်ရှားသည်။ ထင်းရှူးမြိုင်ကို သစ်တောဦးစီးဌာနက ထိန်းသိမ်းထားကာ ယင်းအဆောက်အအုံတွင် မြေညီထပ်မှ သီးသန့် ထုတ်ထားသည့် အဆောင်ပေါ်တွင် အမိုးချွန်ကို ပြုလုပ်ထားသည်။

 

သစ္စာလမ်းနှင့် မြို့ပတ်လမ်းပေါ်တွင် တည်ရှိသည့် သစ္စာမြိုင် (Tapsy Villa) သည် ဗြိတိန်နိုင်ငံမှ ရဲတိုက် အဆောက်အအုံများနှင့် တူညီကာ ယခင်က BT Brothers ကုမ္ပဏီက ပိုင်ဆိုင်ခဲ့ပြီး ယခုအခါ ပုဂ္ဂလိကတစ်ဦးက ပိုင်ဆိုင်ထားပေသည်။

 

ယင်းမြိုင်များအပြင် ပြင်ဦးလွင်မြို့၌ သဇင်မြိုင်၊ နှင်းဆီမြိုင် (Penlee)၊ ရတနာမြိုင် (Treasury Officer’s QR)၊ မဲဇာမြိုင် (Craigho)၊ မြိုင်ဟေမာ (Pine Lodge)၊ မြိုင်ကြီး (Sherwood) အစရှိသည့် မြိုင်အဆောက်အအုံများလည်း တည်ရှိကြသည်။ မြိုင်အမည်မတပ်ထားသော်လည်း သိင်္ဂါလမ်းပေါ်ရှိ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံသည် ၁၉၀၆ ခုနှစ်တွင် ဗိုလ်မှူးကြီး မိုင်နားက တည်ဆောက်ခဲ့သဖြင့် မိုင်းနားဟောက်စ် (Manor House) ဟု ထင်ရှားခဲ့သည်။ ယင်းအဆောက် အအုံကို တစ်ချိန်က သီပေါစော်ဘွား ပိုင်ဆိုင်ခဲ့သည်ဟုဆိုကြပြီး လက်ရှိအချိန်တွင် ပုဂ္ဂလိကတစ်ဦးက ထိန်းသိမ်းထားသည်။

 

ပြင်ဦးလွင်မြို့တွင် တည်ရှိခဲ့သည့် မြိုင်များအပါအဝင် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများကို နှစ်ပေါင်း ၁၀၀ ကျော်သည့်တိုင် ထိန်းသိမ်းထားနိုင်ခြင်းသည် ပြင်ဦးလွင်မြို့၏ ဂုဏ်ဒြပ်တစ်ရပ်ဟု ဆိုရမည်ဖြစ်သကဲ့သို့ ပြင်ဦးလွင်မြို့သူ မြို့သားများကိုလည်း ချီးကျူးရမည် ဖြစ်ပေသည်။ ပြင်ဦးလွင်မြို့အပါအဝင် မြန်မာနိုင်ငံ အနှံ့ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းထားခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းပုံရိပ်များကို ပြန်လည်ဖော်ဆောင်ခြင်း ဖြစ်သကဲ့သို့ မြန်မာ့သမိုင်း အမွေအနှစ်များကို စောင့်ရှောက်ထားခြင်းလည်း ဖြစ်ပါပေသည်။ ။

 

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)

သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင်(မေမြို့ချစ်ဆွေ)

ပြင်ဦးလွင်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

Heritage Conservation of Historic Built Environment in Pyin Oo Lwin (Dr.Than Htay Oo)