ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ဓာတ်အားသုံးစွဲမှုယူနစ် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေး အသိပေးဆွေးနွေး

ပွင့်ဖြူ ၁ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်မီးရယူသုံးစွဲရာတွင် ဓာတ်အားသုံးစွဲမှုယူနစ် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မီတာဖတ်စာရေးဝန်ထမ်းများအား အသိပေးဆွေးနွေးခြင်းကို ဇွန် ၁ ရက် နံနက် ၈ နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပေးဆွေးနွေး ပြောကြားရာတွင် ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်က မီတာဖတ်စာရေးဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်း ဓာတ်အားသုံးစွဲမှုယူနစ်များ ပပျောက်မှုမရှိစေရန်နှင့် တိကျမှန်ကန်စွာ ကောက်ယူရရှိနိုင်ရေးအတွက် တစ်အိမ်တက်ဆင်း မီတာဖတ်ရှုရာ၌ ပြည်သူလူထုနှင့်အတူ မှန်ကန်သော မီတာယူနစ်များ အတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလဖြစ်၍ ရောဂါကူးစက်မှုမဖြစ်စေရန် ဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ် PPE ဝတ်စုံများ၊ လက်အိတ်များ၊ နှာခေါင်းစည်းများ စနစ်တကျ ဝတ်ဆင်၍ မီတာယူနစ်ကောက်ယူခြင်းများကို လိုက်နာဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

mdn

 

ထို့နောက် ဝန်ထမ်းများက မြို့နယ်အတွင်း မီတာယူနစ်များ လိုက်လံဖတ်ရှုကောက်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)