ပြင်သစ်နိုင်ငံတွင် ကိုဗစ် -၁၉ အတွက် လူအများအပြားအား ဆေးစစ်ပေးသွားမည်

ပါရီ ၂၇ ဇွန်

ပြင်သစ်နိုင်ငံတွင် ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ကူးစက်ခံထားရသူများ မရှိစေရေးအတွက် ကိုဗစ် -၁၉ ရှိ မရှိဆေးစစ်ပေးခြင်းကို ပမာဏများစွာ လုပ်ဆောင်သွားမည်ဟု ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီရန် က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်မှုမြင့်သည့်ဒေသအနီးတစ်ဝိုက်တွင် နေထိုင်သူများအား ပစ်မှတ်ထားကာ ဆေးစစ်ပေးမည်ဖြစ်ပြီး ရောဂါလက္ခဏာမပြသည့်သူထံမှ နောက်ထပ်ကူးစက်မှုများ ပေါ်ပေါက်မလာစေရေး အတွက် ရည်ရွယ်ကာ လူအများအပြားကို ဆေးစစ်မှုများပြုလုပ်ပေးမည် ဖြစ်သည်။

ပါရီမြို့အနီးတစ်ဝိုက်တွင် နေထိုင်ကြသူ ၁ ဒသမ ၃ သန်းမှာ ဗိုင်းရပ်စ် ရှိမရှိစစ်ဆေးရေးအတွက် ဘောက်ချာများ လက်ခံရရှိမည်ဖြစ်ပြီး ယင်းဘောက်ချာဖြင့် အစိုးရနှင့် ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် စစ်ဆေးမှု ခံယူခွင့် ရရှိမည်ဖြစ်သည်။ ၎င်းတို့၌ ကိုဗစ်-၁၉ လက္ခဏာရပ်များ မပြသ လျှင်ပင် ဆေးစစ်ခွင့်ရရှိမည်ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း လူပေါင်း ၂၅၀၀၀၀ ကို စစ်ဆေးပေးနိုင်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းတွင် ရောဂါမရှိဟု သိရသည်။ ပြင်သစ်နိုင်ငံတွင် မတ်လအစောပိုင်းမှစတင်ကာ ရောဂါဖြစ်ပွားမှုပျံ့နှံ့ခဲ့ပြီး ရောဂါလက္ခဏာပြသူများ အားလုံးကို စစ်ဆေးပေးနိုင်ခြင်းမရှိဘဲ အထူးဦးစားပေးကိစ္စများတွင်သာ စစ်ဆေးပေးနိုင်ခဲ့သည်။

မေလလယ်မှ စတင်ကာ ကိုဗစ်-၁၉ရှိ မရှိဆေးစစ်မှုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး တစ်ပတ်အတွင်း လူပေါင်း ၁၅၀၀၀၀ မှ ၇၀၀၀၀၀ အထိ စစ်ဆေးပေးနိုင်ခဲ့သည်။ | ဇွန် ၂၅ ရက်က ပြင်သစ်နိုင်ငံ၏ အထိမ်းအမှတ်နေရာဖြစ်သော အီဖယ်မျှော်စင်ကို တင်းကျပ်သောစည်းမျဉ်း၊ စည်းကမ်းများနှင့်အတူ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ အီဖယ်မျှော်စင်ကို ပိတ်ထားသည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဆင်ဟွာ