ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံဆုကို ကာကွယ်နိုင်မယ့်အခွင့်အရေး ဂျိုကိုဗစ် ရရှိတော့မည်

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရသေးခြင်း မရှိပေမယ့် ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့တဲ့အတွက် လာမယ့်မေလအတွင်း ကျင်းပဖို့စီစဉ်ထားတဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကစားခွင့်ရရှိမှာဖြစ်တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် အခွင့်အရေး ရရှိတော့မှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံဟာ ဆေးရုံတွေ၊ ဘိုးဘွားရိပ်သာတွေကလွဲပြီး အများပြည်သူစုဝေးရာနေရာအများစုမှာ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့ပြီဖြစ်တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ် ပြိုင်ပွဲကိုလည်း ပရိသတ်အပြည့်နဲ့ ကျင်းပခွင့်ပြုဖို့ရှိနေတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ လက်ရှိမှာ ဂရန်းဆလမ်းချန်ပီယံဆုဖလားကို အကြိမ် ၂၀ အထိရရှိထား တာဖြစ်ပြီး ဇန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးတာကြောင့် ပါဝင်ယှဉ်ပြိုင်ကစားခွင့်နဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့ပြင် ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်မပြသနိုင်ခဲ့လို့ အမေရိကန်နိုင်ငံက နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုခဲ့တာကြောင့် ယခုလအတွင်း ကျင်းပခဲ့တဲ့ အင်ဒီယန်ဝဲလ်နဲ့ မီယာမီ တင်းနစ်ပြိုင်ပွဲတွေနဲ့လည်း လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းကမ်းချက်တွေ ဖြေလျှော့ပေး ခဲ့တဲ့အတွက် မေ ၂၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဂျိုကိုဗစ်အနေနဲ့ ပါဝင်ယှဉ်ပြိုင် ကစားခွင့်ရရှိဖို့ရှိနေတာ ဖြစ်ပါတယ်။

ငွေကြယ်