ပြင်ဦးလွင်မြို့၌ နှစ်သစ်ကူးရုံးပိတ်ရက် အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကားများပြား

ပြင်ဦးလွင်   ဇန်နဝါရီ   ၅

နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သည့် ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းတွင် ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံ တစ်ဝန်းမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

ပြင်ဦးလွင်မြို့၏ အထင်ကရနေရာများဖြစ်သော မဟာအံ့ထူးကံသာဘုရား၊ နှီးဘုရား၊ ပိတ်ချင်းမြှောင်လှိုဏ်ဂူ၊ ဓာတ်တော်ချိုင့်၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း စသည့် နေရာများ၌ ဘုရားဖူးသူများ၊ အပန်းဖြေ လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

အဆင့်မြှင့်တင်ထားသည့် ပွဲကောက်ရေတံခွန်အတွင်းမှ LED မှန်တံတားသို့ နေပြည်တော်မှ လာရောက်လည်ပတ်သူ မစုမြတ်ထွေးက “အပန်းဖြေခရီးလေး ထွက်လာတာပါ၊ ပြင်ဦးလွင်မှာ LED မှန်တံတား ဖွင့်တယ်ဆိုတော့ ရောက်ဖူးချင်တာလည်းပါပါတယ်၊ အရင်ရောက်ဖူးတဲ့ ပွဲကောက်နဲ့တော့ ခြားနားသွားပါပြီ၊ လုံးဝမြင်ကွင်းတွေက အသစ်ပါပဲ၊ မှန်တံတားကိုလည်း ဖြတ်လျှောက်တော့ ရင်ခုန်ပြီး ပျော်ရပါတယ်၊ တခါမှ မကြုံဖူးတော့လေ၊ ကစားကွင်းတွေလည်းရှိတော့ ကလေးတွေလည်း ပျော်ကြတယ်”ဟု ပျော်ရွှင်မှုရသကို မျှဝေပြောပြသည်။

“ခုပိတ်ရက်ကတော့ စျေးတွေ ရောင်းကောင်းပါတယ်၊ ရောင်းမကောင်းတာကြာပြီမို့ ဝမ်းသာရ ပါတယ်”ဟု ကားဖြင့် အသီးအနှံများ ရောင်းချသူတစ်ဦးကလည်း ပြောပြသည်။ လူစည်ကားရာ နေရာများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)