ပင်လုံစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေးညီလာခံ

ယခုအချိန်သည် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ရောက်ရှိရန် နီးကပ်လာချိန်ဖြစ်သည်။ ထိုသို့ လွတ်လပ်ရေးနေ့ နီးကပ်လာတိုင်း စဉ်းစားမိသောအချက်များမှာ ပြီးခဲ့သည့် ဆယ်စုနှစ် ခုနစ်ခုကျော် အတွင်း မြန်မာနိုင်ငံသည် မည်မျှတိုးတက်ခဲ့ပါသနည်း၊ မည်မျှစည်းလုံး ညီညွတ်ခဲ့ကြပါသနည်း၊ လွတ်လပ်ရေးကို ရယူပေးခဲ့ကြသော ခေါင်းဆောင်ကြီးများ၏ စိတ်ကူးမျှော်မှန်းချက်များ မည်မျှပြည့်ဝခဲ့ပြီနည်း။ ပို၍တိကျစွာ ပြောရမည်ဆိုလျှင် လွတ်လပ်ရေးခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော အခွင့်အရေးတန်းတူ၊ ကျပ်ပြည့် တင်းပြည့် ဒီမိုကရေစီ မည်မျှရရှိနေကြပြီနည်းဆိုသည်တို့ ဖြစ်သည်။ ခြုံ၍ပြောမည်ဆိုလျှင် လွတ်လပ်ရေးနေ့ နီးကပ်လာတိုင်း လွတ်လပ်ရေးဗိသုကာကြီးများ မျှော်မှန်းခဲ့သည့် စိတ်ကူးအိပ်မက်များ၊ အကောင်အထည် ဖော်လက်စ တစ်ဝက်တစ်ပျက်လုပ်ငန်းစဉ်များ မည်မျှအထိ ခရီးပေါက်ခဲ့ပြီနည်း ဆိုသည်ကို တနံ့နံ့တွေးမိကြ မည်ဖြစ်ပါသည်။

စိတ်ကူးအိပ်မက်များဟုဆိုရာတွင် အဓိကအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း မဆုတ်မနစ် ကြိုးပမ်းခဲ့သည့် တစ်နှစ်အတွင်း လွတ်လပ်ရေး အရယူရေးနှင့် မြန်မာနိုင်ငံကို ပေမီဒေါက်မီ နိုင်ငံတော်တစ်ရပ်အဖြစ် ထူထောင်ရေး အစပျိုးဆောင်ရွက်ချက်များကို ဆိုလိုခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အာဇာနည်များ လုပ်ကြံမခံရမီ ခြောက်လလောက်ကာလ အတွင်း အပြင်းအထန် ကြိုးပမ်းချက်များက မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံလောင်းပေးသော ဆောင်ရွက်ချက်များအဖြစ် တွေ့မြင်ရခြင်း ဖြစ်သည်။ ဗိုလ်ချုပ်သည် တိုင်းရင်းသားအချင်းချင်း ညီညွတ်မှု၊ တစ်မျိုးသားလုံးညီညွတ်မှုအတွက် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ မှစ၍ ခရီးပြင်းထွက်၍ စည်းရုံးဆော်ဩခဲ့သည်။ ထိုခရီးစဉ်အပြီးတွင် ဗိုလ်ချုပ်သည် မြန်မာနိုင်ငံ၏ အနာဂတ်အရေးအတွက် အရေးပါဆုံး ခရီးစဉ်တစ်ခုကို သွားခဲ့သည်။ ၎င်းမှာ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၃၀ ရက်နေ့အထိကြာသော လန်ဒန်ခရီးစဉ်ပင်ဖြစ်သည်။

ထိုခရီးစဉ်တွင်မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါဆုံးစာချုပ်ဖြစ်သည့် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့က အထွေထွေတင်ပြချက်နှင့် ဖြည့်စွက်တင်ပြချက် ဟူ၍ စာတမ်းနှစ်စောင် တင်ပြခဲ့သည်။ ထိုတင်ပြချက်နှစ်ခုစလုံးတွင် ထိုစဉ်က Frontier Areas ဟုခေါ်သော တောင်တန်းဒေသများနှင့် ပတ်သက်သည့် သဘောထားတင်ပြချက်များ အကျယ်တဝင့် ပါဝင်ခဲ့သည်။ ဒုတိယတင်ပြချက်တွင် ပါဝင်သော တောင်တန်းဒေသများနှင့် ပတ်သက်သည့်အမြင်ကို ဖော်ပြသည့် စာတစ်ပိုဒ်အား ဖော်ပြလိုသည်။ ၎င်းမှာ “ခေတ်နောက်ကျလှသည်ဟုဆိုသော မျိုးနွယ်စုများအား ဗမာများ၏အကူအညီမပါဘဲ နှစ်ပေါင်း၆၀မျှ အုပ်စိုးပြီးသောအခါ ထိုဒေသများသည် မည်သည့်တိုးတက်မှုမျှ မရှိသည်ကို တွေ့ရသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဆိုပါမျိုးနွယ်စုများကို ခေတ်နောက်ကျလှပြီး ကိုယ်ပိုင်အုပ်ချုပ်ခြင်းငှာ မစွမ်းသာဟု ဗြိတိသျှအစိုးရယူဆသကဲ့သို့ မယူဆခဲ့ပေ။ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ပြင်ပအစိုးရ တစ်ခုက ထိုဒေသများ၏ ယုံကြည်ကိုးစားမှုဆိုသော အခွင့်ထူးကိုတောင်းခံပိုင်ခွင့်မရှိဟု ခံယူသည်။ ကိုယ်စားလှယ်အဖွဲ့က အဆိုပြု လိုသည်မှာ ထိုဒေသများက မြန်မာနိုင်ငံအစိုးရအပေါ် ယုံကြည်မှုရလာ စေရန်အတွက်မဟုတ်ဘဲ ထိုဒေသများကို ဗမာများ၏ ရလတ္တံ့သော နိုင်ငံရေး အဆင့်အတန်းသို့ အစစ်အမှန်ရောက်ရှိစေဖို့အတွက် မြှင့်တင်ပေးရန်ပင်ဖြစ်သည်။ ထို့ပြင် ဗမာများအပါအဝင် အခြားသော လူမျိုး အားလုံးပိုင်ဆိုင်ရရှိမည့် နိုင်ငံအုပ်ချုပ်ရေးအတွင်း အထူးဝေစု ရှယ်ယာတစ်ခုအဖြစ် ရရှိစေမည်လည်းဖြစ်သည်”ဟု ဖြစ်သည်။

ဤသည်မှာ နောင်သီတင်းနှစ်ပတ်အကြာတွင် ချုပ်ဆိုမည့် ပင်လုံစာချုပ်ပါ အတွင်းသဘောများပင်ဖြစ်သည်။ အချက်(၉)ချက်မျှသာ ပါဝင်သော ပင်လုံစာချုပ်ဖြင့် ပြည်ထောင်စုကို အသစ်တစ်ဖန် ပြန်လည် အခြေတည်နိုင်ခဲ့ခြင်းမှာ ဗိုလ်ချုပ်၏ အထူးခြားဆုံး စွမ်းဆောင်ရည် ဟုပင် ဆိုရပါမည်။ တိုင်းရင်းသားများ၏ စုစည်းညီညာသော အင်အားဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခြင်းသည် ပင်လုံစိတ်ဓာတ်ပင် ဖြစ်ပါသည်။

ယခုမကြာသေးမီ ရက်ပိုင်းအတွင်းက အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အဆက်မပြတ် တွေ့ဆုံညှိနှိုင်းမှုများ၏ ရလဒ်အဖြစ်၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အမြင့်ဆုံးအစည်းအဝေးဖြစ်သော JICM ကို ဇန်နဝါရီလဆန်းတွင် ကျင်းပရန် သဘောတူညီခဲ့ကြသည်။ ထို JICM အစည်းအဝေးတွင် နောက်နှစ်နှစ်လယ်မတိုင်မီ ကျင်းပရန် မျှော်မှန်း ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအတွက် ဆွေးနွေးရမည့် အခြေခံအကြောင်း အရာများကို ချမှတ်နိုင်လိမ့်မည်ဟု မျှော်မှန်းရပေသည်။ ။

 

ာညေ