ပင်လယ်ကြီးကို အော်ပြောလိုက်တယ်

 

မြင့်ထွေး(ဟိုတယ်/ခရီး)

 

အမွှမ်းတင်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ရောက်ရှိသည့် ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုအား 5S ဖြင့် အမွှမ်းတင်ခဲ့ကြသည်ကို ကွယ်လွန်သူ ဆရာ ဦးခင်ကျော်ထံမှ သင်ကြားခဲ့ရသည်။ ပထမ S မှာ Sea ဖြစ်ပြီး ဒုတိယ S မှာ Sun ဖြစ်သည်။ တတိယ S မှာ Snow ဖြစ်ပြီး စတုတ္ထ S မှာ Sand ဖြစ်သည်။ နောက်ဆုံး S မှာ Smile ဖြစ်သည်။

 

နိုင်ငံအချို့မှာ အဆိုပါ 5 S နှင့် ပြည့်စုံမှုမရှိသော်လည်း ဖန်တီးမှုများဖြင့် ဆွဲဆောင်နိုင်ကြသည်ကို တွေ့ရသည်။ ဒေသတွင်းနိုင်ငံအချို့တွင် နှင်းခဲဖုံးလွှမ်းသောဒေသ၊ ရေခဲဖုံးလွှမ်းသောတောင်များ မရှိသော်လည်း နိုင်ငံတကာခရီးသွားများ သန်းချီ ဝင်ရောက်လည်ပတ်လျက်ရှိသည်။ ပင်လယ်မရှိသော ကုန်းတွင်းပိတ်နိုင်ငံသည်ပင် ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုမှာ အတော်ခရီး ရောက်နေသည်ကိုတွေ့ရသည်။ နေရောင်ခြည်ရရှိမှု နည်းပါးသော၊ တစ်နည်းအားဖြင့် နေကို အချိန် အနည်းငယ်သာတွေ့မြင်ရသောနိုင်ငံများမှသူများသည် နေရောင်ခြည်ကို ခံယူရန်အတွက် နေကို နေ့စဉ်တွေ့မြင်ရသောဒေသများသို့ သွားရောက် လည်ပတ်ကြသည်။

 

မြန်မာနိုင်ငံ၌ ပင်လယ်ရှိသည်၊ နေရှိသည်၊ နှင်းခဲဖုံးလွှမ်းသောတောင်များရှိသည်။ ဖြူလွသော သဲသောင် ကမ်းခြေများရှိသည်။ ဖော်ရွေသည့် ပြုံးအလှပိုင်ရှင်များရှိသည်။ သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် စွဲမက်ဖွယ်ခရီးသွားအရင်း အမြစ်ရတနာများရှိသော်လည်း မိမိတို့အပြည့်အဝ အသုံးမပြုနိုင်သေးသည်ကို အားမလိုအားမရဖြစ်မိသည်။ ကမ္ဘာ့အဆင့်ဝင် ပင်လယ်ကမ်းခြေတစ်ခု၏ ဂုဏ်ဒြပ်တွင် သဲဖြူခြင်း၊ ရေကြည်ခြင်း၊ ကမ်းခြေ ရှည်လျားကျယ်ပြန့်ခြင်း၊ ကမ်းခြေဆင်ခြေလျှော ပြေပြစ်ခြင်း၊ နေဝင်၊ နေထွက် ကြည့်ရှုနိုင်ခြင်း၊ သဘာဝအတိုင်း တည်ရှိခြင်း၊ သန့်ရှင်းသာယာလှပ ခြင်းတို့ရှိနေမှသာ ပြည့်စုံလှပသောကမ်းခြေတစ်ခုအဖြစ် အသိအမှတ်ပြုကြသည်။ ဤဝိသေသ၊ ဂုဏ်ဒြပ်များနှင့်ပြည့်စုံသော ပင်လယ်ကမ်းခြေများ မြန်မာနိုင်ငံတွင် ရှိနေသည်။

 

လည်ပတ်နိုင်သောကမ်းခြေ

 

မြန်မာနိုင်ငံ၏ ကမ်းခြေအလျား ၁၃၈၅ မိုင်နှင့် ကျွန်းပေါင်း ၈၀၀ ကျော်တွင် ဤသို့ ဂုဏ်ဒြပ်နှင့် ပြည့်စုံသည့် သာယာလှပသောပင်လယ်ကမ်းခြေ များ၊ ကျွန်းကမ်းခြေများ များစွာရှိနေသည်။ ထင်ရှား သောကမ်းခြေများရှိသကဲ့သို့ တိမ်မြုပ်ပုန်းအောင်း နေသော ကမ်းခြေများလည်းရှိသည်။ မည်သို့ပင် ဆိုစေ ကမ်းခြေများ၏ သာယာလှပမှုများကို ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုလည်ပတ်နိုင်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အမိန့် ကြော်ငြာစာအမှတ် ၁/၂၀၁၅ ဖြင့် ပြည်တွင်းပြည်ပ ဧည့်သည်များလည်ပတ်နိုင်သော ခရီးစဉ်ဒေသများ အဖြစ် စက်စဲကမ်းခြေ၊ လက်ခုပ်ကုန်းကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ မောင်းမကန်ကမ်းခြေ၊ ကမ်းသာယာကမ်းခြေ၊ ငပလီကမ်းခြေဟူသည့် ကမ်းခြေခုနစ်ခုကို သတ်မှတ်ကြေညာခဲ့သည်။

 

တစ်ဆက်တည်းပင် အဆိုပါကမ်းခြေများ၏ သဘာဝအလှအပများ ပျက်စီးမှုမရှိစေရန် အမိန့် ကြော်ငြာစာအမှတ် ၂/၂၀၁၅ ဖြင့် ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာ ဆောင်ရွက်ရန်အမိန့်ကို ထုတ်ပြန်၍ ကမ်းခြေ၏သန့်ရှင်းသာယာလှပမှုများနှင့် အရည်အသွေးများ ကျဆင်းမှုမရှိစေရန် ထိန်းသိမ်းကြီးကြပ်ခဲ့သည်။

 

တိမ်မြုပ်နေသောကမ်းခြေများ

 

ထိုအချိန်က ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လည်ပတ်အပန်းဖြေမှုအများဆုံးနှင့် ထင်ပေါ် သောကမ်းခြေများကိုသာ သတ်မှတ်ခဲ့သော်လည်း အောက်မြန်မာပြည်တာဝန်ခံအဖြစ် တာဝန် ထမ်းဆောင်စဉ်ကာလက သဘာဝအတိုင်းပကတိ လှပပြီး တိမ်မြုပ်နေသောကမ်းခြေများရှိနေသည် ကို တွေ့ရှိလာရသည့်အတွက် ပင်လယ်ကမ်းခြေ နှင့်သက်ဆိုင်သော ဒေသတာဝန်ခံများ၏ အကူအညီ ဖြင့် ပြည်တွင်းပြည်ပဧည့်သည်များလည်ပတ်နိုင်သော ကမ်းခြေခရီးစဉ်ဒေသများအဖြစ် ထပ်မံ သတ်မှတ်သင့်သော ကမ်းခြေများကို အသေးစိတ် လေ့လာစုစည်းခဲ့သည်။

 

ဒေသတာဝန်ခံတို့၏ တင်ပြချက်အရ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ညောပြင်ရွာရှိ ဖိုးဖိုးကျောက်ကမ်းခြေ၊ မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့အနီး ကဗျာဝကျေးရွာရှိ ကဗျာဝကမ်းခြေ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင် ယံမြို့အနီးရှိ ရွှေသောင်ယံကမ်းခြေ၊ ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့အနီးရှိ ဂေါ်ရန်ဂျီကမ်းခြေ၊ ရခိုင်ပြည်နယ် ဂွမြို့နယ် ရှိ ချမ်းသာကမ်းခြေ၊ ရခိုင်ပြည်နယ် မာန်အောင် မြို့နယ် ကအီးရွာရှိ ကအီးကမ်းခြေ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းပြင်ရွာရှိ မင်းပြင်ကမ်းခြေ စသည့်ကမ်းခြေခုနစ်ခုတို့သည် နိုင်ငံတကာအဆင့်မီ ကမ်းခြေများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ သို့အတွက် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၅ ဖြင့် ထုတ်ပြန်ကြော်ငြာခဲ့သော ကမ်းခြေခုနစ်ခုအပြင် ထပ်မံသတ်မှတ်သင့်သော ကမ်းခြေခုနစ်ခုကိုလည်း လည်ပတ်နိုင်သောကမ်းခြေများအဖြစ် အမိန့် ကြော်ငြာစာထုတ်ပြန်ကာ ကမ်းခြေသာယာလှပမှု များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက် တင်ပြဆောင်ရွက်ခဲ့သည်။ သို့သော် အခြေ အနေအကြောင်းကြောင်းကြောင့် သတ်မှတ် ထုတ်ပြန်နိုင်မှုမရှိခဲ့ပေ။

 

ဖိုးဖိုးကျောက်ကမ်းခြေ

 

ဖိုးဖိုးကျောက်ကမ်းခြေသည် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၄၆ မိုင်ခန့် ကွာဝေးပြီး လောင်းလုံးမြို့နယ်အတွင်း တည်ရှိသည်။ ကမ်းခြေ အလျား ၂ ဒသမ ၃၄ မိုင်ခန့် ရှည်လျားပြီး ကမ်းခြေ အနံ ပေ ၈၂၀ ခန့် ကျယ်ဝန်းသည်။ ကမ်းခြေမှ ပင်လယ်အတွင်း လျှောက်လှမ်းနိုင်သည့် အကွာ အဝေးမှာ ပေ ၁၆၀ ခန့်မှ ပေ ၂၆၀ ခန့်အထိရှိသည်။ ကြည်လင်စိမ်းမြသောရေပြင်နှင့် လိုက်ဖက်ညီသော ဖြူနုဖွေးလွသည့် သဲသောင်ပြင်ကြောင့် လောင်းလုံးမြို့နယ်အတွင်း အလှဆုံးကမ်းခြေဖြစ်သည်။

 

ကမ်းခြေသဲသောင်ခုံပေါ်တွင် ဂွေးသီးပုံကျောက်တုံးသုံးတုံးရှိပြီး ထားဝယ်စကားဖြင့် ဖောဖောကလောက် (ဂွေးသီးကျောက်) မှ မြန်မာ အသံဖြင့် ဖိုးဖိုးကျောက်ဟု ခေါ်စမှတ်ပြုလာကြခြင်း ဖြစ်သည်။ ကမ်းခြေတွင် စားသောက်ဆိုင် ၂၀ ခန့် ရှိပြီး ဟိုတယ်၊ တည်းခိုခန်းများမရှိသေးချေ။ ၂၀၁၉ ခုနှစ်က ပြည်ပဧည့်သည် ၅၀၀၀ ခန့်နှင့် ပြည်တွင်း ဧည့်သည် ၂၀၀၀၀၀ ကျော်ခန့် လာရောက်လည်ပတ်ခဲ့ကြသည်။ ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များ ရှိသည်။ ဖြူလွသော သဲသောင်ပြင်မှာ ပေါင်ဒါမှုန့်ဖြူးထားသကဲ့သို့ရှိနေပြီး လမ်းလျှောက်သည့်အခါ တိုင်း ခြေဖဝါးနှင့် သဲဖြူနုတို့၏ ထိတွေ့ပွတ်တိုက်မှုက အသံပင်ထွက်သည်။ မြိတ်ခရိုင်ရှိ နတ်သမီး ရေတွင်းကျွန်း၏ သဲဖြူနုနှင့်တူသည်။ စားသောက်ဆိုင်များက ပင်လယ်ထဲမှဖမ်းယူရရှိသော ပင်လယ်စာများကို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ရောင်းချ သဖြင့် စားရသည့်အရသာထူးကဲစွာရှိလှသည်။

 

ကဗျာဝကမ်းခြေ

 

ကဗျာဝကမ်းခြေသည် မွန်ပြည်နယ် ရေးမြို့နယ် ကဗျာဝကျေးရွာတွင်ရှိသည်။ ရေးမြို့မှ ၂၂ မိုင်ခန့်အကွာတွင်ရှိသည်။ ကမ်းခြေအလျား ရှစ်မိုင်ခန့်ရှည်လျားပြီး ကမ်းခြေအနံပေ ၃၀၀ ခန့် ကျယ်ဝန်းသည်။ ကမ်းခြေမှ ပင်လယ်အတွင်းသို့ ပေ ၁၅၀ ခန့်အထိ လျှောက်လှမ်းနိုင်သည်။ ကမ်းခြေတွင် တည်းခိုခန်းနှစ်ခု၊ စားသောက်ဆိုင် ၂၆ ဆိုင်၊ အကင်ဆိုင် ၁၂ ဆိုင်၊ အမှတ်တရပစ္စည်းဆိုင် ကိုးဆိုင်ရှိသည်။ ၂၀၁၈ ခုနှစ်က ပြည်ပဧည့်သည် ၇၁၇ ဦး၊ ပြည်တွင်းဧည့်သည် ၆၈၉၉ ဦး လာရောက် လည်ပတ်ခဲ့သည်။ အပန်းဖြေရေကူးခြင်း၊ ဒေသ အစားအစာစားခြင်းအပြင် ငါးလုပ်ငန်း၊ ကျောက် ပုစွန်လုပ်ငန်းများကို လေ့လာနိုင်သည်။

 

ရွှေသောင်ယံကမ်းခြေ

 

ရွှေသောင်ယံကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့အနီးတွင် တည်ရှိပြီး ပုသိမ်မြို့မှ ၄၈ မိုင်ခန့်ကွာဝေးသည်။ ကမ်းခြေအလျား ရှစ်မိုင်ခန့် ရှည်လျားပြီး ကမ်းခြေ အနံပေ ၁၅၈ ပေခန့်ကျယ်ဝန်းသည်။ ကမ်းခြေမှ ပင်လယ်အတွင်းသို့ ပေ ၁၀၀ ခန့်အထိ လျှောက်လှမ်း နိုင်သည်။ ကြည်လင်စိမ်းပြာသောရေနှင့် လိုက်ဖက် စွာ သဲဖြူအမျိုးအစားကြောင့် ဟိုတယ်လုပ်ငန်းများ အချိန်တိုအတွင်း တိုးတက်လာသည်ကို တွေ့ရသည်။ ၂၀၁၉ ခုနှစ်တွင် ပြည်ပဧည့်သည် ၄၆၆ ဦး၊ ပြည်တွင်းဧည့်သည် ၂၆၆၆ ဦး လာရောက်လည်ပတ်ခဲ့သည်။ ယခင်က သွားလာမှုခက်ခဲသော်လည်း ယခုအခါ ရွှေသောင်ယံတံတား တည်ဆောက်ပြီးစီး၍ သွားလာလည်ပတ်မှုများပြားလာပြီး ဟိုတယ် ခုနစ်လုံးအထိ တိုးတက်လာပြီဖြစ်သည်။

 

ဂေါ်ရန်ဂျီကမ်းခြေ

 

ဂေါ်ရန်ဂျီကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဂေါ်ရန်ဂျီကျွန်းဒေသ တွင် တည်ရှိသည်။ ပုသိမ်မှ ၇၆ ဒသမ ၅ မိုင်ခန့် ကွာဝေးသည်။ ကမ်းခြေအလျား ခြောက်မိုင်ခန့် ရှည်လျားပြီး ကမ်းခြေအနံ ၁၀၅ ပေခန့် ကျယ်ဝန်း သည်။ ကမ်းခြေမှ ပင်လယ်အတွင်းသို့ ပေ ၂၀၀ ခန့် လျှောက်လှမ်းနိုင်သည်။ ဂေါ်ရန်ဂျီကျွန်း၏ ထူးခြားချက်မှာ ကြည်လင်သန့်ရှင်းသောရေပြင်နှင့် သန္တာကျောက်တန်းအလှများ၊ သဘာဝ ကျောက်ဆောင်များက လာရောက်သူများအပေါ် ဆွဲဆောင်မှုများဖြစ်စေပြီး နေဝင်ဆည်းဆာအလှနှင့် သဘာဝအလှများကို ပေါင်းစပ်ခံစားကြည့်ရှုနိုင် သည်။ ဟိုတယ်တစ်လုံး၊ တည်းခိုရိပ်သာ ခြောက်လုံး၊ ဆောင်ရွက်ဆဲတည်းခိုခန်း ၄၆ လုံးရှိပြီး ၂၀၁၈ ခုနှစ်က ပြည်ပဧည့်သည် ၆၉၆၄၅ ဦးနှင့် ပြည်တွင်း ဧည့်သည် ၉၆၉ ဦး လာရောက်လည်ပတ်ခဲ့သည်။

 

ချမ်းသာကမ်းခြေ

 

ချမ်းသာကမ်းခြေသည် ရခိုင်ပြည်နယ် ဂွမြို့နယ် ချမ်းသာကျေးရွာတွင် တည်ရှိသည်။ ဂွမြို့မှ ၂၅ မိုင်ခန့် ကွာဝေးပြီး ကမ်းခြေအလျားမှာ ခုနစ် မိုင်ခန့် ရှည်လျားကာ ကမ်းခြေအနံမှာ ပေ ၂၀၀ခန့် အထိ ကျယ်ဝန်းသည်။ ကမ်းခြေမှ ပင်လယ်အတွင်း သို့ ပေ ၇၀ ခန့်မှ ပေ ၁၀၀ ခန့်အထိ လျှောက်လှမ်း နိုင်သည်။ ချမ်းသာကမ်းခြေမှ ဂွကျွန်းသို့ လှေဖြင့်သွားလျှင် ၁၀ မိနစ်ခန့်ကြာသည်။ ရေကြည်လင် သန့်ရှင်းပြီး သဲဖြူသည်။ ကြည်လင်သောရေကြောင့် သန္တာကျောက်တန်းများကို မြင်တွေ့ရသည်။ ၂၀၁၈ ခုနှစ်က ပြည်ပဧည့်သည် ၅၀ နှင့် ပြည်တွင်း ဧည့်သည် ၁၅၀ လာရောက်လည်ပတ်ကြသည်။ ဟိုတယ်၊ တည်းခိုခန်း စားသောက်ဆိုင်များ မရှိသေးခြင်းကြောင့် နေ့ချင်းပြန်ခရီးစဉ်များဖြင့်သာ သွားရောက်လည်ပတ်ကြသည်။ လမ်းခရီးအခြေ အနေကြောင့် လာရောက်လည်ပတ်မှုနည်းပါး နေသဖြင့် သဘာဝအရင်းအမြစ်များ ပျက်စီးမှုမရှိ သေးသည်ကိုတွေ့ရသည်။ ရေကျချိန်တွင် သန္တာ ကျောက်တန်းများ ပေါ်ထွက်လာသဖြင့် ထိန်းသိမ်း ရန်လိုအပ်နေသည်။

 

ကအီးကမ်းခြေ

 

ကအီးကမ်းခြေသည် ရခိုင်ပြည်နယ် မာန်အောင်မြို့အနီးကျေးရွာတွင် တည်ရှိသည်။ မာန်အောင်မြို့မှ ၁၈ မိုင်ခန့်ကွာဝေးပြီး ကမ်းခြေ အလျား ၁၇ မိုင်ခန့်ရှည်လျားသည်။ ကမ်းခြေအနံမှာ ပေ ၃၀၀ မှ ပေ ၅၀၀ အထိ ကျယ်ပြန့်သည်။ ကမ်းခြေမှ ပင်လယ်အတွင်းသို့ ပေ ၁၀၀ ခန့်မှ ပေ ၂၀၀ ခန့်အထိ လျှောက်လှမ်းနိုင်သည်။ သဘာဝ အတိုင်းလှပပြီး အဝါနုရောင်သဲအမျိုးအစားဖြစ် သဖြင့် ထူးခြားလှပသည်။ လမ်းပန်းဆက်သွယ်ရေး ဝေးကွာမှုကြောင့် ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်မှုမရှိသေးသဖြင့် သန္တာကျောက်တန်းများ၊ ကျောက်ဆောင်ငယ်များ၊ ကမ်းခြေများမှာ သဘာဝ အတိုင်းတည်ရှိနေသည်။ ရှေ့လာမည့် အလားအလာ များကို မျှော်မှန်း၍ မာန်အောင်ဒေသ အများနှင့် သက်ဆိုင်သောကုမ္ပဏီမှ အိမ်ခန်းပေါင်း ၁၅၀ ကျော်ပါသော ဟိုတယ်စီမံကိန်းကို ၂၀၁၉ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

မင်းပြင်ကမ်းခြေ

 

မင်းပြင်ကမ်းခြေသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာတွင်တည်ရှိပြီး ကျောက်ဖြူမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသည်။ ကမ်းခြေအလျားမှာ ကိုးမိုင်ခန့်ရှည်လျားပြီး ကမ်းခြေအနံမှာ ပေ ၃၀၀ ခန့်မှ ပေ ၄၀၀ ခန့်အထိ ကျယ်ဝန်းသည်။ ကမ်းခြေမှ ပင်လယ်အတွင်းသို့ ပေ ၁၀၀ မှ ပေ ၂၀၀ ခန့် လျှောက်လှမ်းနိုင်သည်အထိ ဆင်ခြေလျှောပြေပြစ်သည်။ ကမ်းခြေတွင် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများ မရှိသေးသော်လည်း ကျောက်ဖြူဒေသ အထူးစီးပွားရေးဇုန်တွင် ပါဝင်သဖြင့် ဟိုတယ်ဇုန်အဖြစ် သတ်မှတ်လျာထားကြောင်းသိရသည်။

 

လမ်းခရီးဝေးကွာမှုကြောင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမရှိ သေးသော်လည်း ပုလဲအရောင်သဲသောင်ပြင်၊ ကြည်လင်စိမ်းမြသောရေ၊ သန္တာကျောက်တန်းများ နှင့် သဘာဝအလှအပများကြောင့် အထူးစီးပွားရေး ဇုန် ဖြစ်ထွန်းအောင်မြင်လာချိန်နှင့် တစ်ပြိုင်တည်း ခရီးသွားလုပ်ငန်းလည်း ယှဉ်တွဲအောင်မြင်နိုင်သည့် အလားအလာကောင်းများရှိနေသည်။ ထပ်မံတွေ့ရှိ ရပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လည်ပတ်နေသော ဤကမ်းခြေ ခုနစ်ခုမှာ နိုင်ငံ တကာအဆင့်မီသောကမ်းခြေများဖြစ်၍ ဒေသတာဝန်ရှိသူများက အချိန်မီထိန်းသိမ်းသင့်ကြောင်း အကြံပြုအပ်ပါသည်။

 

ကမ်းခြေတည်မြဲအမိန့်

 

ယခုအခါ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရန် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၅) ကို ရုပ်သိမ်း၍ ဒေသ၊ အချိန်အခါနှင့် လျော်ညီပြီး ရှင်းလင်းတိကျသော စည်းကမ်း သတ်မှတ်ချက်များပါဝင်သည့် ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရန်အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၈ ဖြင့် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါအမိန့်ကြော်ငြာစာတွင် ကမ်းခြေ၊ ကမ်းခြေဒေသ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကမ်းခြေဒေသတွင် ဟိုတယ်၊ တည်းခိုရိပ်သာများ ဆောင်ရွက်မည့် လုပ်ငန်းရှင်များ၊ ဟိုတယ်၊ တည်းခိုရိပ်သာများ တည်ဆောက်ရာ၌ လိုက်နာရမည့် စည်းကမ်းချက် များ၊ တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ဆောင်ရွက်ပါက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ကမ်းခြေဒေသတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း နှင့် အခြားဝန်ဆောင်မှုများ ဆောင်ရွက်ပါက လိုက်နာရမည့် စည်းကမ်းချက်များ၊ သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ထားရှိရမည့် အစီအမံများ၊ မီးဘေးလုံခြုံရေး ရေးဆွဲဆောင်ရွက်ထားရှိရမည့် အစီအမံများနှင့် လာရောက်တည်းခိုသော ဧည့်သည်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိရမည့် အကာအကွယ်အစီအမံများကို ပြည့်စုံစွာရေးဆွဲ ထားရှိသည်။

 

ဒေသ၊ အခြေအနေ အချိန်အခါနှင့်ကိုက်ညီစွာ တိကျသောတားမြစ်ကန့်သတ်ချက်များ ပါဝင်သည့် ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အမိန့်ကို ထုတ်ပြန် ကြေညာပြီးဖြစ်သော်လည်း ထပ်မံတွေ့ရှိရသော ကမ်းခြေခုနစ်ခုကို လည်ပတ်နိုင်သော ခရီးစဉ် ဒေသကမ်းခြေများအဖြစ် ထုတ်ပြန်ကြေညာခြင်း ဖြင့် ကမ်းခြေသဘာဝအလှအပများ ပျက်စီးမှုမရှိစေ ရန်အတွက် ကာကွယ်ထိန်းသိမ်းမှုကိုဖြစ်စေမည်ဟု ယုံကြည်ပါသည်။

 

ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှု သိပ်သည်းများပြားခြင်းသည် ခရီးသွားလုပ်ငန်း အပေါ် အကျိုးပြုသည်များရှိသကဲ့သို့ သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု များအပေါ် ထိခိုက်မှုများလည်းဖြစ်စေသည်။ အထူးသဖြင့် ပင်လယ်ကမ်းခြေကဲ့သို့ နေရာမျိုးတွင် သဲသောင်ပြင် စားသောက်ဆိုင်များမှ စည်းကမ်းမဲ့အမှိုက်များစွန့်ပစ်ခြင်း၊ သဲသောင်ပြင်ပေါ်သို့ အညစ် အကြေးများ စွန့်ပစ်ခြင်း၊ သဲသောင်ပြင်ပေါ်တွင် မီးပုံပွဲများပြုလုပ်ခြင်း၊ ကမ်းခြေရှိ ကနုကမာခွံများ၊ သန္တာကျောက်တန်းများ၊ သစ်ပင်ပန်းမန်များကို ချိုးဖဲ့ယူဆောင်ခြင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် ကန့်သတ်တားမြစ်ထားသည့် ရှားပါးရေသတ္တဝါများကို သတ်ဖြတ်စားသောက်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းကြောင့် ကမ်းခြေသဘာဝအလှကို ထိခိုက်ပျက်စီးမှုဖြစ်စေသည်။

 

ချိုသောပင်လယ်

 

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပုဂံကြောင့်လည်းကောင်း၊ သဘာဝရေဝေရေလဲ အင်းလေးကန်ကြောင့်လည်းကောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများကြောင့်လည်းကောင်း၊ ပါးကွက်ကြား ဖြင့် ချိုသာသော အပြုံးမျက်နှာကြောင့် လည်းကောင်း၊ သန့်ရှင်းသာယာလှပသော ကမ်းခြေနှင့် ကျွန်းများကြောင့်လည်းကောင်း မြန်မာနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ထင်ရှားစေပြီး အလည် အပတ်သွားသင့်သောနိုင်ငံအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု လက်ခံခဲ့ကြခြင်းဖြစ်သည်။

 

ပင်ပန်းနွမ်းနယ်မှု၊ မွန်းကျပ်မှုများအတွက် အပန်းဖြေလိုသောသူများ၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများစု၍ အပျော်ခရီးထွက်လိုသော သူများ၊ စိတ်သစ်ကိုယ်သစ် ခွန်အားသစ်၊ ပြန်လည် မွေးဖွားလိုသောသူများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ အတွက် ဆွေးနွေးလိုသူများသည် ပင်လယ်ကမ်းခြေ ကို အမိအရရွေးချယ်တတ်ကြသည်။ ပင်လယ် ကမ်းခြေ၏လွတ်လပ်မှု၊ ပွင့်လင်းမှု၊ သဘာဝတရား နှင့် တစ်သားတည်းရှိမှုများက ဆန္ဒကို ပြည့်ဝစေ သည်။ လှပသောပင်လယ်ကမ်းခြေသို့ ရောက်လာသူတိုင်းအပေါ် ထပ်ခါထပ်ခါလာရောက်ရန် ပင်လယ်က ချိုမြိန်စွာဆွဲဆောင်စေသည်။

 

၂၀၁၇ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ သီဟာနု ဆိပ်ကမ်းမြို့တွင် ပြုလုပ်သော Workshop on Tourism Promotion and Development of Quality Tourism သို့ တက်ရောက်ခဲ့စဉ်က သီဟာနု ဆိပ်ကမ်းကမ်းခြေကို ရောက်ရှိခဲ့သည်။ ကမ်းခြေ တွင် The most Beautiful Bays in the WORLD ဟု ကျောက်သားဆိုင်းဘုတ်ထုဆစ်ကာ ဝင့်ကြွားထားသည်ကို တွေ့ရသည်။ သီဟာနုကမ်းခြေထက် ပိုမိုလှပပြီး ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ ပင်လယ်ကမ်းခြေများမှာ မြန်မာနိုင်ငံတွင် ရှိနေသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနေပြီး ကမ္ဘာ့အကောင်းဆုံး ကမ်းခြေ ၁၀ ခု စာရင်းတွင်ပါဝင်သည့် ငပလီ ကမ်းခြေနှင့် ဖွံ့ဖြိုးဆဲငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေများတွင် ကမ္ဘောဒီးယား နိုင်ငံကဲ့သို့ ကမ္ဘာ့အလှဆုံးကမ်းခြေအဖြစ် ကျောက်သားကျောက်ဆစ်များ လှပစွာထုဆစ် ပုံဖော်ကာ ကမ္ပည်းရေးထိုးဝင့်ကြွားစေချင်သည်။ နိုင်ငံတကာခရီးသွားများကို ဂုဏ်ယူပြသစေချင် သည်။

 

ထို့အတူ ကမ္ဘာ့အဆင့်မီသော်လည်း တိမ်မြုပ် ပုန်းအောင်းနေသည့် ဖိုးဖိုးကျောက်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ကဗျာဝကမ်းခြေ၊ ဂေါ်ရန်ဂျီကမ်းခြေ၊ ချမ်းသာကမ်းခြေ၊ ကအီးကမ်းခြေနှင့် မင်းပြင်ကမ်းခြေတို့ကို လည်ပတ်နိုင်သောကမ်းခြေများအဖြစ် ဖော်ထုတ်မြှင့်တင်၍ နိုင်ငံသဘာဝ အလှတရားများ ပျက်စီးမှုမရှိစေရန် ဒေသအလိုက် အချိန်မီထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့် ပါကြောင်း တင်ပြလိုက်ပါသည်။