ပင်လယ်ကွေ့ကမ်းရိုးတန်း၌ အီရန်၏ မြေအောက်ဒုံးကျည်စခန်းသစ်ဖွင့်လှစ်

တီဟီရန် ၊ ၈ ဇန်နဝါရီ

အီရန်တော်လှန်ရေး အစောင့်တပ်၏ တပ်မှူးဗိုလ်ချုပ်ဟိုစိန်ဆာလာမီသည် ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက် ကြား၏ မြောက်ဘက်ဟောမုဇ်ဂန်ပြည်နယ်ရှိ ဒုံးကျည်စခန်းသစ်တစ်ခုကို ယနေ့ဖွင့်လှစ်လိုက်ကြောင်း အီရန် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနက ကြေညာသည်။

“ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရဲ့ပိုင်နက်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြားအာဏာကို ကာကွယ်စောင့်ရှောက်ရန် အင်အားပိုမိုတောင့်တင်းလာဖို့ပဲဖြစ်ပါတယ်” ဟု ဆာလာမီက မြေအောက်စခန်းရှိ ဥမင်လိုဏ်ဂူတစ်ခုမှ ရုပ်မြင်သံကြားဖြင့် ထုတ်လွှင့်သည့် မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းပြောကြားသည်။ ယနေ့ဖွင့်လှစ်သည့် ကီလိုမီတာနှင့် ချီ ရှည်လျားသော အဆိုပါ မဟာဗျူဟာမြောက်ဒုန်းကျည်စခန်းသည် အီရန် တော်လှန်ရေးအစောင့်တပ်မှ ရေတပ်၏ အလားတူ မြေအောက်စခန်းအများအပြားအနက် တစ်ခုအပါဝင်ဖြစ် လာခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုလိုက်သည်။

အဆိုပါ မြေအောက်စခန်းထဲတွင် သိုလှောင်ထားသည့်ဒုံးကျည်များသည် ကီလိုမီတာရာနှင့် ချီ ဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသလို ပစ်မှတ်တိကျပြီး ဖျက်ဆီးနိုင်မှုစွမ်းအားလည်း အလွန်မြင့်မားကြောင်း သိရသည်။ 

အကယ်၍ ရန်သူများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အီရန်အပေါ် ရန်လိုမှုဖြစ်ပေါ်လာခဲ့ပါက ရေတွက်၍ မရသော အီရန်လူငယ်အရာရှိများက ယင်းဒုံးကျည်စနစ်များကို ချက်ချင်းအသုံးပြုရန် အဆင်သင့်ရှိနေကြကြောင်း ဆာလာမီက ပြောကြားသည်။

အီရန်အစိုးရသည် အီရန်အပေါ် ရန်သူများ၏ ပြင်းပြသောဆန္ဒနှင့် လွမ်းမိုးမှုကို ကာကွယ်ရန်အတွက် ၎င်း၏ စစ်ရေးနည်းလမ်းများအား ခိုင်မာတောင့်တင်းစေခြင်းမှလွဲ၍ ဘာတစ်ခုမှ ရွေးချယ်စရာမရှိကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်၏ တပ်မှူးဗိုလ်ချုပ်ဆာလာမီက ထပ်လောင်းပြောကြားသည်။

ကိုးကား - ဆင်ဟွာ 
ဘာသာပြန် - ဂျေတီ