ပွင့်ဖြူမြို့နယ်၌ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ၂၄ ဇွန်       

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ် ကျေးရွာအုပ်စုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင် ရှေ့တန်းစခန်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပြသပေးမည့် ဘာသာရပ်ဆိုင်ရာများ၊ သင်တန်းပြီးစီးဆုံးပါက ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် စနစ်တကျ မွေးမြူနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ မှ သင်တန်းသား ၂၀ တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် ကျွဲ၊ နွား မွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် ဘဲမွေးမြူရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီး စနစ်တကျမွေးမြူနည်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ကုသနည်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်သန့်ဇော်ထွေး ဦးဆောင်၍ ဝန်ထမ်းများက စာတွေ့လက်တွေ့ စနစ်တကျပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်အား ဇွန် ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)