ပြင်ညောင်ကျေးရွာရှိ အပါချီဘိလပ်မြေစက်ရုံဝန်းအတွင်းမှ ကြေးပြားနှင့် ကြေးကြိုး ခိုးယူသူများအား ဖမ်းဆီးအရေးယူ

ယင်းမာပင်   ၁၉  သြဂုတ်

ယင်းမာပင်မြို့နယ် ပြင်ညောင်ကျေးရွာရှိ အပါချီ ဘိလပ်မြေစက်ရုံဝန်းအတွင်းမှ လျှပ်စစ်သွယ်တန်းရာတွင် အသုံးပြုသော ကြေးပြားနှင့် ကြေးကြိုး ၃၃၈ ပေ (ခန့်မှန်းကာလတန်ဖိုး ငွေကျပ် ၁၀၉ သိန်းဖိုးခန့်) ခိုးယူသူများအား သြဂုတ် ၁၆ ရက်တွင် ဖမ်းဆီးအရေးယူထားကြောင်း ယင်းမာပင်နယ်မြေရဲစခန်းမှ သိရသည်။

 

60

 

ဖြစ်စဉ်မှာ ယင်းမာပင်မြို့နယ် ပြင်ညောင်ကျေးရွာရှိ အပါချီဘိလပ်မြေစက်ရုံတွင် ကြေးကြိုးများ ခိုးယူသူအား ဖမ်းဆီးရမိကြောင်း အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ပြင်ညောင်ကျေးရွာနေ ကိုကိုနိုင်(ခ) ရန်နိုင်ဦးအား လျှပ်စစ်မီး သွယ်တန်းရာတွင် အသုံးပြုသည့် Cable Cover ပါရှိသည့် ကြေးကြိုးများနှင့် Cable Cover ခွာထားသည့် ကြေးကြိုး စုစုပေါင်း ၃၃၈ ပေ (ခန့်မှန်းကာလတန်ဖိုး ငွေကျပ် ၁၀၉ သိန်းဖိုးခန့်)နှင့်အတူ တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ အဆောက်အဦးအမှတ် (၈၀၁) လျှပ်စစ်ရုံးခန်း အပြင်ဘက်တွင်ထားရှိသော Height Voltage Cable ကြေးကြိုးလုံးခွေများမှ ခိုးယူထားကြောင်း သိရသဖြင့် စက်ရုံ လုံခြုံရေးအရာရှိ ဦးအောင်တိုးဝင်းမှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အား ယင်းမာပင် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူပြီး တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းရာ ကိုကိုနိုင်(ခ) ရန်နိုင်ဦးမှ ၄င်းနှင့် တစ်ရွာထဲနေ ကိုဝင်းလှိုင်၊ မောင်လေးလေးဝင်းတို့နှင့်အတူ ခိုးယူခဲ့ပြီး ခိုးယူထားသော ပစ္စည်းများအား ပြင်ညောင်ကျေးရွာရှိ ပစ္စည်းအဟောင်း အရောင်းအဝယ်ပြုလုပ်သူ ကိုဇော်မိုး (၂၉)နှစ်ထံ သွားရောက် ရောင်းချကြောင်း ထွက်ဆိုခဲ့သည်။

ကိုကိုနိုင်(ခ) ရန်နိုင်ဦး၏ ထွက်ဆိုချက်အရ ကိုဝင်းလှိုင်နှင့် မောင်လေးလေးဝင်းတို့အား သွားရောက်ဖမ်းဆီးခဲ့ရာ ကိုဝင်းလှိုင်အား ဖမ်းမိပြီး မောင်လေးလေးဝင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ပစ္စည်းအဟောင်းဝယ်ယူသူ ကိုဇော်မိုးမှ ၎င်းတို့ သုံးဦး လာရောက်ရောင်းချထားသော ကြေးကြိုးကြေးပြား အပိုင်းအစများကို သက်သေများရှေ့တွင် လာရောက် အပ်နှံထားကြောင်း ယင်းမာပင်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါအမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ မောင်လေးလေးဝင်းအား ဖမ်းဆီးအရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘိုဘို(မလှိုင်)