ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြင်ဦးလွင် ၂၁  ဇွန်

ပြင်ဦးလွင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး လှိုင်မြင့်သိန်း၏ အနီးကပ်ကြပ်မတ်ညွှန်ကြားမှုနှင့်အတူ ပြင်ဦးလွင် မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းမင်းဦးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ  သည်  ဇွန် ၁၉  ရက် ည ၁၁ နာရီခွဲခန့်က   ပြင်ဦးလွင်မြို့နယ် ရွှေသင်းကျေးရွာအုပ်စု အင်းပုတ်ကျေးရွာနေ  စိန်အေး (ခ) အားတီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိန်အေးနှင့်  သိန်းဝင်းတို့နှစ်ဦးအား မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား  ၄ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်  အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ  တစ်ရွာတည်းနေ ကျော်နိုင်၏ နေအိမ်အား  ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၁၆၆ ပြားကို ထပ်မံသိမ်းဆည်းရမိသဖြင့် စိန်အေး (ခ) အားတီ၊ သိန်းဝင်းနှင့် ကျော်နိုင်တို့အား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)