ပင်လုံမြို့ ပင်လုံအရှေ့ ကျေးရွာအုပ်စုရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ 

ပင်လုံ ၃ မေ 

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် သွားလာရန်ခက်ခဲပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည့် ပင်လုံအရှေ့ ကျေးရွာအုပ်စုရှိ ကျူရုံးကျေးရွာ၊ ကောင်းဆန်းကျေးရွာ၊ တာပူကျေးရွာ၊ ဝမ်လုံကျေးရွာ၊ ဝမ်အင်ကျေးရွာ၊ ပန်းတန်ကျေးရွာ ကျေးရွာ (၆) ရွာမှ အိမ်ခြေစုစုပေါင်း (၅၈) အိမ်ရှိ ပြည်သူများကို ယနေ့ မွန်းလွဲပိုင်းက စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

စားနပ်ရိက္ခာများ လှူဒါန်းပေးသည့် ပင်လုံပြည်သူလူထုကိုယ်စား ပင်လုံပရဟိတအသင်း၊ ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်း၊ ပင်လုံသွေးလှူရှင် အသင်းတို့က တစ်အိမ်ထောင်လျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကာဘော်လစ်ဆပ်ပြာခဲ (၁) ခဲ စုစုပေါင်းတန်ဖိုးငွေကျပ် (၇) သိန်းကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။


    
အဆိုပါ ကျေးရွာများအနက် ကောင်းဆန်းကျေးရွာ၊ တာပူကျေးရွာနှင့် ပန်းတန်ကျေးရွာတို့သည် ပင်လုံမြို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးသော်လည်း တောင်တက်တောင်ဆင်းလမ်းဖြစ်၍ သွားလာရန်ခက်ခဲသည့် ဒေသဖြစ်ကြောင်း သိရသည်။

 

နန်းမြင့်မြင့်ဆွေ