ပင်လယ်ငါးဖမ်းလုပ်သားများဘဝစနစ်တကျနှင့် အာမခံချက်ရကြစေဖို့

နေပြည်တော် ၁၀ ဇူလိုင်

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သော်လည်း လူကုန်ကူးမှုများမှာ စဉ်ဆက်မပြတ် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ၂၀၁၈ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းသို့ဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်းမှာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ လူနေမှုဘဝအခြေအနေများကြောင့် ဖြစ်သည်ဟုလည်း ဆိုထားသည်။ လူကုန်ကူးမှုဟုဆိုရာတွင် အိမ်နီးချင်းနိုင်ငံများသို့ လည်းကောင်း၊ ပြည်တွင်း၌ပင်လည်းကောင်း လူကုန်ကူးမှုများ ဖြစ်ပွားနေကြောင်း၊ လူကုန်ကူးခံရမှုဖြစ်စဉ်များတွင် အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း စသော ပုံစံ (၅)မျိုးအပြင် ထူးခြားမှုခင်းအဖြစ် အဓမ္မ အငှားကိုယ်ဝန်ဆောင် ခံရမှုကိုလည်းတွေ့ရကြောင်း အဆိုပါ အစီရင်ခံစာအရ သိရှိရသည်။

လူကုန်ကူးမှုဟူသည် “ခေါင်းပုံဖြတ်ခြင်းပြုရန်” အတွက် လူများကို သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့ ပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ရာတွင် လူကုန်ကူး ခံရသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ-ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သော သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေးသို့မဟုတ် အကျိုးအမြတ်ကို ပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း များ အကျုံးဝင်သည်။

၂၀၁၈ ခုနှစ်အတွင်း အဓမ္မလက်ထပ်ထိမ်းမြားမှု ၁၅၅ မှု၊ အဓမ္မ ပြည့်တန်ဆာပြုမှု ၂၈ မှု၊ အဓမ္မစေခိုင်းမှု ၁၈ မှု၊ အဓမ္မမွေးစားမှု တစ်မှု၊ အဓမ္မ အငှားကိုယ်ဝန်ဆောင်မှု လေးမှုဖြစ်ပွားခဲ့ကြောင်းနှင့် လူကုန်ကူး ခံရသူ စုစုပေါင်း၏ ၁၁ ဒသမ ၉၉ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ပြီး ၈၈ ဒသမ ဝ၁ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်းလည်း လေ့လာ သိရှိရသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ ရေလုပ်ငန်းများနှင့် မြန်မာ့ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများအတွင်း ရေလုပ်သားများအဖြစ် လုပ်ကိုင်ခြင်းမှတစ်ဆင့် လူကုန်ကူးခံရခြင်းမှ တားဆီးနိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာနက လူကုန်ကူးမှု  တိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅) နှစ် စီမံကိန်း၏ လုပ်ငန်းစီမံချက်များတွင် ပူးပေါင်းပါဝင်နိုင်ရန် အကောင်အထည် ဖော်နေကြောင်းလည်း သိရှိရသည်။

တစ်ပြိုင်တည်းမှာပင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ဆက်စပ်နေသည့် ကမ်းနီးကမ်းဝေး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် ရေလုပ်သားများ အဓမ္မခိုင်းစေခံရမှု၊ လုပ်အားခေါင်းပုံဖြတ်မှု၊ ထိုက်သင့်သည့် လုပ်ခလစာမရရှိမှု၊ လူမှုဖူလုံရေးဆိုင်ရာ ခံစားခွင့်များမရရှိမှု၊ ညှဉ်းပန်း နှိပ်စက်ခံရမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း သတင်းများကို သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရှိနေရသည်။ စာရင်းဇယားတစ်ရပ်အရ မြန်မာနိုင်ငံ၏ ရေချိုရေငန်ငါး လုပ်ငန်းများတွင် အချိန်ပြည့်၊ အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်နေသူ ၃၂ သိန်းကျော်ရှိနေပြီး ယင်းအနက် ၅၇ ရာခိုင်နှုန်းသည် ရေချိုငါးလုပ်ငန်းတွင် လည်းကောင်း၊ ၄၃ ရာခိုင်နှုန်းသည် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွင်လည်းကောင်း လုပ်ကိုင်နေကြသည်ဟု ဆိုထားရာ လျစ်လျူရှုထားရန် မသင့်သည့် အခြေအနေတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုရပေမည်။

မိမိတို့၏ အိမ်နီးချင်းနိုင်ငံတစ်ခုမှ ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၎င်းနိုင်ငံ၏ နာမည်တွင် အမည်းစက်များ စွန်းထင်းခဲ့ရသည့် သာဓကကို သင်ခန်းစာယူ၍ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းများတွင် အလားတူအဖြစ်မျိုး မဖြစ်ရအောင် တားဆီးနိုင်ပါ စေကြောင်း။

မြန်မာ့အလင်း