ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ လယ်မြေဧက ၇၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ပေး

ပွင့်ဖြူ ဇူလိုင် ၂၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁ ဒသမ ၁ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်ပေ ၁ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု တစ်ပေ ၉ လက်မ၊ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်း အမျိုးအစားဖြစ်ကြောင်း၊ ဇွန် ၁၈ ရက်က စတင်၍ တင်ဒါအောင်မြင်သည့် တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုမှာ ၂၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ 

 

ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အကျိုးပြုအိမ်ခြေ ၇၉၀ ရှိ လူဦးရေ ၃၆၃၉ ဦး၏ စိုက်ပျိုးလယ်မြေဧက ၇၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်သည်။   

 

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)