ပြင်သစ်၌ တစ်နေ့တည်း ကိုဖစ်-၁၉ ကူးစက်မှု ၄၉၂၁၅ ဦးဖြစ်ပွား

ပါရီ   ၁  နိုဝင်ဘာ

ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဒုတိယအကျော့ကို ထိန်းချုပ်ဟန့်တားနိုင်ရန် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့သည့် ပထမဆုံးနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်အတည်ပြုလူနာသစ် ၄၉၂၁၅ ဦး ရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေးအေဂျင်စီ၏ အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။

ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာအရေအတွက်သည် ၁၃၃၁၉၈၄ ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။ လွန်ခဲ့သော၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံ သေဆုံးသူ ၂၅၆ ဦး အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၆၅၆၅ ဦး ရှိလာခဲ့သည်။

လူပေါင်း ၂၂၁၅၃ ဦးလတ်တလောတွင် ကိုဗစ်-၁၉ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရပြီး ၃၃၆၈ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၂၉ ရက်ညမှစကာ ဒုတိယအကြိမ် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

ပြည်သူများသည် အလုပ်ကိစ္စ၊ အရေးပေါ်ကျန်းမာရေးကိစ္စ၊ မရှိမဖြစ်မိသားစု အသုံးအဆောင်ပစ္စည်းဝယ်ယူရန်နှင့် အိမ်အနီးဝန်းကျင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ရုံမှလွဲ၍ တခြားကိစ္စဖြင့် အပြင်ထွက်၍ မရကြောင်း သိရသည်။ အရေးမကြီးသော ဆိုင်များအဖြစ်မှတ်ယူထားသည့် ဘားများ၊ ကော်ဖီဆိုင်များ၊ အားကစားခန်းမများ၊ စားသောက်ဆိုင်များကို ပိတ်ထားကြောင်း သိရသည်။ တစ်လကြာ အသွားအလာကန့်သတ်ပိတ်ဆို့မှုက နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပေါင်း ၅၀၀၀ ခန့်လျှော့ချနိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

ဆင်ဟွာ