ပင်လည်ဘူးမြို့နယ်တွင် လျှော်ဖြူစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး လျှော်ဖြူအစေးများ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ

ပင်လည်ဘူး   ၈   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး  ပင်လည်ဘူး မြို့နယ်တွင် နှစ်ရှည်ပင် လျှော်ဖြူပင်များကို စီးပွားဖြစ် စိုက်ပျိုး ထားရှိကြရာ လျှော်ဖြူပင်များ အောင်မြင်ဖြစ်ထွန်း၍ လျှော်ဖြူအစေးများ စတင်ထုတ်ယူနေကြပြီး လျှော်ဖြူ အစေးများကို ဈေးကွက်သို့ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း လျှော်ဖြူစိုက် တောင်သူ တစ်ဦးထံမှ သိရသည်။

 

4605

 

 ‘‘ကျွန်တော်ကတော့ နှစ်ရှည်အပင် လျှော်ဖြူပင်များကို ၂၀၁၆ ခုနှစ်က စတင် စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ဧက ၃၀ ကို ထွန်ယက်ပြီး အပင် ၆၀ဝ၀ စိုက်ပျိုးထားကြောင်း၊ အခု ၃ နှစ်သား ကျော် ၄ နှစ်သား ရှိပါပြီ အပင် လုံးပတ်က ၂၀ လက်မပတ်လည်ရှိပါတယ်။ အပင်ပြုစုမှုအနေဖြင့် အပင်အားဆေးနှင့် ရွက်ဖျန်းဆေးကိုတော့ တစ်လနှစ်ကြိမ် ပြုလုပ်ဆောင်ရွက်ကြောင်း၊ ပင်ကြားကိုတော့ ၁၅ ပေပတ်လည် ပြုလုပ်စိုက်ပျိုးထားကြောင်း၊ ယခု အစေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လပိုင်းက စပြီး အပင် ၇၀ဝ လောက် စထုတ်ခဲ့ကြောင်း၊ ယခုနှစ်တွင် အပင် ၃၀ဝ၀ ခန့်ထုတ်ယူမည်ဖြစ်ကြောင်း၊ တစ်နေ့ကို လျှော်ဖြူအစေး အချိန် ၁၀ ထွက်ရှိကြောင်း၊  အစေးထွက်ရှိမှုအနေဖြင့် အဖြူရေခဲသားနှင့်ကြာဇံသား နှစ်မျိုး ထွက်ရှိ ကြောင်း၊ လျှော်ဖြူအစေးများအား ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရန်စီစဉ်ဆောင်ရွက်ထားသော်လည်း လက်ရှိ လျှော်ဖြူအစေးမှာ အခြောက်ခံ ရေခဲသား တစ်ပိဿာကို ၂၀ဝ၀ဝ ကျပ်သာ အဝယ်ရှိကြောင်း၊ ဈေးကောင်းရဖို့ လျှော်ဖြူဈေးကွက်ကိုလည်း မျှော်လင့်နေကြောင်း၊ လျှော်ဖြူအပြင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လျှော်ဖြူခင်းအတွင်း ရာသီပေါ် နှမ်း၊ မတ်ပဲ၊ ဝဉနှင့် အခြားသီးနှံများလည်း စိုက်ပျိုးထားရှိပါတယ်’’ ဟု မြေလင်ကျေးရွာမှ လျှော်ဖြူစိုက်တောင်သူ ဦးညိုစိမ့်က ပြောသည်။

 

နှစ်ရှည်လျှော်ဖြူပင်များအား စိုက်ပျိုးခြင်းခြင်းဖြင့် နေ့စဉ်ပိုမှန်ဝင်ငွေများလည်း ရရှိ၍ သဘာဝ ပတ်ဝန်းကျင်လည်း စိမ်းလန်းစိုပြေပြီး အရိပ်များလည်းရရှိကာ သစ်တောသစ်ပင်ပြုန်းတီးမှုကိုလည်း ကာကွယ်မှုရှိကြောင်း၊ ပင်လည်ဘူးမြို့နယ်တွင်  စိုက်ခင်းစိုက်ကွက်ရှိသူများအနေဖြင့် နှစ်ရှည်ပင် လျှော်ဖြူပင်များအား စိုက်ပျိုးထားသင့်ကြောင်း၊ လျှော်ဖြူစိုက်ပျိုးခြင်းဖြင့် လျှော်ဖြူအစေးများမှာ ဆေးအဖြစ်လည်း အသုံးဝင်သလို မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)