ပွင့်ဖြူမြို့နယ်တွင် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်း မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ပွင့်ဖြူ ၊ ၃ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ် အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ကျေးရွာအုပ်စု (၂၀)ရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်လယ်မြေများတွင်  (CERP) အစီအစဉ်ဖြင့် ဧရာမင်းမိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သီးနှံစိုက်ခင်းများအလိုက် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်း အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်  ဒုတိယဦးစီးမှူးများနှင့် တောင်သူပညာပေး ရှေ့တန်းစခန်းရုံးတာဝန်ခံ ဝန်ထမ်းများအဖွဲ့က (Field Inspection) ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် မျိုးသန့်မျိုးစေ့များရရှိရေးအတွက် စပါးပင်အပင်ပွားစည်းချိန် ၊ အနှံထွက် ပန်းပွင့်ချိန်နှင့် စပါးနှံများ ရင့်မှည့်ချိန်ကာလတို့တွင် မျိုးကွဲနုတ်ပယ်ရမည်ဖြစ်ပြီး စပါးသက်တမ်းတစ်လျှောက် စိုက်ခင်းကို အမြဲမပျက် ကွင်းဆင်းစစ်ဆေးကာ မျိုးကွဲပင် ၊ ကောက်လေပင် ၊ မြက်သီးနှင့် ဆန်နီစပါးရိုင်းပင်များကို တွေ့ရှိသည့်နှင့် ချက်ချင်း နုတ်ပယ်ပစ်ခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ စနစ်တကျ ဆောင်ရွက်မှသာ အရည်အသွေးကောင်းမွန်သော မျိုးသန့်မျိုးစေ့ထုတ်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှိုင်မြင့်က ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများကို ကျေးရွာအုပ်စု (၂၀)၊ ကျေးရွာပေါင်း(၅၄)ရွာတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း၊ တောင်သူများ စိုက်ပျိုးထားရှိသည့် ဧရာမင်း မိုးစပါး မျိုးစေ့ထုတ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးနှံအထွက်နှုန်းနှင့် သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် တောင်သူပညာပေး ရှေ့တန်း စခန်းတာဝန်ခံများ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင်(ညောင်ဦး)