ပြင်သစ်နိုင်ငံက ဘုရားကျောင်းအတွင်း ဓားဖြင့်တိုက်ခိုက်ခဲ့မှုမှ သေဆုံးသူ သုံးဦးအနက် တစ်ဦးဟာ ဘရာဇီးနိုင်ငံသူ ဖြစ်ကြောင်းသိရ 

နိစ် ၃၀ အောက်တိုဘာ

 

ပြင်သစ်နိုင်ငံ နီစ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းအတွင်းမှာ ဓားဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူ သုံးဦးအနက် တစ်ဦးဟာ ဘရာဇီးနိုင်ငံသား အသက် ၄၄ နှစ်အရွယ် ကလေးသုံးယောက်မိခင်ဖြစ်ကြောင်း ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

 

၎င်းဟာ နော့ထရာဒန်း ဘုရားကျောင်းအတွင်းမှာ ဓားကိုင်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်နဲ့ အခင်းဖြစ်ပွားရာနေရာကနေ အနီးနားရှိ ဘားတစ်ခုဆီကို ထွက်ပြေးလာနိုင်ခဲ့ပါတယ်။  

 

ဘရာဇီးနိုင်ငံသူဟာ မသေခင် သူ့ကလေးတွေချစ်ကြောင်း ပြောသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ 

 

ဓားဖြင့်တိုက်ခိုက်ခဲ့သူဟာ အသက် ၂၁ နှစ်ရွယ် အမျိုးသားဖြစ်ပြီး တူနီးရှားနိုင်ငံကနေ ပြင်သစ်နိုင်ငံကို မကြာခင်ကမှ ပြောင်းရွေ့လာသူလို့ သိရပါတယ်။ 

 

ဓားဖြင့်တိုက်ခိုက်မှုကြောင့် အခြားသေဆုံးသူတွေက အသက် ၆၀ အရွယ် ဘုရားဝတ်ပြုလာသူ အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၅ နှစ် အရွယ် ဘုရားကျောင်း အလုပ်သမားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

 

MDN
ကိုးကား - AFP