ပွင့်ဖြူမြို့နယ်၌ အမျိုးသား(၃)ဦး အနံ့မရရှိသဖြင့် RDT (Test Kits)ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုး တွေ့ရှိ

ပွင့်ဖြူ    ဇွန်      ၃၀ 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဇွန် ၃၀ ရက်၊ ယနေ့ နံနက်ပိုင်းက အနံ့မရရှိသူအမျိုးသား(၃)ဦးအား RDT (Test Kits)ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။ 

အဆိုပါ ကိုဗစ်ပိုး တွေ့ရှိသူ အမျိုးသား(၃)ဦးမှာ ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာနေသူ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ ထားသူနှင့် ထိစပ်မှုရှိသူ (၈)ဦးအား စစ်ဆေးရာ၌ အမျိုးသားနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ကျန်တစ်ဦးမှာ ပွင့်ဖြူမြို့နယ် အနောက်ကိုင်းကျေးရွာမှ အသက် (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်ကြောင်း သိရကာ ယနေ့ နံနက်ပိုင်းက ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိသူများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆေးကုသဆောင်တွင် သီးခြားထားရှိပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ယနေ့ အထိ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိသူ(၄)ဦး ရှိပြီဖြစ်ကာ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်တွင် လိုအပ်သောကျန်းမာရေးဆေးကုသမှုများ စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိရောက်စွာ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အသံချဲ့စက်ဖြင့် လှည့်လည်သတိပေးနှိုးဆော်ခြင်းနှင့် ပြည်သူများ အပြင်သွားလာသည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်းနှင့် မျက်နှာအကာ (Face Shield) မဖြစ်မနေ တပ်ဆင်သွာလာရေး Mask Campaign အသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ပြန်/ဆက်)